လူထုလှုပ်ရှားမှုဖြင့် ပြုမူပြောင်းလဲ


လူထုလှုပ်ရှားမှုသည် ပြည်သူလူထုတစ်ရပ်လုံးအတွက် အရေးပါအရာရောက်သော မဖြစ်မနေပြုမူပြောင်းလဲဆောင်ရွက်ကြသည့် လှုပ်ရှားမှုဖြစ်သည်။ လှုပ်ရှားမှုမှန်သမျှတွင် အဆင့်အမျိုးမျိုးရှိသော်လည်း ယခုကျွန်ုပ်တို့ဆောင်ရွက်လျက်ရှိသည့် လူထုလှုပ်ရှားမှုသည် ကျန်းမာရေး၊ လူမှုရေးဘက် ဆိုင်ရာတွင် ပြည်သူလူထု သိရှိလိုက်ပါလာအောင်၊ အောင်မြင်မှုအဆင့်အထိ ရရှိလာအောင် နောက်ထပ်တစ်ဖန် အားအင်များတိုးပွားလာအောင် လှုပ်ရှား ဆောင်ရွက်မှုပင် ဖြစ်သည်။
ယနေ့ ပြည်သူများရောဂါကာကွယ်ရေးကို ရှေးရှုသည့် လူထုလှုပ်ရှားမှုသည် မေတ္တာ၊ ကရုဏာ၊ စေတန ကူညီစောင့်ရှောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပေါ်တွင် အခြေခံပြီး ပြည်သူပြည်သားကောင်းတို့၏ လှုပ်ရှားမှုဖြစ်သည်။ ကိုဗ-၁၉ ရောဂါဖြစ်ပွားနေသောကာလ၌ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဆိုင်ရာအပြုအမူများ ပြောင်းလဲလုပ်ကိုင်တတ်လာရန် လိုအပ်လာသဖြင့် ကျန်းမာရေးဆိုင်ရာ လူထုလှုပ်ရှားမှုများအား ဒေသ အလိုက် ပူးပေါင်းလက်တွဲဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
“တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ “နေအိမ်တွင်သာ နေထိုင်ရေး အစီအစဉ် (Stay at Home)” တွင် အကျုံးဝင်သောမြို့နယ်များနှင့် ရောဂါ ဖြစ်ပွားမှုများသော မြို့နယ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနများသည် လူမှုရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and) Face Shield Campaign)” ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင် ပြည်သူလူထု ရောဂါ ကူးစက်မှုမရှိစေရန် မျက်နှာနှင့် နှာခေါင်းစည်းတပ်ဆင်ရန်၊ ခပ်ခွာခွာနေထိုင် ရန်၊ လက်ကို မကြာခဏဆေးကြောရန် စသည့်အချက်များကို မကြာခဏ အသိပေးနှိုးဆော်လျက်ရှိသည်။ ထို့အပြင် ယခုကဲ့သို့ လူထုလှုပ်ရှားမှုစီမံချက် ဖြင့် သက်ဆိုင်ရာဌာနများက ကမကထပြုကာ ပြည်သူလူထု လိုက်နာဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု အနေဖြင့် ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ကြသူအများစု ရှိပြီး လိုက်နာရန်အားနည်းကြသူများလည်း ရှိနေသည်ကို တွေ့ရသည်။ 
Mobilization Action Plan သီအိုရီအရ လူထုလှုပ်ရှားမှုဆိုင်ရာ အဆင့် များရှိသည့်အနက် ယနေ့အခြေအနေသည် သာမန်အခြေအနေအဆင့် မဟုတ်ဘဲ မဖြစ်မနေပြုမူပြောင်းလဲလုပ်ကိုင်ရမည့် အခြေအနေဖြစ်သည် ကို သိရှိနားလည်အောင် အသိပညာပေးမှုများ မကြာခဏပြုလုပ်ကြရမည် ဖြစ်သည်။ ပြောင်းလဲမှုကို စတင်လုပ်ကိုင်ပြီး အောင်မြင်မှုရရှိအောင် လူထု လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ကိုင်ရန် လိုအပ်မည်ဖြစ် သလို ပြည်သူလူထုအနေဖြင့် ကောင်းစွာသိရှိနားလည်ပြီး အတူလိုက်ပါ
ဆောင်ရွက်လာသည့် လူထုလှုပ်ရှားမှုဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူထုလှုပ်ရှားမှုအသွင်သဏ္ဌာန်အမျိုးမျိုးကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ ပြည်သူလူထု တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြသဖြင့် အောင်မြင်မှုများရရှိခဲ့ကြပါသည်။ အတိတ်ကာလက စာတတ် မြောက်ရေး၊ ပြည်သူ့ဆန္ဒခံယူရေး၊ လမ်းစည်းကမ်းလိုက်နာရေး စသည်တို့ကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြပြီး မျက်မှောက်ကာလတွင် အားကစားလှုပ်ရှားရေး၊ ကာကွယ်ဆေးတိုက်ကျွေးရေး၊ မိခင်နို့တိုက်ကျွေးရေး စသည်တို့ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ 
လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလ၌ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရွေးကောက်ပွဲတွင်လည်း ပြည်သူလူထုတစ်ရပ်လုံး တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထုအနေဖြင့် လူမှုရေး၊ စီးပွားရေး အလေးထားပြီး ရောဂါကာကွယ်ရေးတွင် ပေါ့ပေါ့ဆဆပြုမူနေထိုင်ခြင်း မပြုသင့်သေးဘဲ ယခုလူထုလှုပ်ရှားမှုတွင် အားလုံးတက်တက်ကြွကြွ ဆက်လက်ပါဝင်ကြရန် လိုအပ်ပါသည်။ 
ယခု လူထုလှုပ်ရှားမှုစီမံချက်တွင် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးအတွက် အသိပေးစည်းရုံးလှုံ့ဆော်ခြင်း၊ ပေးဝေခြင်းနှင့် တပ်ဆင်ခြင်း၊ လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးပြောကြားခြင်း နှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး ပညာရေး၊ လူမှုရေး လုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံးပြန်လည်လုပ်ကိုင် နိုင်မည်ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် လူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ