မြောင်းမြတွင် တိုင်းရင်းသားရိုးရာ အစားအစာ ချက်ပြုတ်ပွဲကျင်းပ

မြောင်းမြ ၂၆ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၊ မြန်မာယူနီယံမျှော်လင့်ခြင်း ဓမ္မတက္ကသိုလ် ကျောင်းဝင်းအတွင်း၌ တိုင်းရင်းသား ကျောင်းသား/ကျောင်းသူလေးများ၏ ရိုးရာအစားအစာ ချက်ပြုတ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် မြောင်းမြခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြိုးဖြိုးညွန့်နှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးကြသည်။

 

 

တိုင်းရင်းသားရိုးရာ ချက်ပြုတ်ပွဲတွင် ကချင်တိုင်းရင်းသားများ၏ ရိုးရာဟင်းလျာများ၊ ချင်းတိုင်းရင်းသားများ၏ ရိုးရာဟင်းလျာများအပြင် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ လီဆူး တိုင်းရင်းသားတို့၏ ဓလေ့ရိုးရာ ဟင်းချက်လက်ရာများ၊ မုန့်သွားရေစာ အစားအစာများကို ချက်ပြုတ်ခင်းကျင်း ပြသခဲ့သည်။

 

 

အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နွယ်နွယ်ဦးသည် မြန်မာယူနီယံ မျှော်လင့်ခြင်း ဓမ္မတက္ကသိုလ် ကျောင်းသူ/ကျောင်းသားများ၏ သားဆက်ခြားကျန်းမာရေး ဟောပြောပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများနှင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပကာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

 

 

ဆက်လက်၍ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဖွင့်လှစ်သော ကြိုးဖြင့် အိတ်ထိုးနည်းသင်တန်းနှင့် ဆပ်ပြာဆီချက်ကာ အိမ်တွင်းမှု သက်မွေးပညာ သင်တန်းတွင် ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းကို အမျိုးသမီးရေးရာ အဖွဲ့ဝင် အိမ်ရှင်မများအနေဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေး ဆောင်ရွက်ခြင်းဖြင့် မိသားစု ဝင်ငွေတိုးရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါသင်တန်းကို မြို့ပေါ်နှင့် ကျေးရွာ ရပ်ကွက်များမှ အမျိုးသမီးရေးရာအဖွဲ့ဝင် (၂၅) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)