မှဲ့သူဌေးလား… ဒါတွေသိထားမှ ဖြစ်မယ်နော်

၂ နိုဝင်ဘာ

စပယ်တင်မှဲ့၊ မျက်ရည်ခံမှဲ့၊ မှဲ့စလွယ် စသည်ဖြင့် မှဲ့နဲ့ပတ်သက်တဲ့ အယူအဆ၊ အဓိပ္ပါယ်လေးတ ွေမြန်မာ့အယူအဆတွေမှာ အများကြီးရှိတတ်ကြပါတယ်။ ဘယ်နေရာမှာ မှဲ့ရှိရင် ဘုန်းကံမြင့်တယ်၊ ကြီးပွားမယ်၊ လူချစ်လူခင်ပေါမယ် ဆိုတာတွေပေါ့။ ဒါပေမယ့်ဆေးပညာဘက်ကကြည့်ရင်တော့ မှဲ့ဆိုတာ အရေပြား ဘယ်နေရာမှာမဆိုဖြစ်လာနိုင်တဲ့ အစက်အပြောက်လေးတွေ (ပြောရရင် ဆဲလ်အစုလေးတွေ) ပါပဲ။

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးတဲ့လူတစ်ဦးရဲ့ ခန္ဓါကိုယ်မှာ သေးသေးကြီးကြီး မှဲ့အရေအတွက် ၁၀ ခုကနေ ၄၅ ခုအထိ ရှိနေနိုင်ပါတယ်။ အများစုက အန္တရာယ်မရှိဘဲ နောက်ပိုင်းမှာ သူ့အလိုလို ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ မှဲ့က ဘေးကင်းမကင်း ဘယ်လိုခွဲခြားသိနိုင်မလဲ။

ကျောမှာ မှဲ့စလွယ်ရှိလို့ ဘုရင်ဖြစ်မဖြစ်တော့မသိဘူး၊ ကင်ဆာဖြစ်လာခဲ့ရင် သွားပြီနော်။ ဒါ့ကြောင့် ကိုယ့်ရဲ့မှဲ့က ရိုးရိုးပဲလား၊ အန္တရာယ်ရှိလာနိုင်သလား သိနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မှဲ့အကြောင်း

မှဲ့အများစုက မျိုးရိုးကြောင့်ပါ။ မိဘမှာ မှဲ့တွေများရင် ကိုယ့်မှာလည်း ပါတတ်တယ်။

နေပူထဲသွားလေ့ရှိတဲ့သူတွေဟာ အသားအရေချင်းတူတဲ့ နေရောင်ခြည် သိပ်မထိတွေ့သူတွေနဲ့ယှဉ်ရင် မှဲ့ပိုများလေ့ရှိပါတယ်။

နေလောင်ခြင်းကြောင့် ဖြစ်လာတဲ့နေလောင်ကွက်လေးတွေက မှဲ့မဟုတ်ပါ။

မှဲ့အများစုက အန္တရာယ်မရှိနိုင်ပါဘူး။ မှဲ့တွေကနေ အရေပြားကင်ဆာဖြစ်စေတာ ကတော့ဖြစ်ခဲတဲ့အထဲ ပါဝင်ပါတယ်။

မှဲ့တွေရှိတယ်ဆိုရင် သူတို့ရဲ့အနေအထား၊ အသွင်အပြင်၊ အရွယ်အစား၊ လက္ခဏာပြောင်းလဲမှုရှိမရှိ ကိုယ့်ကိုယ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

ဘာတွေသတိထားရမလဲ

မှဲ့က စသတိထားမိကာစအချိန်နဲ့ အရွယ်အစားတူတူပဲလား

ဘေးအနားသပ်က ညီလား၊ ထင်းလား

မှဲ့က တစ်လက်မရဲ့လေးပုံတစ်ပုံထက် ပိုသေးသလား

အရောင်က မပြောင်းဘဲ တသမတ်တည်းရှိသလား။

ဒီအချက်တွေနဲ့ ကိုက်ညီရင် သင့်ရဲ့မှဲ့က အန္တရာယ်မရှိတဲ့ ရိုးရိုးမှဲ့ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်တော့ ပြဿနာတစ်ခုခုရှိနိုင်လို့ သေချာသိရအောင် ဆရာဝန်ပြသင့်ပါတယ်။ မှဲ့တွေမှာ တစ်ခုခုပြောင်းလဲလာတယ်ဆို သတိထားလို့လွယ်ပါတယ်။

 

မှဲ့နီ

မှဲ့နီတွေဟာ အရေပြားမှာဖြစ်လာတဲ့ မှဲ့နဲ့ဆင်တူတဲ့ အသားပိုတစ်မျိုးဖြစ်ပြီး cherry angioma လို့ခေါ်ပါတယ်။ မှဲ့နဲ့မတူတာက သူတို့က အသက်ကြီးလာရင် အလိုလိုပျောက်မသွားတတ်ပါဘူး။ သွေးကြောမျှင်လေးတွေစုနေတာသာ ဖြစ်ပြီး ကင်ဆာတော့မဖြစ်စေနိုင်ပါဘူး။

 

ဒီလက္ခဏာတွေရှိနေရင် မှဲ့က ပုံမှန်မဟုတ်ပါ

မှဲ့က ပုံမှန်ထက်ထူးခြားနေတယ်ဆိုတာနဲ့ပဲ ကင်ဆာဖြစ်နိုင်တယ်လို့ မဆိုလိုပါဘူး။ အရေပြားကင်ဆာ သို့မဟုတ် မှဲ့ကင်ဆြာဖစ်စေနိုင်တဲ့ မှဲ့တွေရဲ့ လက္ခဏာမှာ –

 

ယားတာ

နာတာ

အက်ကွဲတာ

သွေးထွက်တာ

ရောင်ရမ်းတာ ရှိနေတတ်ပါတယ်။

နောက်တစ်ချက်ရှိတာက ခွဲစိတ်/ဖယ်ရှားလိုက်တဲ့ မှဲ့၊အသားပိုတွေဟာ ပြန်ဖြစ်လာဖို့ မရှိပါဘူး။ ကင်ဆာဖြစ်စေတဲ့မှဲ့ဆိုရင်တော့ ပြန်ဖြစ်လာတတ်ပါတယ်။

 

ဆရာဝန်သွားပြတဲ့အခါ

ဆရာဝန်ပြတဲ့အခါ ကိုယ့်မိသားစုမှာ ပုံမှန်မဟုတ်တဲ့ မှဲ့တွေရှိတဲ့သူ သို့မဟုတ် အရေပြားကင်ဆာရှိသူ ရှိမရှိ၊ မှဲ့မှာ အရောင်၊အရွယ်အစားပြောင်းလဲမှုရှိမရှိ၊ တခြားမှဲ့တွေ ဖယ်ရှားဖူးသလား၊ မှဲ့က အခုမှဖြစ်တာလား၊ ဖယ်ရှားပြီးမှ ပြန်ပေါ်လာတာလား ဆိုတာမေးမြန်းပါလိမ့်မယ်။ မှဲ့ကိုအနီးကပ် စစ်ဆေးကြည့်ရှုပြီး ဖယ်ရှားပစ်ဖို့ လိုမလို ဆရာဝန်ကဆုံးဖြတ်ပေးမှာပါ။ ကင်ဆာဟုတ်မဟုတ် စစ်ဆေးဖို့အတွက် အသားစယူ စစ်ဆေးတာလည်း လုပ်နိုင်ပါတယ်။ ကင်ဆာဟုတ်နေတယ်ဆို ကင်ဆာမှဲ့ကို ခွဲစိတ်ဖယ်ရှားပြီး သူ့နားတဝိုက်ဧရိယာကိုပါ အနည်းငယ်ဖြတ်ထုတ်ပစ်ပြီး ကုသပေးမှာဖြစ်ပါတယ်။

 

 

ရေးသားသူ - Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”