မောရှမ်းတို့၏ ရိုးရာအမွေအနှစ်ဖြစ်သော ဝါးလက်မှုပညာ ဆက်လက်ထိန်းသိမ်းလျက်ရှိ

၃ နိုဝင်ဘာ

 

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ် မူဆယ်-နမ့်ခမ်း ကျေးလက်ဒေသများမှ ရှမ်းလူမျိုးတို့သည် ရှေးအစဉ် အဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် ရိုးရာအမွေအနှစ် ဖြစ်သော ဝါးနှီးရက်ဖြာ၊ ခြင်းတောင်း၊ လွယ်ပလိုင်း၊ ကျောပိုးသိုင်းစသည်ဖြင့် ရက်လုပ် အသုံးပြုနေကြဆဲဖြစ်သည်။ ရှေးယခင်ဘိုးဘွားလက်ထက်မှ ဆင်းသက်အသုံးပြုခဲ့သော အမွေအနှစ်ပညာများကို မတိမ်ကော၊ မပျောက်ပျက်စေရန် မိဘများက သားသမီးများကို ဝါးဖြင့်ရက်လုပ်ရသော အတတ်ပညာမျိုးစုံကို လက်ဆင့်ကမ်းသင်ယူနေဆဲ၊ အသုံးပြုနေဆဲပင် ဖြစ်သည်။

 

ဝါးဖြင့်ပြုလုပ်ရသော လူ့အသုံးအဆောင်ပစ္စည်းများမှာ လူမျိုးအလိုက် သူ့အရပ်ဒေသနှင့်သူ အတတ်ပညာမျိုးစုံလှသည်။ မူဆယ်-နမ့်ခမ်းဒေသ ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများ ယနေ့ထက်တိုင် အများဆုံးရက်လုပ် အသုံးပြုနေသော ပစ္စည်းများမှာ ဝါးခြင်းတောင်း ကျောပိုးလွယ်အကျဲ၊ အစိပ် အမျိုးမျိုး၊ ဆန်ပြာဆန်ကော၊ ဆန်ခါအကျဲ၊ ဆန်စပါး ထည့်သောတောင်း၊ ဝါးဖတ်ဖြင့် ပြုလုပ်သော ဝါးခမောက်၊ ပန်ရန်သမားတို့ ကျောက်ဖြုန်းနှင့် မြေသယ်ဆန်ခါကြမ်းများ၊ ဝါးဖြင့်ရက်လုပ်သော ဝါးဖျာကြမ်း၊ ဝါးဖျာချောများ၊ အိမ်ဆောက်ဝါးထရံများ၊ ဝါးခင်းကွပ်ပျစ်၊ ဝါးကုလားထိုင်၊ ဝါးခုတင်၊ ဝါးစားပွဲ၊ ဝါးထမင်းဘူးအပါအဝင် အခြားပြုလုပ်နိုင်သမျှ၊ စိတ်ကူးစိတ်သန်းရသမျှ ခေါက်ဆွဲစား၊ ထမင်းစားသော တူအဖြစ်လည်းကောင်း၊ ဝါးငရုတ်ဆုံအဖြစ် လည်းကောင်း၊ ခြံစည်းရိုးကာရံခြင်းတွင်လည်းကောင်း အမျိုးမျိုး အသုံးပြုကြပေသည်။

 

ယနေ့ခေတ်ကာလတွင် ခေတ်မီဖွံ့ဖြိုးသော လူ့အသုံးအဆောင်ပစ္စည်းများ တိုးတက်ထွက်ပေါ်နေသော်လည်း မောရှမ်းဒေသတွင် ဘိုးဘွားလက်ထက်မှ ယနေ့တိုင် ဝါးနှင့် ပြုလုပ်ရသမျှသော ပစ္စည်းများ၊ အသုံးအဆောင်များကို တန်ဖိုးထား အမြတ်တနိုး ပြုလုပ်သုံးစွဲနေကြဆဲပင်ဖြစ်သည်။ တိုက်တာအဆောက်အအုံ၊ လျှပ်စစ်မီးနှင့် စက်ကိရိယာများ အသုံးပြုနေသော ရှမ်းလူမျိုးတို့၏ နေအိမ်တိုင်းတွင် ဝါးနှင့် ပြုလုပ်သော ပစ္စည်းအသုံးအဆောင်များ နေရာယူထားဆဲ ဖြစ်ပေသည်။

 

ထို့ကြောင့်ပင် တရုတ်-မြန်မာနယ်စပ်ဒေသ မောရှမ်း လူမျိုးတို့၏ ချစ်စရာကောင်းသော ရှေးမိဘဘိုးဘွားများ၏ အတတ်ပညာအမွေ၊ အသုံးအဆောင်အမွေ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ယနေ့စက်မှုထွန်းကားသော ခေတ်ကာလတွင်ပင် မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်နေခြင်းသည် လွန်စွာမှ အတုယူဖွယ်ကောင်း ပေသည်။

 

သန်းတင်(၁ဝ၅)မြေ