မအူပင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

မအူပင် ၁၂ ဇူလိုင်  


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံပညာကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ မအူပင်တက္ကသိုလ်စာကြည့်တိုက်နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ တာဝန်ယူဆောင်ရွက် ဖွင့်လှစ်သည့် ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်မျက်နှာစာတွင် ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးက စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းအတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်း အဖွင့်စကားပြောကြားသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလွင်လွင်မြင့်၊ တိုင်းဒေသကြီးပညာရေးမှူး၊ မအူပင်တက္ကသိုလ် စာကြည့်တိုက်မှူးတို့က စာကြည့်တိုက်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားရာ အ.ထ.က ၁ ကျောင်းအုပ် ဆရာကြီးဦးသိန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)