လူငယ်တို့၏ ရုပ်ရှင်အတွေးအမြင်ဆွေးနွေးပွဲနှင့် ကလေးများအတွက် မြန်မာ ANIMATION ရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပမည်

ရန်ကုန် ၉  နိုဝင်ဘာ

 

လူငယ်တို့၏ ရုပ်ရှင်အတွေးအမြင် ဆွေးနွေးပွဲနှင့် ကလေးများအတွက် မြန်မာ Animation ရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြားလမ်း၊ ရုပ်ရှင်အနုပညာ ရပ်ဝန်း ရှိ “ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ”(Film Development Centre) ၌ ကျင်းပမည် ဖြစ်သည်။

 

လူငယ်တို့၏ ရုပ်ရှင်အတွေးအမြင် ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Film Development Centre) ၌ ကျင်းပမည်ဖြစ်ရာ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးသိဒ္ဓိက Moderator အဖြစ် ဆောင်ရွက်ပြီး လူငယ်မျိုးဆက်သစ်များဖြစ်ကြသော မမိုးမြတ် မေဇာခြည် (NYFA, New York Film Academy)၊ မောင်အောင်ဖြိုး (Whistling Woods International Film, Media and Art Institute, Mumbai)၊ မောင်ပညာ ဇေယျ (FAMU Film and TV School of the Academy of Performing Art, Prague) တို့က ဦးဆောင် ဆွေးနွေးကြမည်ဖြစ်သည်။ 

 

ကလေးများအတွက် မြန်မာ Animation ရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Film Development Centre) ၌ ကျင်းပမည်ဖြစ်ရာ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးသိဒ္ဓိက Moderator အဖြစ် ဆောင်ရွက်ပြီး Animator များဖြစ်ကြသော ဦးဝဏ္ဏစိုး(@Edo Vader, Korea National University of Arts)၊ ဦးရဲဝင်း (Founder of Tagaung Animation)၊ ဦးနိုဗယ်လ်အောင်(Art Director, Co-founder of Pencil Studio)၊ ဒေါ်ဇူးထိုက်(Animator)တို့က ဦးဆောင် ဆွေးနွေးကြမည် ဖြစ်သည်။

 

အဆိုပါဆွေးနွေးပွဲများကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာမှ ရုပ်ရှင် အတွေ့အကြုံများ၊ လူငယ်များ၏ ရုပ်ရှင်အတွေးအမြင်များကို သိရှိစေရန်နှင့် ကလေး များ အတွက်မြန်မာ Animation ရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့တို့ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ယင်း အစီအစဉ်သို့ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း အသိပေးအပ်ပါသည်။

 

(သတင်းစဉ်)