မာယာများသူနှင့် ဆင်ခြင်တုံတရား

 

မောင်သောင်းဝင်း(တမန်ဟောင်း)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည်  လေးလကျော် ငါးလတာကာလအတွင်း စာရေးသူနှင့် နီးစပ်ရာနေရာကို မမျှော်လင့်ဘဲ တံခါးလာခေါက်တော့သည်။ တိတိကျကျဆိုရလျှင် မေလ ၄ ရက်နေ့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာတစ်ဦး တွေ့ရှိရသဖြင့် ၎င်းနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများတွင် ပါဝင်သည့် စာရေးသူလည်း ဓာတ်ခွဲစစ်ဆေးဖို့ရန် နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်များယူခံရပြီး သွားလာမှုကန့်သတ်ခံခဲ့ရသည်။ မိမိကျန်းမာရေးအတွက် အလွန်အမင်းပူပန်ခြင်းမရှိသော်လည်း မိသားစုအတွက်တော့ စိုးရိမ်ပူပန်မိခဲ့သည်။ သို့သော် မေလ ၅ ရက်နေ့ တွင် Negative ဖြစ်ကြောင်း ဓာတ်ခွဲအတည်ပြုချက် ထွက်လာသည်။ ကာယကံရှင်များနှင့် တာဝန်ရှိသူများအားလုံး စိတ်အေးသက်သာမှု ဖြစ်ရသည်။

စိတ်ကောင်းဆွေကောင်းများ

ထိုသို့ မိမိနှင့်နီးစပ်ရာနေရာတွင် ရောဂါဖြစ်ပွားမှုအခြေအနေကို မေလ ၆ ရက်နေ့အထိ အညာဒေသမှ မိဘများကိုပင် အသိမပေးခဲ့ပေ။ သို့သော် တယ်လီဖုန်း ကွန်ရက်နှင့် လူမှုကွန်ရက်ကို တွင်ကျယ်စွာအသုံးပြုနေ သော ခေတ်ကြီးတွင် ထိုသတင်း တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ တချို့သော မိတ်ဆွေများက စိုးရိမ်ပူပန်စွာဖြင့် သတင်းမေးမြန်းခဲ့သည်။ အထူးသဖြင့် အိမ်တွင်ရှိသည့်ဇနီးဖြစ်သူထံသို့  မိတ်ဆွေများကဖုန်းဆက်၍ သတင်းမေးမြန်းပြီးလိုအပ်သည်များပြောရန်နှင့် အားမနာရန် ပြောဆိုလာကြသည်။ လောလောဆယ်လိုအပ်ချက်မရှိကြောင်း၊ အခြေခံကုန် သုံးလလောက် ဝယ်ထားကြောင်း၊ ကျေးဇူး တင်ရှိပါကြောင်း ပြောဆိုခဲ့ရသည်။ ထို့အပြင် တာဝန်ရှိသူများကလည်း လိုအပ်သည့် ပစ္စည်းများဝယ်လိုလျှင် ဖုန်းဆက်ရန်ပြောဆိုခဲ့သည်။ ဘာပဲဖြစ်ဖြစ် နှုတ်ဖြင့်အားပေးစကား ပြောပေးခြင်းသည်ပင်လျှင် ခွန်အား ဖြစ်စေပါသည်။

ခရီးသွားရာဇဝင်မရှိသော်လည်း

ဆိုရလျှင် လက်ရှိရောဂါပိုးတွေ့ရှိသူသည် လွန်ခဲ့သောတစ်လအတွင်း ခရီးသွားရာဇဝင်မရှိခဲ့ပေ။ အလားတူ ခရီးသွားရာဇဝင်မရှိသည့်အခြားသူများမှာလည်း ကိုဗင်-၁၉ ရောဂါတွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးသတင်းထုတ်ပြန်ထားရှိပြီးဖြစ်သည်။ ရောဂါပိုးသည် ငွေစက္ကူများနှင့် စာရွက်စာတမ်းများတွင်လည်း တွယ်ကပ်၍ရှိနေနိုင်ပေသည်။ သာဓကအနေဖြင့် အစားအသောက်ထည့်သည့် ကြွပ်ကြွပ်အိတ်များ၊ ဘုရားပန်းမညှိုးအောင်ပတ်သည့်သတင်းစာစက္ကူများတွင်လည်း ရောဂါပိုးကပ်နေနိုင်ပါ သည်။ စင်စစ်အားဖြင့် လူတစ်ဦးတွင် ကိုယ်ခံအားစနှစ်သာ ကောင်းနေမည်ဆိုလျှင် တစ်ကိုယ်ရေ ကျန်းမာရေး လိုက်စားမည်ဆိုလျှင်၊ ရတနာသုံးပါးကို ထဲထဲဝင်ဝင် ကြည်ညိုကိုင်းရှိုင်းမည်ဆိုလျှင် မည်သည့်ရောဂါ ဖြစ်ပွားမည်မဟုတ်ချေ။ အကယ်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်တိုင် ပျောက်ကင်းအောင်ကုသ၍ ရနိုင် ပါသည်။ ကျန်းမာရေးအသိ။ ကျန်းမာရေးသတိနှင့် ဆင်ခြင်တုံတရားရှိဖို့သာလိုပါသည်။

အဆိုးထဲမှအကောင်း

စင်စစ်အားဖြင့် မည်းမှောင်နေသည့်တိမ်တိုက်များ၌ပင်လျှင် ငွေရောင်အနားကွပ်လေးများရှိပါသည်။ ယခုလည်း စာရေးသူတို့နှင့်နီးစပ်ရာနေရာတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦးတွေ့ရှိခဲ့သဖြင့် မိသားစုအတွက် ဦးစွာစိုးရိမ်ပူပန်ခဲ့ရသည်။ သို့သော် ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်ခွင့် ရရှိခဲ့ပြီး Ngative ဖြစ်ကြောင်း၂၄ နာရီအတွင်း သိရှိရသဖြင့် စိတ်သက်သာရာရခဲ့သည်။ အဆိုးထဲမှ အကောင်းပင်ဖြစ်သည်။ ဆိုရလျှင် မြန်မာနိုင်ငံတွင် ငွေရှိတိုင်း ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်ခွင့်ရရှိနိုင်မည် မဟုတ်ချေ။ စင်စစ်အားဖြင့် စက်ပစ္စည်းနှင့်အရင်းအမြစ် ကန့်သတ်ချက်များကြောင့် ယနေ့အချိန်အထိ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ သံသယလူနာများ၊ စောင့်ကြည့်လူနာများအားလုံးကို ဓာတ်ခွဲစမ်းသပ်နိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် ဟိုနား၊ သည်နားကို ခဏတစ်ဖြုတ်လောက် သွားသူများပင်လျှင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရနိုင်ခြေရှိသဖြင့် ပေါ့ပေါ့ဆဆမနေဘဲ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ ရှိဖို့တော့လိုပါသည်။

သမိုင်းကြောင်း

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019(COVID-19) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကူးစက်မြန်ရောဂါ၊ သို့မဟုတ် တိုင်ကြားရမည့်ကူးစက်ရောဂါဟု သတ်မှတ်ခဲ့ သည်။ ထို့နောက် WHO က မတ်လ ၁၁ ရက်နေ့တွင် ကိုဗစ်၁၉ ရောဂါကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

ဆိုရလျှင် အချိန်လေးလကျော် ငါးလတာကာလအတွင်း ကပ်ရောဂါဆိုးကြီးသည် ကမ္ဘာတစ်ဝန်းသို့ အရှိန် အဟုန်ပြင်းပြင်းဖြင့် ခရီးနှင်ခဲ့ပြီဖြစ်သည်။ မေလ ၁၀ ရက်နေ့ အထိစာရင်းအရ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄၁၀၁၉၉၂ နှင့် သေဆုံးသူ ၂၈၀၄၅၄ ဦးအထိ ရှိသွားပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မေလ ၁၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၇၈ ဦးနှင့်သေဆုံးသူ ခြောက်ဦးရှိနေပြီဖြစ်သည်။ တချို့နိုင်ငံများ တွင် ရောဂါပိုး ထိန်းချုပ်နိုင်ခဲ့သော်လည်း ဒုတိယလှိုင်းနှင့် တတိယလှိုင်းများထပ်မံဖြစ်ပွားလာနိုင်သဖြင့် စီးပွားရေးလုပ်ငန်းများကို သတိတရားဖြင့် လုပ်ကိုင်နေကြရ သည်။

တိကျစွာလိုက်နာလျက်ရှိ

အမှန်တော့ စာရေးသူတို့နေထိုင်သည့်နေရာသည် အိမ်နီးချင်းနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက ပင် အသွားအလာကန့်သတ်မှုထိန်းချုပ်ခြင်း အပါအဝင် ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် အစီအမံများကို ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်ထားခဲ့ သည့်အပြင် တစ်ဦးတစ်ယောက်ချင်းစီကလည်း ကျန်းမာရေးသတိပေးချက်များကို တိကျစွာလိုက်ပါ လုပ်ဆောင်လျက်ရှိသည်။ သာဓကအနေဖြင့် ပုံမှန်အတိုင်းခြင်း၊ အင်အား၏ ၅၀ ရာခိုင်နှုန်းသာ ရုံးတက်ခြင်း၊ လုပ်ငန်းခွင်တွင်လည်း ပါးစပ်နှင့် နှာခေါင်းစည်းများတပ်ဆင်ထားခြင်း၊ လက်မှန်မှန်ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းစသည့် ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများကို တိကျစွာလိုက်နာလုပ်ဆောင် လျက်ရှိသည်။ သို့သော် လွန်ခဲ့သောတစ်လအတွင်း ခရီးသွားရာဇဝင်မရှိသည့် ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူအားလုံးနှင့် လုပ်ဖော်ကိုင်ဖက်များအံ့ဩခဲ့ရသည်။

မာယာများသူနှင့်ဆင်ခြင်တုံတရား

ဆိုရလျှင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသူနှင့် ထိတွေ့မှုမရှိသူများ၊ ခရီးသွားရာဇဝင်မရှိသူများ၌ပင်လျှင် ကပ်ရောဂါကူးစက်ခံရမှုများ ရှိနေပြီဖြစ်သည်။ ကာယကံရှင် နှင့် တာဝန်ရှိသူများ ခေါင်းခြောက်ရလျက်ရှိသည်။ ထို့ကြောင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် လက်မှန်မှန်ဆေးကြောခြင်း၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ နေအိမ်ထဲ၌သာနေခြင်း၊ လူစုလူဝေးရှိသည့်နေရာများကို ရှောင်ကြဉ်ခြင်းတို့ကို မပျက်မကွက်လုပ်ဆောင်ခြင်း၊ ပြည်ပမှပြန်လာသူများ အနေဖြင့်လည်း သက်ဆိုင်ရာသို့သတင်းပို့ပြီး Facility Quarantine နှင့် Home Quarantine တို့ကို တိကျစွာလိုက်နာဆောင်ရွက်သွားသင့်ပါသည်။ မည်သို့ပင်ဆိုစေ မာယာများသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးသည် လူတိုင်းကိုကူးစက်ပျံ့နှံ့နိုင်သဖြင့် အသက်ကို ဉာဏ်စောင့်၊ ဥစ္စာကိုကံစောင့်ဆိုသလို နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ ရှိပြီး ဆင်ခြင်တုံတရားရှိစွာဖြင့် နေထိုင်သွားနိုင်ကြပါစေ။    ။

ကြေးမုံ