လူငယ်နှင့် ဂိမ်းစွဲလမ်းမှုပြဿနာ

မသန်းလှ(ပညာရေး)

 

ယနေ့ခေတ်သည် နည်းပညာ တိုးတက်လာနေသည်နှင့်အမျှ ကောင်းကျိုးများ များပြားစွာရှိသလို နည်းပညာ၏ ဆိုးကျိုးများစွာလည်း ရှိလာပါသည်။ ထိုဆိုးကျိုးများတွင် ဖုန်းကို အချိန်တိုင်း အသုံးပြုနိုင်ခြင်းနှင့် ဖုန်းထဲတွင် Application ပေါင်းများစွာ ထည့်သွင်းအသုံးချနိုင်ပြီး ဂိမ်းစွဲလမ်းခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

 

အထူးသဖြင့် အလွန်ငယ်သေးသော ကလေးများနှင့် ကျောင်းသားလူငယ်လေးများ ဂိမ်းစွဲလမ်းခြင်းသည် ဆိုးကျိုးများစွာကို ဖြစ်လာစေပါသည်။ လူငယ်အများစုအတွက် ကွန်ပျူတာဂိမ်း၊ ဗီဒီယိုဂိမ်း၊ လက်ကိုင်ဂိမ်းကစားခြင်းသည် နေ့စဉ်ပုံမှန်ပြုလုပ်နေကြ လုပ်ငန်းဆောင်တာတစ်ခုကဲ့သို့ ဖြစ်နေပြီး လူငယ်တချို့မှာ ဂိမ်းစွဲလမ်းမှုပြဿနာကိုပါ ရင်ဆိုင်နေကြရပြီ ဖြစ်ပါသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂိမ်းအလွန်အကျွံ စွဲလမ်းခြင်းကို ရောဂါတစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ်အတွင်းက စာရင်းသွင်းခဲ့သည်။ “တန်ဆေး၊ လွန်ဘေး” ဆိုသည့် ဆိုရိုးစကားအတိုင်း ဗီဒီယိုဂိမ်းကစားခြင်းတွင် အကောင်းအဆိုး ဒွန်တွဲနေပြီး အလွန်အကျွံ ကစားမှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

 

ယနေ့ခေတ်တွင် လူကြီး၊ လူငယ်များသာမက ကလေးငယ်များပါ ဗီဒီယိုဂိမ်း ကစားလာကြသည်ကို တွေ့ရှိရသည်။ ဗီဒီယိုဂိမ်းများသည် ကလေးငယ်များကို သိမှုစွမ်းရည်များ မြှင့်တင်ပေးခြင်း၊ လက်နှင့် မျက်လုံးတို့၏ ပူးပေါင်းလုပ်ဆောင်စွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ လျင်မြန်စွာ တွေးခေါ်နိုင်ခြင်း၊ ပြဿနာ ဖြေရှင်းမှုစွမ်းရည် မြှင့်တင်ပေးခြင်းများရှိသလို ဆိုးကျိုးများစွာကိုလည်း ပေးသည်ကို တွေ့ရပါသည်။

 

ဂိမ်းစွဲလမ်းမှုအကြောင်း

 

လူတစ်ယောက် ဂိမ်းစွဲလမ်းသောအခါ သူ၏ ပေါင်းသင်းဆက်ဆံရေးနှင့် ဘဝရည်မှန်းချက်များ တဖြည်းဖြည်း ပျက်ပြားလာမည် ဖြစ်ပါသည်။ သတိပြုသင့်သည့် ဂိမ်းစွဲလမ်းမှု လက္ခဏာများမှာ -

- ဂိမ်းကစားသည့် အချိန်အတိုင်းအတာ တဖြည်းဖြည်းများလာခြင်း

- အခြားလုပ်ငန်းဆောင်တာများ ဆောင်ရွက်နေစဉ် ဂိမ်းအကြောင်းတွေးမိနေခြင်း

- လက်တွေ့ဘဝတွင် ရင်ဆိုင်နေရသည့် ပြဿနာများ၊ စိုးရိမ်ပူပင်မှု၊ စိတ်ဓာတ်ကျဆင်းမှုတို့မှ လွတ်မြောက်ရန် ဂိမ်းကစားခြင်း

- ဂိမ်းကစားမှုကို ဖုံးကွယ်ရန် သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုဝင်များကို လိမ်ညာခြင်း

- ဂိမ်းကစားခြင်းကို လျှော့ချဖို့ကြိုးစားတိုင်း နေမထိထိုင်မသာဖြစ်ခြင်း စသည့် လက္ခဏာများ တွေ့ရပါမည်။

 

လူအများ ဗီဒီယိုဂိမ်းကစားရသည့် အကြောင်းအရင်းများစွာ ရှိပါသည်။ ကွန်ပျူတာနှင့် ဗီဒီယိုဂိမ်း ကစားသည့်အခါ မိမိတို့၏ ပင်ကိုမူလပုံစံနှင့် မတူကွဲပြားစွာ ပြုမူနိုင်ပါသည်။ ငြိမ်ငြိမ်သက်သက် နေတတ်သော ကလေးတစ်ယောက်သည် ရန်လို ကြမ်းတမ်း လာနိုင်သကဲ့သို့ ရှက်ကြောက်တတ်သော ကလေးတစ်ယောက်သည်လည်း ရုတ်တရက် အပေါင်းအသင်း မက်လာနိုင်ပါသည်။

 

ဒုတိယအချက်မှာ မိမိတို့၏ နေ့စဉ်ဘဝတွင် စွမ်းအားမရှိသကဲ့သို့ ခံစားနေရသည့် လူငယ်များသည် ဂိမ်းကစားခြင်းအားဖြင့် မိမိတို့စိတ်ကြိုက် ကားမောင်းနိုင်၊ ပစ်ခတ်တိုက်ခိုက်နိုင်သလို လက်တွေ့ဘဝအပေါ် သက်ရောက်မှုမရှိဘဲ ကိုယ်ပိုင် စိတ်ကူးယဉ်ကမ္ဘာထဲ ဗြောင်းဆန်အောင် ပေါက်ကွဲပစ်နိုင်သော အခွင့်အရေး အလိုအလျောက်ရရှိမည် ဖြစ်ပါသည်။

 

တတိယအချက်မှာ ဆယ်ကျော်သက် လူငယ်များအနေဖြင့် လက်တွေ့ဘဝတွင် မိတ်ဆွေအပေါင်း အသင်းဖွဲ့ရန် ခက်ခဲလာခြင်းပင် ဖြစ်ပါသည်။ ဗီဒီယိုဂိမ်းများထဲတွင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံစရာမလိုဘဲ စိတ်ကူးယဉ်ကမ္ဘာထဲတွင် အလွယ်တကူ အပြန်အလှန် ဆက်သွယ်နိုင်ပါသည်။

 

ဂိမ်းစွဲလမ်းမှု လက္ခဏာများ

 

ကျောင်းမတက်ရသော အချိန်အများစုကို ကွန်ပျူတာဂိမ်း၊ ဗီဒီယိုဂိမ်းကစားပြီး ကုန်လွန်စေခြင်း၊ ကျောင်းတွင် တစ်ချိန်လုံး အိပ်ပျော်နေခြင်း၊ ကျောင်းသင်ခန်းစာများ နောက်ကျကျန်နေခြင်း၊ အဆင့်၊ ရမှတ်များ ကျဆင်းလာခြင်း၊ ဂိမ်းကစားခြင်းနှင့် ပတ်သက်ပြီး လိမ်ညာပြောဆိုခြင်း၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် တွေ့မည့်အစား ဂိမ်းကစားခြင်း၊ လူမှုရေး အသင်းအဖွဲ့ အုပ်စုများတွင် မပါဝင်တော့ခြင်း၊ ဂိမ်းမကစားရလျှင် စိတ်တိုလွယ်ခြင်း စသည့်လက္ခဏာများကို တွေ့ရပါမည်။

 

ကလေးငယ်များ ဂိမ်းစွဲလမ်းမှုကြောင့် ရရှိလာနိုင်သည့်ဆိုးကျိုးများ

 

ကလေးငယ်များသည် ဂိမ်းကစားခြင်းမှာသာ အာရုံရောက်နေသောကြောင့် ကလေးငယ်၏ ကျောင်းရှိ လုပ်ဆောင်ချက်များမှာ ကျဆင်းလာသည်ကို တွေ့ရပါသည်။ လေ့လာတွေ့ရှိချက်များမှာ ကလေးများ ဂိမ်းကစားလွန်ခြင်းသည် ဘဝ၏ အောင်မြင်မှုများကိုပါ ထိခိုက်နိုင်ကြောင်း တွေ့ရပါသည်။

 

ကလေးငယ်များသည် ပစ်ခတ်တိုက်ခိုက်နေရသော ဂိမ်းကစားခြင်းကြောင့် ကလေးငယ်များ၏ စိတ်နေစိတ်ထား အပြောင်းအလဲများကိုလည်း တွေ့လာရပါသည်။

 

ကလေးငယ်များသည် ဒေါသထွက်လွယ်ခြင်း၊ သည်းခံစိတ် နည်းပါးခြင်းနှင့် အကြမ်းဖက်လိုစိတ် ရှိခြင်းများကို လေ့လာချက်များတွင် တွေ့ရပါသည်။ ကလေးငယ်၏ လူမှုပေါင်းသင်း ဆက်ဆံရေးတွင်ပါ လွှမ်းမိုးမှုရှိသည်ကို တွေ့ရပါသည်။

 

ကလေးငယ်များ ဂိမ်းစွဲလမ်းမှုဖြစ်လာပါက မကစားရ မနေနိုင်ခြင်းကိုလည်း တွေ့လာရပါသည်။ ကလေးငယ် ဂိမ်းစွဲနေပါက နောက်ဆက်တွဲ ရောဂါများဖြစ်သည့် စိုးရိမ်စိတ်များခြင်း၊ အိပ်မပျော်ခြင်း၊ တစ်ကိုယ်တည်း အထီးကျန်ခြင်း၊ စိတ်ညှိုးနွမ်းခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါသည်။

 

ဂိမ်းအလွန်အကျွံ ကစားခြင်းကြောင့် ကလေး ငယ်များ၏ ကျန်းမာရေးအပေါ် ထိခိုက်မှုများလည်း ရှိပါသေးသည်။ ဂိမ်းကစားချိန် များပြားခြင်းကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှုမရှိသောကြောင့် ကလေးငယ်များမှာ အဝလွန်ခြင်း ဖြစ်ရပါသည်။ တစ်ခါတစ်ရံတွင် ကလေးငယ်များသည် အစားပျက်၊ အအိပ်ပျက် ဂိမ်းဆော့တတ်ကြပါသည်။ ထိုသို့ ကစားခြင်းများကြောင့် လိုအပ်သော အာဟာရဓာတ်မရရှိဘဲ ကလေးငယ်၏ အမြင်အာရုံကို ထိခိုက်ခြင်း၊ ကိုယ်ခံစွမ်းအား ကျဆင်းခြင်းများပါ ဖြစ်နိုင်သည့်အတွက် မိဘများအနေဖြင့် ကလေးငယ်များ ဂိမ်းအလွန်အကျွံဆော့ခြင်းကို တားမြစ်သင့်ပါသည်။

 

ကျန်းမာရေးပြဿနာများ

 

လူငယ်လူရွယ်များအနေဖြင့် ဂိမ်းကစားခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မျက်သားခြောက်ခြင်း၊ လက်ကောက်ဝတ် အာရုံကြောညပ်ခြင်း၊ ခါးနာခြင်း၊ လည်ပင်းနာခြင်း၊ ကောင်းမွန်စွာ မအိပ်စက်နိုင်ခြင်း၊ အစားအသောက် မမှန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို လျစ်လျူရှုခြင်း စသည့် ကျန်းမာရေးပြဿနာများကိုပါ ကြုံတွေ့ရနိုင်ပါသည်။

 

စွဲလမ်းသည့် ဂိမ်းအမျိုးအစားပေါ်မူတည်ပြီး ဖြစ်လာနိုင်သော နောက်ဆက်တွဲရလဒ်များ အမျိုးမျိုးကွဲပြားနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ၏ ပြင်းထန်မှုမှာလည်း ဂိမ်းစွဲလမ်းမှု အတိုင်းအတာနှင့် ဆက်စပ်နေပါသည်။ ကျန်းမာရေး အခံမကောင်းသူဆိုပါက ဂိမ်းစွဲလမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို စောစောစီးစီး ခံစားရနိုင်ခြေရှိသည်ကို သတိပြုသင့်ပါသည်။

 

ဂိမ်းအလွန်အကျွံကစားခြင်း၏ ရလဒ်များ

 

ကလေးငယ်များနှင့် လူငယ်လူရွယ်များ ဗီဒီယိုဂိမ်းကို အလွန်အကျွံ ကစားကြခြင်းကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ ထိခိုက်ဆုံးရှုံးမှုများ ရှိလာသည်။ ကမ္ဘာတွင် ဗီဒီယိုဂိမ်းထုတ်လုပ်သည့် လုပ်ငန်းများမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်ကြီးထွားနေပြီး ဂိမ်းအမျိုးအစားပေါင်း များစွာကို မရေမတွက်နိုင်အောင် ထုတ်လုပ်ကာ ကော်ပီအရေအတွက် ဘီလီယံပေါင်းများစွာ ကမ္ဘာတစ်ခွင်သို့ ရောင်းချနေကြခြင်း ဖြစ်သည်။ ယင်းအနက် သုံးပုံတစ်ပုံခန့်မှာ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုများနှင့် လှုပ်ရှားမှု၊ စွန့်စားမှုဂိမ်းများ ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ဂိမ်းများကို စွဲစွဲလမ်းလမ်း ကစားကြခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းလာပြီး ရန်လိုအကြမ်း ဖက်လာကြသည်။ တိုက်ခိုက် သတ်ဖြတ်မှုများနှင့် ယဉ်ပါးလာကြသည်ဟူ၍ ဝေဖန်သုံးသပ်မှုများလည်း ရှိလာသည်။ သုတေသနပြုချက်များအရ ဂိမ်းအလွန် အကျွံကစားသူများတွင် မလိုလားအပ်သော စွဲလမ်းမှုများနှင့် ဦးနှောက် လုပ်ဆောင်ချက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ လောင်းကစားစွဲခြင်း၊ အရက်စွဲခြင်း၊ မူးယစ်ဆေးစွဲခြင်း တို့ကဲ့သို့ပင် ဂိမ်းစွဲလမ်းခြင်းကြောင့် လူငယ် လူရွယ် အိမ်ထောင်ဖက်များ ကွာရှင်းကြသည့် ဖြစ်စဉ်များစွာရှိကြောင်းလည်း သတင်းများတွင် တွေ့ရှိရသည်။

 

ဂိမ်းစွဲလမ်းမှုကို ဖြတ်နိုင်သည့်နည်းလမ်းများ

 

ယခုနောက်ပိုင်းတွင် ဂိမ်းဆော့ရတာ ပိုလွယ်လာပါသည်။ လူတိုင်းနီးပါးတွင် ဖုန်းကိုယ်စီရှိကြသည်မို့ ဖုန်းထဲတွင် ဂိမ်းများထည့်သွင်းထားပြီး ဆော့ကြသည်။ အချိန်ကုန်သည့် ရိုးရိုးဂိမ်းများရှိသလို အချိန်ရောငွေပါကုန်သည့် လောင်းကစားဆန်ဆန် ဂိမ်းများလည်း ရှိပါသည်။

 

အဆိုပါ ဂိမ်းများကို စွဲလမ်းနေမိပြီး ငွေကုန်၊ အချိန်ကုန်၊ အိပ်ရေးပျက်၊ စီးပွားပျက်နှင့် လူကို ဒုက္ခပေးနေပြီဆိုပါက အချိန်မီဖြတ်နိုင်သည့် နည်းလမ်းများကို လုပ်ဆောင်သင့်ပါသည်။

 

(၁) ချက်ချင်းဖြတ်လိုက်တာမျိုး မလုပ်နိုင်လျှင် ဂိမ်းဆော့ချိန်ကို ဖြည်းဖြည်းချင်း လျှော့ချသွားပါ။ ကန့်သတ်ထားသော အချိန်စေ့တာနှင့် လက်စသတ်ဖို့ ကြိုးစားပါ။ မိမိကိုယ်တိုင်က မထိန်းနိုင်လျှင် မိမိအိမ်မှ အိမ်သား တစ်ယောက်ယောက်ကို အချိန်မှတ်ပေးဖို့ အကူအညီတောင်းပါ။ ငွေပေးပြီး ဆော့ရသော ဂိမ်းများဆိုလျှင်လည်း ငွေဘယ်လောက်ရှုံးလျှင် တော်ပြီဆိုပြီး ကန့်သတ်ပြီးမှ ဆော့ပါ။ ထိုကဲ့သို့ တစ်ဆင့်ချင်းစီ လျှော့ချပြီး ဖြည်းဖြည်းချင်းဖြတ်၍ ရပါသည်။

 

(၂)အချိန်အကြာကြီး ထိုင်မဆော့ပါနှင့်။ တစ်နာရီ ခြားတစ်ခါလောက် ခဏနားပါ။ အညောင်းပြေ အညာပြေလမ်းလျှောက်ပါ။ အကြောဆန့်ပါ။ ကာယလေ့ကျင့်ခန်းလုပ်ပါ။

 

(၃) ဂိမ်းအဆော့များသော အချိန်များကို မှတ်ထားပြီး ယင်းအချိန်များတွင် ဖုန်းကို (သို့မဟုတ်) ဂိမ်းစက်ကို သော့ခတ်သိမ်းထားလိုက်ပါ။ သော့ကို အိမ်သား တစ်ယောက်ယောက်ကို ပေးထားပြီး သတ်မှတ်အချိန်ရောက်မှ သော့ပြန်ပေးရန်နှင့် အချိန်မစေ့သေးဘဲ ကြားထဲတွင် သော့လာတောင်းပါက မပေးဖို့ ကြိုပြောထားပါ။

 

(၄) ဂိမ်းမဆော့ဖြစ်အောင် မိမိ၏ တစ်နေ့တာ အချိန်များကို အားလပ်ချိန်မရှိအောင် အစီအစဉ်ချထားပါ။ ကိုယ်ဝါသနာပါသော အခြားလုပ်ငန်းများ ဥပမာ- ဂစ်တာတီးခြင်း၊ ပန်းချီဆွဲခြင်း၊ ဥယျာဉ်ပန်းပျိုးခြင်း၊ ဘောလုံးကန်ခြင်းတို့ကို အချိန်ပိုပေးပါ။ ဝါသနာအသစ်များကို ရှာပါ။ ဥပမာ-  ဂစ်တာတီးတာ ဝါသနာပါပြီး မတီးတတ်သေးဘူး ဆိုပါက ဂစ်တာတီးသင်တန်းတက်ပါ။ တစ်နေ့တာလုံးတွင် ပျင်းစရာအချိန်မရှိအောင် စိတ်ဝင်စားစရာ အလုပ်များနှင့်ပြည့်နေပါက ဂိမ်းဘက်သို့ အာရုံနည်းသွားပါလိမ့်မည်။

 

(၅) တလွဲ မာနများကို လျှော့ပါ။ ဂိမ်းဆော့လျှင် ပြိုင်ဘက်ကို ရှုံးသွားခြင်း (သို့မဟုတ်) ငွေများဆုံးရှုံးသွား၍ အနိုင်ပြန်ရအောင် မာနနှင့် ထပ်ဆော့ခြင်းမျိုးကို သတိနှင့်ထိန်းပါ။ သောက်လေ သောက်လေငတ်မပြေ၊ ရှုံးလေဆော့လေ များများရှုံးလေ များများဆော့လေနှင့် သံသရာ လည်နေတတ်ပါသည်။

 

(၆) လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည်လည်း စိတ်ဖိအားများကို လျော့စေပြီး အာရုံပြောင်းစေနိုင်သည့်အတွက် ဂိမ်းစွဲခြင်းကို လျော့ကျစေပါသည်။ ဂိမ်းဆော့ချင်စိတ်ပေါက်လာတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးသည့်အနေနှင့် ထပြေးတာမျိုး၊ ဒိုက်ထိုးတာမျိုးလုပ်ပါ။ သို့မဟုတ် စိတ်ပြောင်းသွားအောင် ရေချိုးလိုက်ပါ။ သွားတိုက်လိုက်ပါ။

 

(၇) ဂိမ်းဆော့ချင်စိတ် ပေါက်လာတိုင်း စိတ်ကို ငြိမ်ငြိမ်ထားပြီး တရားထိုင်ပါ။ ဖြစ်ပေါ်လာသော ဂိမ်းကစားချင်စိတ်များကို သတိနှင့် စောင့်ကြည့်ပြီး ပေါ်လာသောစိတ်များကို တဏှာလား၊ လောဘလား၊ ဒေါသလား ခွဲခြမ်းစိတ်ဖြာပြီး ရှုမှတ်ပါ။

 

(၈) လောင်းကစားဂိမ်းများကို မဆော့ခင် မျက်လုံးကို မှိတ်ပြီး ယခုလို ဆက်ဆော့နေရင်း စည်းစိမ်ပြုတ်သွားလျှင်၊ ကြွေးသံသရာထဲ ရောက်သွားလျှင် ဖြစ်လာနိုင်မည့် အဆိုးရွားဆုံးဒုက္ခများကို မြင်ယောင်ကြည့်ပါ။ သူတောင်းစားပဲဖြစ်မလား၊ ကြွေးရှင်နှိပ်စက်၍ ဒုက္ခိတပဲဖြစ်မလား၊ မိသားစု ဆွေမျိုးများ၏ စွန့်ပယ်မှုကိုခံရမလား စသည်ဖြင့် မြင်ယောင်ကြည့်ပါ။

 

(၉) ငွေထည့်ပြီးမှ ဆော့လို့ရ​သော ဂိမ်းများအတွက် လွယ်လွယ်ကူကူ ငွေထည့်၍ မရအောင် စီစဉ်ထားပါ။ ဘဏ်ကတ်များကို သော့ခတ်ထားပါ။ password (စကားဝှက်) ဖြင့် ငွေသွင်းရမည်ဆို လျှင် စိတ်ချရသည့် အိမ်သားတစ်ယောက်ကို ကိုယ်မသိနိုင်သည့် password အသစ်တစ်ခု ပြောင်းခိုင်းထားလိုက်ပါ။

 

(၁၀) မိမိကဲ့သို့ ဂိမ်းစွဲပြီး ဂိမ်းဖြတ်ချင်နေသူများနှင့် အုပ်စုဖွဲ့ထားပါ။ အချင်းချင်းအားပေးပါ။ ဂိမ်းဖြတ်ရန် နည်းလမ်းကောင်းများကို မျှဝေပါ။

 

(၁၁) အပေါ်က အချက်များနှင့် ကြိုးစားကြည့်လို့မှ ဂိမ်းစွဲခြင်းကို မဖြတ်နိုင်သေးဘူးဆိုပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များဆီတွင် အကြံဉာဏ်တောင်းပြီး အကူအညီယူဖို့ လိုပါပြီ။ ဂိမ်းစွဲခြင်း၊ လောင်းကစားစွဲခြင်းများကို ဖြတ်ဖို့ စိတ်ပညာနည်းကုထုံးများ၊ ဆေးပညာနည်း ကုထုံးများ ရှိပါသည်။

 

အချုပ်အားဖြင့်ဆိုရသော် ဂိမ်းကစားခြင်းသည် အထက်တွင် ဆိုခဲ့သည့်အတိုင်း အကောင်းနှင့် အဆိုး ဒွန်တွဲလျက်ရှိရာ ဂိမ်းကိုစိတ်အပန်းပြေရုံသာ ကစားခြင်းသည် ဦးနှောက်ဖွံ့ဖြိုးမှု၊ ဖြတ်ထိုးဉာဏ်နှင့် ပင်ကိုအရည်အသွေးတို့ တိုးတက်ကောင်းမွန် လာစေရေးအတွက် အထောက်အကူ ပြုနိုင်သည်ဟူ၍ ဆိုထားသည်။ ထို့ကြောင့် မိမိအတွက် သင့်တင့်လျောက်ပတ် ကောင်းမွန်သည့် ဂိမ်းအမျိုးအစားကို ရွေးချယ်ကာ နည်းမှန်လမ်းမှန် စည်းကမ်းတကျ ဆော့ကစားခြင်းဖြင့် မိမိအတွက်ကောင်းကျိုး ရလဒ်များကို ရရှိနိုင်မည်သာဖြစ်သည်။

 

ဗီဒီယိုဂိမ်းကစားခြင်းကို e-sport အားကစား အဖြစ် နိုင်ငံတကာအဆင့်ပြိုင်ပွဲများပင် ကျင်းပလျက်ရှိရာ ကောင်းသည့် ရည်ရွယ်ချက်ဖြင့် ကောင်းသည့်ဘက်သို့ ဦးတည်ကြခြင်းဖြင့် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မကောင်းသော အကျိုးရလဒ်များကို ရှောင်ရှားနိုင်ကြပါစေကြောင်း လေ့လာရေးသား ဖော်ပြအပ်ပါသည်။     ။