မောရှမ်းမြေက ဝါကျွတ်ချိန်အလှ

စိုင်းသာလှိုင် ( လိမ္မော်မြေ)

 

သီတင်းဝါလကျွတ်ချိန်ရောက်လျှင် မောရှမ်းမြေရှိ တိုင်းရင်းသားများသည် သီတင်းကျွတ်ပွဲတော် ကျင်းပရန် ချိန်ဆန်ပွတ်(ခေါ်) သင်မုဒ်စင်ဘုရားကျောင်းဆောင် လှူဒါန်းပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြသည်။ ဘုန်းတော်ကြီးကျောင်း၌ ပူဇော်ကန်တော့ရန် မိမိတို့၏ ကောက်ဦးစပါးများကို ဝါကျွတ်ကာလအမီ လှူဒါန်းနိုင်ရန် ကြိုတင်ရိတ်သိမ်းပြင်ဆင်ထားကြသည်။ တောင်ယာထဲတွင် စိုက်ပျိုးထားသော ငှက်ပျောသီး၊ လိမ္မော်သီး၊ မြေပဲနှင့် ကန်စွန်းဥများကိုလည်း ကြိုတင်ဆွတ်ခူး တူးဖော်ထားကြသည်။

 

ချိန်ဆန်ပွတ်(ခေါ်) သင်မုဒ်စင်ဘုရားကျောင်းဆောင်များကို မိမိနေအိမ်၏ ဥပစာအပြင်အရှေ့ဘက် ကြမ်းပြင်ထိပ်ဆုံးတွင် ဝါးတိုင် လေးတိုင်စိုက်ထူကာ ဝရန်တာထိပ် လက်လှမ်းမီရုံနေရာတွင် လေးထောင့်စင်တစ်ခုဖြင့် ပြုလုပ်လေ့ရှိပြီး တစ်ပင်တိုင်ပြုလုပ်သည်လည်းရှိသည်။ ဘုရားကျောင်းဆောင်ကို ဝါးနှီးများဖြင့် ကျောင်းဆောင်ပုံသဏ္ဌာန် ရက်လုပ်ပြီး ဆေးဆိုးခြင်း၊ ဘုံအဆင့်ဆင့်ရှိ ပြာသာဒ်ဆောင်ပုံအတိုင်း ပြုလုပ်ပြီး ရှမ်းစက္ကူ (မှိုင်းခံစက္ကူ)များဖြင့် ဖုံးအုပ်ပုံဖော်ကာ ဆေးရောင် ခြယ်သခြင်းအပြင် ရွှေရောင်၊ ငွေရောင်စက္ကူများဖြင့် ပန်းဆွဲကြာယပ်တို့နှင့် သပ်ရပ်စွာ ပြုလုပ်ကြသည်။

 

လေးပင်တိုင်စင်ထိပ်၌ သီတင်းကျွတ်လဆန်း ၁၄ ရက် ညနေအချိန်တွင် သင်မုဒ်စင် ဘုရားကျောင်းဆောင် တင်ထားရသည်။ ဘုရားကျောင်းဆောင်များမှာ အရွယ်အစား၊ ပုံသဏ္ဌာန်အမျိုးမျိုး ပြုလုပ်ထားပြီး အကြိုဈေးနေ့များတွင် ရောင်းချလေ့ရှိသည်။ အချို့လည်း “ ချိန်ဆန်ပွတ်” ဆောက်လုပ်သည့် နေရာကို အိမ်ဝင်းအတွင်း သီးသန့်နေရာ၌ ဆောက်လုပ်ပြီး အောက်ခြေမှအပေါ်အထိ စင်အဆင့်ဆင့် ဆောက်လုပ်ကြသည်။ ခြံဝင်းမှ ဘုရားစင်အဝင်ဝအထိ သွားရာလမ်းတွင်လည်း ရှင်းလင်း၍ သဲခင်းထားပြီး မီးကြာ၊ အလင်းတိုင် ဘေးတစ်ဖက်တစ်ချက် စိုက်ထူရန်တိုင်များ၊ တန်းများ စိုက်ထူထားကြသည်။

 

တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများနှင့် စပါးပင်၊ ကြံပင်၊ ငှက်ပျောပင်၊ ချင်းပင်၊ ပန်းပင်များကို သင်မုဒ်စင် ဘုရားကျောင်းဆောင်၏ လေးထောင့် ပတ်လည်တိုင်တွင် လှပစွာချည်နှောင်စိုက်ထူထားသည်။ သင်မုဒ်စင်၏ ဘေးသုံးဖက်နှင့် အဝင်ဝမီးကြာ ထွန်းညှိမည့် လမ်းဘေးတစ်ဘက်တစ်ချက်တွင် ရာဇမတ်ကာ၍ ထားရှိသည်။ စင်၏အောက်တွင် အုန်းသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကန်စွန်းဥ၊ ကြံချောင်း၊ မြေပဲ၊ မုန့်မျိုးစုံ စသည်များကို တွဲလောင်းချိတ်ဆွဲထားကြသည်။

 

စင်ပေါ်ရှိ ဘုရားကျောင်းဆောင်ရှေ့တွင် အုန်းသီး၊ ငှက်ပျောသီး၊ ကွမ်း၊ ဆေး၊ လက်ဖက်များပါသော ဘုရားပွဲ တစ်ခုလည်း ပြင်ဆင်၍ တင်ထားသည်။ သီတင်းကျွတ် လဆန်း ၁၄ ရက် (အဖိတ်နေ့) ညတွင် ပန်း၊ ရေချမ်း၊ ဆီမီးခွက်၊ အမွှေးတိုင်များဖြင့် အကြိုညအဖြစ် စတင်လှူဒါန်း ပူဇော်ကြသည်။ အဆိုပါ ညနေတွင် နံနက်မိုးသောက်ချိန် ဘုရားဆွမ်းတော်တင်ရန်အတွက် သီးနှံယိုအမျိုးမျိုး၊ မုန့်အမျိုးမျိုးတို့ဖြင့် ကြိုတင်စီမံ ပြုလုပ်ထားပေသည်။ မိမိခြံမှ ထွက်ရှိသော သစ်သီးဝလံ၊ ပန်းမျိုးစုံတို့ကိုလည်း ပတ်ဝန်းကျင် အိမ်နီးနားချင်းသို့ သွားရောက် လှူဒါန်းကြသည်။ ကြိုတင်ပြင်ဆင်မှုများအတွက် အိမ်တိုင်းလိုလိုပင် ကိုယ်စီအလုပ်များနေကြသည်။ ထိုညနေပိုင်းမှာပင် ဘိုးဘွားမိဘများကို သွားရောက် ကန်တော့ကြသည်လည်း ရှိပေသည်။ အချို့လည်း လပြည့်နေ့နံနက်ပိုင်းတွင်ကန်တော့ကြသည်။

 

သီတင်းကျွတ်လပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်၊ အချို၊ အချဉ်၊ ယိုမျိုးစုံ၊ မုန့်မျိုးစုံများကို ဘုရားကျောင်းဆောင်အတွင်းတွင် တင်ထားပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းတော်မူမည်ဖြစ်သော မြတ်စွာဘုရားကို ရည်မှန်းကာ “ချိန်ဆန်ပွတ်” အတွင်းသို့ ကြွရောက် သီတင်းသုံးတော်မူပါရန် ပင့်ဖိတ်လျှောက်ထားရှိခိုးလျက် လှူဖွယ်များကို ဆက်ကပ်လှူဒါန်း ပူဇော်မှုပြုကြပေသည်။ နံနက်မိုးလင်းသောအခါ ရဟန်းသံဃာတော်များအား ပူဇော်ကန်တော့ရန်နှင့် ဥပုသ်သီတင်းသီလ ဆောက်တည်ရန် မိသားစုများ စုစည်းပြီး ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကြသည်။ သီတင်းကျွတ်လပြည့်ညတွင်ဘုရားကျောင်းဆောင်ပတ်လည်နှင့် အဝင်လမ်း တစ်ဖက်တစ်ချက်၌ ပျားဖယောင်းဖြင့် ပြုလုပ်ထားသော ဆီမီးခွက်များကို မီးကြာများပေါ်တွင်တင်ကာ ထိန်ထိန်လင်းနေအောင် မီးပူဇော်လှူဒါန်းကြသည်။ ထိုသို့ချိန်ဆန်ပွတ်(သင်မုဒ်စင်) ကျောင်းထားရှိကာ ပူဇော်လှူဒါန်းခြင်းကို သီတင်းကျွတ် လပြည့်ကျော် ၈ ရက်နေ့အထိ ထားရှိပူဇော်လေ့ရှိကြသည်။

 

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ညတွင် အိမ်မကြီး အဝင်တံခါး၊ အိမ်ဝင်းခြံအတွင်းပေါက်၊ အိမ်လှေကား၊ အိမ်တွင်းရှိ အဝတ်အထည်သေတ္တာ၊ ရွှေငွေသေတ္တာ၊ မီးဖို၊ ဆန်အိုး၊ ရေတွင်း၊ စပါးကျီစသည့်  နေရာများတွင် ဆီမီးထွန်းညှိပူဇော်ကြသည်။ သက်ဆိုင်ရာ အစောင့်အရှောက်များကို ပူဇော်ခြင်းဖြစ်ပြီး လာဘ်လာဘရွှင်အောင်၊ ဥစ္စာပစ္စည်း ရွှေငွေရတနာ ပစ္စည်းများ တိုးပွားလာအောင် ထွန်းညှိပသခြင်း ဖြစ်သည်ဟု အယူအဆရှိကြသည်။ လယ်မြေ၊ ယာမြေ၊ စပါးခင်း၊ သီးနှံခင်းများတွင်လည်း မီးကြာတစ်တိုင် စိုက်ထူပြီး ထွန်းညှိပသထားကြသည်။ အဆိုပါနေ့ ညဘက်တွင် ကျေးရွာ၊ ရပ်ကွက်အလိုက် စုပေါင်းပြီး မီးကြာပဒေသာများ၊ ရောင်စုံမီးပုံးများ ပြုလုပ်လျက် “တိန်းဟိန်” ခေါ် မီးထောင်ပြည့်ပူဇော်ပွဲများ ကျင်းပကြပေသည်။

 

ရပ်ရွာအတွင်း စီတန်းလှည့်လည်ပြီး ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းပူဇော်ကြသည်။ စီတန်းလှည့်လည်ရာတွင် ရှမ်းအိုးစည် ဗုံမောင်းတီးမှုတ်၍ တိုးနရားအက၊ ကိန္နရာအက၊ ဓားသိုင်း၊ လှံသိုင်းအကများလည်း ကပြဖျော်ဖြေကြသည်။ သီတင်းကျွတ်လပြည့်နေ့ နောက်ပိုင်းတွင် ရပ်ဝေးဒေသရှိ ဘိုးဘွားမိဘများရှိရာသို့ ညအိပ်ညနေသွားရောက် ကန်တော့ကြသည့် အစဉ်အလာရှိသည်။ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ ရာသီအလိုက်ပွဲများကို ကြည့်ခြင်းအားဖြင့် “တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူတူနိုင်ရိုးလား” ဆိုရိုးစကားအတိုင်း အလှူဒါနပြုရာတွင် ရက်ရောလှကြောင်း တွေ့မြင်နိုင်သည်။ မိဘ ဘိုးဘွား အစဉ်အလာကောင်းများကို သား၊ သမီး၊ မြေး၊ မြစ်များက အမွေဆက်ခံပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ပျောက်ကွယ်မသွားအောင် မျက်ခြည်ပြတ်မခံဘဲ ထာဝရ ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြရပါသည်။

 

ကြေးမုံ