လူထုဒေါ်အမာရေးခဲ့တဲ့ စာတမ်းနှစ်စောင်

ဆူးငှက်

 

အထက်မြန်မာပြည် စာရေးဆရာအသင်းက နှစ်စဉ်နတ်တော်လဆန်း(၁)ရက်၊ စာဆိုတော်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲများကို မ္တလေးအနောက်ကျုံးလမ်း (လမ်း၈၀) ဓမ္မဗိမာန်မှာ နှစ်စဉ်မပျက် ကျင်းပ ခဲ့သည်။ အဆိုပါ စာတမ်းများကို စုစည်း၍ စာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေသည်။ အဆိုပါ စာတမ်းများအနက်လူထုဒေါ်အမာ၏ ‘ဗမာသံတွေ ပျောက်ကုန်ပြီ’ ဟူသောစာတမ်းက စိတ်ဝင်စားဖွယ် ကောင်းလှသည်။

 

စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်း

အဆိုပါ စာတမ်းကို ဖတ်ပြီး မန္တလေးမြို့၏ ဘုရားပွဲတိုင်းတွင် (ထိုစဉ်က) မပါမဖြစ် ပါခဲ့သော ‘စည်တော်ကြီး အဖွဲ့’ များကို တန်ဖိုးထားရကောင်းမှန်း သိလာသည်။ ဘုရား ပွဲ၏ အကြိုနေ့ညတိုင်းတွင် ပါဝင်သော စည်တော်ကြီးအဖွဲ့ရှေ့ရှိ လူကျဲကျဲပါးပါးကြားတွင် ဝင်ထိုင်ရင်း စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်းများကို စိတ်ဝင်စားလာ၏။ လူထုဒေါ်အမာ၏ အဆိုပါစာတမ်းတွင်ပါသော ဒိုး၊ ဒိုးပတ်ဝိုင်း၊ အိုးစည်၊ ဗြော၊ စည်တော်ကြီး၊ ဗျိုင်းတောင်စည်ဟူသော အကြောင်းအရာများတွင် ‘ဗျိုင်းတောင်စည်’ က ထူးခြားနေသည်။ အဘယ့်ကြောင့်ဆိုသော် ... ကျန်သော ဒိုး၊ ဒိုးပတ်ဝိုင်း၊ အိုးစည်၊ ဗြောနှင့် စည်တော်ကြီးအနက်၊ ဗျိုင်းတောင်စည်ကိုကျွန်တော်တို့ မမြင်ဖူးခဲ့ ...။ မကြားဖူးခဲ့ ...။ ကျွန်တော်တို့ လူလားမြောက်ချိန်တွင် အသုဘများ၌ စည်အဖွဲ့သားများ မပါတော့...။ အညာနှင့် မြေလတ်ပိုင်းရှိကျေးလက်များ၌သာ အတီးအမှုတ်များနှင့် အသုဘချသည့် အစဉ်အလာရှိနေခြင်းဖြစ်သည်။

 

ဗျိုင်းတောင် စည်များ

ထိုစဉ်က မန္တလေးတွင် ထင်ရှားခဲ့သော ပျဉ်းမနားကိုယ်တော်ကြီး၏ နာရေးတွင် ‘မသာတော်’ အခမ်း အနားများဖြင့် ဗျိုင်းတောင်စည်များ ပါခဲ့သည်ဟုကြားဖူးခဲ့၏။ လူထုဒေါ်အမာ၏ စာတမ်းတွင်ပါရှိသော ဗျိုင်းတောင်စည်များနှင့် ပတ်သက်သည့် ရေးသားချက်များတွင် “ဒါကြောင့် စည်တို့ ဗျိုင်းတောင်တို့ဟာ တော်သုံးဘဝကနေပြီး ဆင်းရဲသားသုံး၊ တောသုံးဖြစ်လာတယ်။ လုပ်ငန်းသိပ်မကောင်းတော့ စည်သမား တွေကလည်း မန္တလေးမှာ မနေကြတော့ဘဲ ရန်ကုန်ဆင်းပြေးပြီး ဗဟန်းကုန်းတော်မှာ ဝင်ခိုပြီး အငှားလိုက်ကြသတဲ့။ အဲဒီရောက်တော့ မသာလည်းတီး၊ အလှူလည်းတီး ဖြစ်ကုန်တာပေါ့။ ခုတော့ ကွယ်သလောက်ပျောက်သလောက် ရှိနေပါပြီ။ မန္တလေးမှာ လုံးလုံးမရှိတော့ဘူး၊ စည်သမားအဆက်အနွှယ်တွေက မန္တလေး မှာ အသုဘကား ထောင်စားနေကြပါပြီ” ဟူသော ရေးသားချက်ကို မှတ်မှတ်သားသား ရှိလှသည်။

 

အမျိုးသားသဘင်တွေရဲ့ ကနေ့အခြေအနေ

နောက်ထပ် ဖတ်ဖြစ်သော လူထုဒေါ်အမာ၏ စာတမ်းတစ်စောင်က ‘အမျိုးသားသဘင်တွေရဲ့ ကနေ့အခြေအနေ’ ဟူသော စာတမ်းဖြစ်သည်။ ဓမ္မဗိမာန်တွင်၁၉၇၁ ခုနှစ်က ဖတ်ကြားသော စာတမ်းဖြစ်သည်။ ‘အမျိုးသားသဘင်တွေရဲ့ ကနေ့အခြေအနေ’ စာတမ်းတွင် ကျွန်တော်တခုတ်တရ သတိရနေသော အချက်များရှိသည်။ ပြောကြစို့ဆိုလျှင် စာတမ်းကိုဖတ်လိုက်ရမှ သတိထားမိပြီး အသိတစ်ခု ရင်ထဲ ကိန်း အောင်းသွားသည်ဟု ပြောရမည်။ ထိုစာတမ်းကိုကျွန်တော်ဖတ်ရချိန်က ၁၉၇၅ နှင့် ၁၉၈၀ ကြား ဝန်းကျင်ဖြစ်သည်။ ထိုအချိန် မ္တလေးမှာ အငြိမ့်အဖွဲ့ပေါင်း ၅၀ အထက်ရှိမည်။ အလားတူ ဇာတ်အဖွဲ့များ လည်း ထိုနည်းနှင်နှင်ရှိမည်။ အခုလို သီတင်းကျွတ်ရာ သီရောက်သည်နှင့် မ္တလေးမြို့၏ ညချမ်းမှာ အငြိမ့်ဆိုင်းမှ ကြေးနောင်သံလွင်လွင်လေးကို ညစဉ်မပြတ်ကြားနေရသည်။ သို့မဟုတ် ဇာတ်အဖွဲ့၏ ဆိုင်းမှယိုးဒယားကရောင်းရိုက်သံကို ကြားနေရသည်။ တစ်ငြိမ့်တလေမဟုတ် ...။ တစ်ဇာတ်တလေမဟုတ် ...၊ အရပ်ရှစ်မျက်နှာမှ ကြားနေရသည့် အသံများဖြစ်သည်။ အိမ်တော်ရာ ဘုရားပွဲလိုမျိုးဆိုလျှင် တစ်ပြပတ်လည်ဘုရား ပရိဝုဏ်အတွင်းမှာ အငြိမ့် လေးငြိမ့်၊ တစ်ခါတစ်ရံငါးငြိမ့်အထိ တစ်ညတည်း ရှိနေတတ်သည်။ ဘုရာ း တံတိုင်းအပြင်ဘက်မှာ ဇာတ်အဖွဲ့လည်းရှိ၏။ ကျွန်တော်တို့ ကလေးအမြင်မှာတော့ ဇာတ်အဖွဲ့တွေ၊ အငြိမ့်အဖွဲ့တွေ ဆူဖြိုး စည်ပင်တိုးတက်နေသည့်ကာလပဲပေါ့။ သို့သော် လူထုဒေါ်အမာက သူ့စာတမ်းတွေ ထိုကာလ ၁၉၇၁ ဝန်းကျင်က မြန်မာ့သဘင်မှုအခြေအနေကိုယခုလို သုံးသပ်ထားသည်။

 

အငြိမ့်သဘင်ကို ဘယ်လိုပြန်ပြီး အဖတ်ဆယ်မလဲ

အထူးသဖြင့် ၁၉၆၈ ခုနှစ်ကစပြီး ကနေ့အထိ အငြိမ့်သဘင် ရုပ်ပျက်ဆင်းပျက်ဖြစ်လာလို့ ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ရေးတဲ့ ဆောင်းပါးတွေ သတင်းစာတိုင်းမှာလိုလိုပါဝင်နေတာကို တွေ့လာရပါတယ်။ အငြိမ့် ဘာကြောင့်ဒါလောက် ပျက်စီးလာရသလဲ၊ အငြိမ့်သဘင်ကိုဘယ်လိုပြန်ပြီး အဖတ်ဆယ်မလဲ၊ အငြိမ့်သဘင်ကိုပြည်သူကြားမှာ တိုးတက်ထွန်းကားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ အလေးအနက် ဆွေးနွေးကြရမယ့်အချိန် တိုင်လာပါပြီ။ အငြိမ့်သဘင်ဟာ ကိုလိုနီခေတ်မှာ ထွန်းကားခဲ့တယ်။ ဘာ့ကြောင့် ထွန်းကား သလဲ၊ ပြည်သူလူထုကြားကို ဆင်းသက်လာလို့ ထွန်းကားတာဖြစ်တယ်။ ပြီးတော့ ဖွဲ့စည်းပုံ ပုံစံကလည်း အငြိမ့်က အရင်းရှင်မဆန်ဘူး။ အငြိမ့်အဖွဲ့တစ်ဖွဲ့ကိုဒီအဖွဲ့ထဲက ပညာသည်တစ်ဦးဦးက ခေါင်းဆောင်ပြီး ဖွဲ့လိုက်တယ်။ အငြိမ့်ငှားခရလာတဲ့အခါ အနည်းအပါးသာရှိတဲ့ အငြိမ့်ပစ္စည်းအတွက် အစုတစ်စုထားပြီး ပညာသည်တွေအားလုံး အစုသားအဖြစ်နဲ့ ပညာအလိုက်မျှမျှတတ ခွဲဝေယူကြတယ်။ ဒါကြောင့် အငြိမ့်အဖွဲ့လေးဟာ မိသားစုလိုနေပြီး၊ အနုပညာဘက်မှာ လည်း တစ်ဦးကိုတစ်ဦး ဖေးဖေးမမနဲ့ အလုပ်လုပ်သွားကြတယ်။ “အငြိမ့်ကို အုပ်စိုးခြယ်လှယ်သူ လူတန်းစားက သူတို့အတွက် သဘင်သက်သက်ဖြစ်အောင်တော့ လုပ်ချင်ပါရဲ့။ လူချမ်းသာတွေ စုဝေးပျော်မြူးရာ ကလပ်ထဲမှာ ကစေတာတို့၊ မင်းစိုးရာဇာတွေရဲ့ တိုက်ကြီးတွေပေါ်မှာပဲကစေတာတို့ လုပ်စေပါသေးတယ်။ နို့ပေမယ့် အငြိမ့်က မင်းသုံးမင်းဆောင်သက်သက်အဖြစ်မခံဘဲ လူထုထဲကို ဆင်းလာတယ်။ အလှူပွဲ၊ မင်္ဂလာပွဲ၊ အိမ်တက်ပရိတ်နာ၊ ကလေးကင်ပွန်းတပ်ဆိုတဲ့ လူမှုရေးပွဲလမ်းသဘင်တွေမှာလည်း ကတယ်။ ဘုန်းကြီးပျံလို ဘုရားပွဲလို လူထုပွဲတွေမှာလည်း ကပြကြတယ်။ ဒါ့ကြောင့် ငြိမ့်ငြိမ့်ညောင်းညောင်း ကပြသီဆိုရာက ပွဲကြည့်ပရိသတ်နဲ့လူအုပ်ကြားမှာ အဆူတီး၊ အသွက်က၊ အပျော် ပြောလာတဲ့ သဘင်ဖြစ်လာတယ်” ဟု ခေတ်အမြင်နှင့်ဝေဖန်သည်။

 

လူထုသဘော၊ လူထုအသွင်

စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ က ကျွန်တော်တို့ အမြဲမြင်တွေ့နေရသော အငြိမ့်ကိုဖြစ်တည်ရာလမ်းကြောင်းဆီမှသည် ပစ္စက္ခအခြေအနေ အထိ အနှစ်သဘော သုံးသပ်ပြသည်။ အငြိမ့်ကို လူထုသဘော၊ လူထုအသွင်အဖြစ် ဖြစ်ထွန်းမှုဆီ ဖွင့်ဆိုပြသည်။ ဆက်လက်ရေးသားထားသည်မှာ ...

 

“အဲဒီလို ပြည်သူလူထုနဲ့ ထိတွေ့မှုရှိလာတော့ အငြိမ့်ပညာသည်တွေက ပြည်သူနဲ့ တွဲဖက်ပြီး အခွင့်သာရင်သာသလို လူပြက်တွေအနေနဲ့ ပြည်သူတွေရဲ့ ခံစားရမှုကို ဖွင့်အန်တာတို့၊ လူထုဆန္ဒကို ထုတ်ဖော်တာတို့ကိုလိုနီယ္တရားရဲ့ ချွတ်ယွင်းချက်တွေကို သရော်ဝေဖန်တာတို့လည်း လုပ်လာနိုင်ကြတယ်။ အငြိမ့်စင်ပေါ်က လူရွှင်တော်တွေရရှိတဲ့ အဲဒီ ဒီမိုကရေစီအခွင့်အရေးဟာ ဆက်လက်ထိန်းသိမ်းသင့်တဲ့ ချစ်စရာအခွင့်အရေး တစ်ခုပါပဲ” တဲ့

 

ပြည်သူတို့၏ စကားပြန်

မန္တလေးတွင် ခေတ်စား တွင်ကျယ်ခဲ့သော ...၊ မန္တလေးတွင်သာမက တစ်ပြည်လုံးအတိုင်းအတာတစ်ခုအနေဖြင့် တောရောမြို့ပါမကျန် လူထုသဘောဆောင်သော အငြိမ့်သဘင်နှင့်အတူ အငြိမ့်မင်းသမီး၊ လူပြက်များပါမကျန် အစိတ်အပိုင်းတစ်ခုအားဖြင့် ‘ပြည်သူတို့ ၏ စကားပြန်’ အဖြစ် တည်ရှိနေပုံများကိုထိုစာတမ်းတွင် ထင်ဟပ်ခဲ့သည်။ ထိုသို့သော လူထုသဘောဆောင်သည့် အငြိမ့်သဘင်မှ အစ... ကြည့်ချင်ပွဲများဖြင့် ပရိသတ်ကို ဖမ်းစားနိုင်သော ဇာတ်ပွဲများ ...၊ အခကြေးငွေဖြင့် ကြည့်ရှုရသော ရုံဇာတ်ကြီးများ အလယ်၊ ဗလာဆိုင်းများအဆုံး၊ မူရင်းအရိုးအသား မြန်မာမှုများနှင့် တိမ်းပါးယိမ်းပါးရှိလာခြင်း၏ ရင်းခံဇာစ်မြစ်ကိုလည်း ထိုစာတမ်းတွင် ပွင့်လင်းစွာ ဆွေးနွေး ဝေဖန်ထားသည်။

 

ကြာင်းရင်းခံမှာ ...

“ဗမာ့သဘင် ဒီခေတ်မှာ ဘာ့ကြောင့် ဆုတ်ယုတ်ရ သလဲဆိုတာကို ဝေဖန်ဆန်းစစ်တဲ့အခါ

-(၁) ပြောင်းလဲလာတဲ့ ခေတ်ကာလ၊ လူတွေရဲ့ အတွေး အခေါ်နဲ့ညီအောင် သဘင်ပညာက ပြောင်းလဲမလိုက်နိုင်လို့ဆိုတာ တစ်ချက်၊

(၂) နယ်ချဲ့ယဉ်ကျေးမှုရဲ့ ထိုးနှက်ချက်၊(၃) ပြည်သူတွေရဲ့ စီးပွားရေးဆိုပြီး အပိုင်း သုံးပိုင်းရှိတာကို တွေ့ရပါတယ်” ဟု သုံးသပ်ဝေဖန်ပြထား သည်။

ထိုစဉ်ကာလ ၁၉၇၀ ပြည့်နှစ်ဝန်းကျင် ထိုဝေဖန်ချက်က မှန်နေသည်။ ယခုအချိန်အထိ မှန်နေဆဲဟုလည်း ထပ်ဆင့်ဆိုရမည်။ အခြေခံအချက် အနှစ်သာရက ဒါပါပဲ။ စကားလုံး အသုံးအနှုန်းလေး ပြောင်းလဲရုံပါပဲ။ ကြေးမုံ

 

cyi