မြစ်သား ဇန်နဝါရီ ၁၇

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဝါသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်း ဝါသီးနှံစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၁၆၆၆၆ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၆၆၁၇ ဧကနှင့် မြစ်သားမြို့နယ်တွင် ၁၁၈၆၄ ဧက၊ ခရိုင်အတွင်း စုစုပေါင်း ၃၈၁၄၇ ဧက စိုက်ပျိုးခဲ့ကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများ ရိတ်သိမ်းထွက်ပေါ်လျက်ရှိရာ ဧက ၁၀၃၂၀ ရိတ်သိမ်းပြီးကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

ဝါသီးနှံများကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးနှောင်းဝါသီးနှံကို ဇူလိုင်လလယ်မှ ဩဂုတ်လအတွင်း စိုက်ပျိုးပြီး လေးလခန့်အကြာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းရကြောင်း၊ ဝါစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ထုပ် ဝယ်ယူစိုက်ပျိုးပါက တစ်ဧကလျှင် မျိုးစေ့ထုပ်နှစ်ထုပ်ခန့် ကုန်ကြပြီး ယခင်နှစ် ဝါသီးနှံပေါ်ချိန်၌ ချန်ထားသော ဝါမျိုးစေ့အား စိုက်ပျိုးပါက ပိဿာချိန် ငါးပိဿာခန့် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀၀၀၀၀၀ - ၁၀၂၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် မြစ်သားမြို့နယ် ကူမဲမြို့ရှိ အောင်ကမ္ဘာဝါပွဲရုံသည် ဒေသတွင်းနှင့် အခြားဒေသမှထွက်ရှိသည့် ဝါများကိုဝယ်ယူ၍ ဝါဂွမ်းနှင့်ဝါစေ့ဆီများ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဝါဂွမ်းများကို တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

 

DOCA (မကွေး)