မအူပင် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြယ်တာရာပန်း၊ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ စူပါကျောက်စိမ်း စသည့်ပန်းများအပြင် နှစ်ရှည်ပင်ဖြစ်သော စံပယ်ပင်များကိုလည်း အများအပြား စိုက်ပျိုးကြကြောင်း၊ စံပယ်ပင်ကို မိသားစုအပိုဝင်ငွေ ရရှိရန်အတွက်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။
စံပယ်ပင်ကို မိုးတွင်းကာလများတွင် စိုက်ပျိုးပြီး ငါးလခန့်အကြာတွင် စံပယ်ပန်းများ ခူးဆွတ်ရရှိကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် စံပယ်ပင်အကိုင်းများကို ခုတ်ယူပြီး ပေါင်ခတ်၍ အတန်းလိုက် စိုက်ပျိုးရကြောင်း၊ စံပယ်ပန်းများသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ထွက်ရှိပြီး ဆောင်းရာသီတွင် အထွက်နှုန်းနည်းပါး၍ နွေရာသီနှင့် မိုးရာသီများတွင် အထွက်နှုန်းများပြားကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၄၅၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကအတွက် တစ်လလျှင် စံပယ်ပန်း ပိဿာချိန် ၁၅၀-၂၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပန်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ စံပယ်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး လစဉ်ဝင်ငွေရရှိသောကြောင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သတင်းရင်းမြစ် - စီးပွား/ကူးသန်း