မေခမြစ်အထက်နားဆီက မြို့ခေါင်လန်ဖူး

မြင့်မောင်စိုး

 

ယခင်အပတ်မှ အဆက်

ခေါင်လန်ဖူးမြို့ကို ရောက်ရှိနေခဲ့သည် မှာ တစ်ပတ်ကျော်၊ ၁၀ ရက်လောက်ရှိချိန် တွင် ဒေသဆိုင်ရာ သမိုင်းကြောင်းပြောပြ နိုင်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းနိုင်ရန် ကျွန်တော် စုံစမ်းခဲ့သည်။ ခေါင်လန်ဖူးမြို့ ရပ်ကွက်(၁)နေ ရဝမ်တိုင်းရင်းသား ဦးဖ လားဖုန်ဆိုသူနှင့် တွေ့ဆုံမေးမြန်းခွင့်ရ သည်။ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော အဘိုး ဦးဖလားဖုန်က ခေါင်လန်ဖူးမြို့တွင် အထင်ကရနေရာလည်းဖြစ်၊ သမိုင်းဝင် နေရာလည်းဖြစ်သည့် ခြေရာကုန်းနှင့် နတ် ကျောက်တိုင်နေရာများကို လိုက်လံပြသ ပေးသည်။

ခေါင်လန်ဖူးမြို့အစ ကျောက်ခြေရာက

ဦးစွာ ကျောက်ခြေရာနေရာကို လိုက်ပြ ပေးသည်။ ထိုကျောက်ခြေရာနေရာသည် ပြန်/ဆက်ကုန်းမှ အပေါ်သို့တက်သွားလျှင် ၁၅ မိနစ်ခန့် လမ်းလျှောက်တက်သွားရ သည်။ မြို့ခံ အဘိုးဦးဖလားနှင့်အတူ MRTV ရိုက်ကူးရေးအဖွဲ့လည်းပါသည်။ ကျွန်တော် တို့သည် ခြေရာကုန်းသို့ ဦးတည်တက်ခဲ့ကြ သည်။ လမ်းတစ်လျှောက် အစိုးရဌာနဆိုင် ရာရုံးများနှင့် အခြေခံပညာအထက်တန်း ကျောင်းကို တွေ့ရသည်။ ထိုကျောင်း၏ နောက်ဘက်ရှိ လူသွားလမ်းလေးအတိုင်း အပေါ်ဘက်ကို တက်သွားသည်နှင့် အူရိန် တောင်ကြီးနှင့် မေခမြစ်အလှကို လှမ်းတွေ့ ရသည်။ ခဏနေကြာတော့ ခြေရာကုန်း ပေါ်သို့ ရောက်သည်။ ခြေရာကုန်းတောင်ထိပ် တွင် တိုင်းရင်းသားရိုးရာအလံများ စိုက်ထူ ထားသည်။

“ဒီကျောက်ခြေရာတွေက ဘယ်အချိန် က စတွေ့တာလဲဆိုတာကတော့ အဘိုး လည်း အတိအကျမပြောနိုင်ပါဘူး။ လူကြီး တွေ ပြောတာကတော့ ရှေးရှေးတုန်းက ခေါင် လန်ဖူးတစ်ဝိုက်ကို တိဗက်ဒေသကလူတွေ အများကြီးရောက်ရှိလာကြတယ်။ အဲဒီမှာ တောင်ယာလုပ်စားလို့လည်းမဖြစ်၊ အမဲ လိုက်လို့လည်း အဆင်မပြေတာကြောင့် ငါတို့ ဒီနေရာကနေ ရေကြည်ရာမြက်နုရာကို သွားကြမယ်၊ တစ်ချိန်မှာ ဒီနေရာမှာပဲ ပြန်ဆုံ ကြမယ်ဆိုပြီး ကျောက်ခြေရာအမှတ်အသား တွေ ထွင်းလုပ်ထားကြသတဲ့။ အရှေ့ဘက် အရပ်သွားမယ့်သူက အရှေ့ဘက်လှည့်တဲ့ ခြေရာ၊ အနောက်ဘက်သွားမယ့်သူက အနောက်ဘက်လှည့်ထားတဲ့ခြေရာ၊ မြောက် ဘက်သွားမယ့်သူက မြောက်ဘက်လှည့် ခြေရာဆိုပြီး အရပ်ခြောက်ခု၊ ခြေရာ ခြောက်ခုထားခဲ့ကြတယ်” ဟု အဘိုး ဦးဖ လားဖုန်က ခြေရာကုန်းကျောက်ဖျာချပ်ပေါ် ရှိ မထင်မရှားဖြစ်နေပြီဖြစ်သော ကျောက် ခြေရာများကို ပြသပေးသည်။

ထိုကျောက်ခြေရာများ တွေ့ရှိမှုအရ ခေါင်လန်ဖူးဒေသသို့ ရှေးဦးလူသားများ စတင်ရောက်ရှိလာပုံ သမိုင်းအစိတ်အပိုင်း တစ်ရပ်ဖြစ်နိုင်သည်။ မည်သို့ပင်ရှိစေကာမူ စိတ်ဝင်စားစရာကောင်းနေသည်ကတော့ အမှန်ပင်။ ထိုခြေရာကုန်း တောင်အောက် ခြေတွင် မေခမြစ်နှင့် အာချန်ခမြစ်တို့ ပေါင်း ဆုံစီးဆင်းလျက်ရှိသည်ကို တွေ့ရသည်။ ဒေသခံများက ထိုနေရာကို မြစ်ဆုံဟုခေါ် ကြသည်။

မြင့်မားလှသော တောင်နှစ်လုံးကြားမှ မေခမြစ်ကို တသွင်သွင်စီးဆင်းလျက် တွေ့ရ သည်။ မေခမြစ်သည် အလွန်ရေစီးသန်သော မြစ်လည်းဖြစ်သည်။ တောင်တန်းနှစ်သွယ် ကြားမှ မေခမြစ်စီးဆင်းနေမှုမှာ အလွန်လှပ သော ရှုခင်းပင်ဖြစ်သည်။ ထိုခြေရာကုန်း၌ ပင် လူတစ်ရပ်ကျော်အမြင့်ရှိ ထောင်လျက် ကျောက်တုံးကြီးတစ်တုံးကို တွေ့ရပြန်သည်။ ကျောက်တုံး၏ ဘေးမျက်နှာပြင်ဘက်တွင် အစင်းကြောင်းများ တွေ့ရသည်။ ထိုကျောက် တုံးကို နတ်ဓားသွေးသည့်နေရာဟုလည်း ဆိုကြသည်။

“ဒီကျောက်တုံးက အောက်က မြစ်ဆုံမှာ ရှိနေတဲ့ ကျောက်တုံးနဲ့ အတူတူပဲ။ သူတို့က ရည်စားတွေတဲ့။ လူကနေ ကျောက်ဖြစ်သွား တဲ့သဘောပေါ့။ တစ်ခါတလေ ဒီကျောက်တုံး ပေါ်မှာ ငါးရိုးတွေ တွေ့ရတယ်။ ဒီကျောက်တုံး ကြီးတွေက တစ်ခုခုတော့ ထူးဆန်းနေတာ အမှန်ပဲ” ဟု အဘိုးဦးဖလားဖုန်က ခြေရာကုန်း ပေါ်မှ ကျောက်တုံးကြီး၏ ထူးခြားချက်များ ကို ဆက်လက်ပြောပြသည်။

ကြက်ဖတွန်ချိန် မြို့တည်

ထိုခြေရာကုန်းမှ မြို့အဝင် ကျောက်တိုင် များစိုက်ထူထားသောနေရာကိုလည်း လိုက်ပြ သည်။ မြို့အဝင် တောင်ကုန်းလေးတစ်ခုပေါ် တွင် ထောင်လိုက် ကျောက်များ စိုက်ထူထား သောနေရာကို တွေ့ရသည်။ ထိုကျောက်တိုင် များကို သွပ်ဖြင့် ကျကျနနမိုးပေးထားသည်။ သမိုင်းဆိုင်ရာ အမှတ်အသားတစ်ခုပင်ဖြစ် သည်။

“ရှေးဦးလူသားတွေ ရေကြည်ရာ မြက်နု ရာ ရှာကြတဲ့အခါမှာ လူကြီးတွေက ကြက်ဖ တစ်ကောင်သယ်လာပြီး အဓိဋ္ဌာန်တစ်ခု ပြုကြ လေသတဲ့။ အဲဒီအဓိဋ္ဌာန်ကတော့ ငါတို့သယ် ဆောင်လာသော ကြက်ဖကြီး တွန်လိုက်တဲ့ နေရာကို မြို့တည်ဖို့ နတ်ကို တိုင်တည်ထား ကြတယ်တဲ့။ အခုတွေ့တဲ့နေရာမှာ ကြက်ဖကြီး က အတောင်နှစ်ဖက်ကို တဖြောင်းဖြောင်း ရိုက်ခတ်လိုက်ပြီး အလွန်သာယာတဲ့အသံနဲ့ အောက်အီးအီးအွတ်ဆိုပြီး တွန်လိုက်တယ် တဲ့။ အဲဒါနဲ့ ဒီနေရာမှာ ငါတို့ မြို့တည်ရမယ် ဆိုပြီး ခေါင်လန်ဖူးမြို့ကို စတည်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ ဒီနေရာမှာပဲ နတ်ပူ ဇော်တာတွေ ဘာတွေ ရှိလာတယ်။ ရပ်ဝေး ရပ်နီးမှလာတဲ့ သူစိမ်းတွေဆို တုတ်တစ်ချောင်း အဲဒီမှာ စိုက်ထားရပါတယ်။ အရိုအသေပြုတဲ့ သဘောပေါ့။ အဲဒါမှ မြို့ထဲကို ဖြတ်ကျော်ဝင် ရောက်ခွင့်ပြုတယ်တဲ့”ဟု အဘိုးဦးဖလားဖုန် က ခေါင်လန်ဖူးမြို့စတင်တည်ခဲ့သည့် ရှေးဖြစ် သမိုင်းနှင့် ပတ်သက်၍ ပြောပြခဲ့ခြင်းဖြစ် သည်။ ထိုသမိုင်းအယူအဆများသည် ခုနှစ် သက္ကရာဇ်များကို အတိအကျဖော်ပြနိုင်ခြင်း မရှိသော်လည်း ခေါင်လန်ဖူးဒေသသို့ ရှေးဦး လူသားများ အခြေချနေထိုင်လာခြင်းကို ထင် ဟပ်ဖော်ပြနေခြင်းပင် ဖြစ်သည်။

လီဆူတိုင်းရင်းသားတို့၏ ရိုးရာအက

ခေါင်လန်ဖူးဒေသက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များကလည်း ထိုဒေသ နေ တိုင်းရင်းသားတို့ ယဉ်ကျေးမှုအဆင့် အတန်းမြင့်မားမှုကို ထင်ဟပ်ဖော်ပြနေပါ သည်။ ခေါင်လန်ဖူးမြို့သို့ ရောက်ရှိနေခိုက် ကချင်မျိုးနွယ်စု တိုင်းရင်းသားတစ်မျိုးဖြစ် သည့် လီဆူတိုင်းရင်းသားတို့၏ ရိုးရာယဉ် ကျေးမှုတစ်ရပ်ကို လေ့လာခွင့်ရခဲ့ပါသည်။ ကျွန်တော်တို့အား မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ခေါင်လန်ဖူးမြို့နယ်)က ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသား ရေးရာရိုက်ကူးရေးအဖွဲ့အား လီဆူရိုးရာအက များဖြင့် ဖျော်ဖြေကြပါသည်။

“ဒီအကကတော့ လူကြီးလူကောင်းတွေ ကိုယ့်ဒေသကို လာရောက်ကြတဲ့အခါ ဝမ်း မြောက်ဝမ်းသာနဲ့ ဂုဏ်ပြုကပြတဲ့အက ဖြစ်ပါ တယ်။ ကျွန်တော်တို့ လီဆူတိုင်းရင်းသားတွေ နှစ်သစ်ကူးမှာ ကပြတဲ့အက၊ နွားနောက်ခြံ ကာပြီးတာနဲ့ ကပြတဲ့အက၊ လက်ထပ်မင်္ဂလာ ပွဲမှာ ကပြတဲ့အကတွေရှိပြီး ဒီအကကတော့ လူကြီးလူကောင်းတွေ ကိုယ့်ဒေသကို ရောက် လာတဲ့အခါ ကပြတဲ့အကပဲ ဖြစ်ပါတယ်” ဟု ခေါင်လန်ဖူးမြို့နယ် လီဆူစာပေနှင့် ယဉ်ကျေး မှုကော်မတီ ဥက္ကဋ္ဌ ဦးလေမေဖူဆီရဲ့က လီဆူ ရိုးရာအကများအကြောင်း ပြောပြခဲ့ခြင်းဖြစ် ပါသည်။

နှင်းမှုန်မှုန် တိမ်လွှာမျှင်များ ကာရံထား သော ဂီထော့တောင်ကြီးကို ကျောထောက် နောက်ခံထားပြီး တီးမှုတ်ကပြခဲ့သော လီဆူ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ရိုးရာ အကသည် အလွန်ပင်သဘာဝကျလှသော ရိုးရာအကပင် ဖြစ်ပါသည်။

လီဆူရိုးရာ ဇာဘာထမင်းပွဲ

ခေါင်လန်ဖူးမြို့နယ် လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီက ရိုးရာအစား အသောက်တစ်မျိုးဖြစ်သည့် “ဇာဘာ” ဖြင့် လည်း တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသေး သည်။ လီဆူဘာသာစကားအရ “ဇာ” ဆို သည်မှာ ထမင်းဖြစ်ပြီး “ဘာ” ကို “အထူး” လို့ ဆိုပါသည်။ ထို့ကြောင့် အထူးစီစဉ်ချက် ပြုတ်ကျွေးမွေးသော ထမင်းပွဲကြီးဟု ဆိုရ ပေမည်။ ဇာဘာထမင်း ချက်ပြုတ်ပြုလုပ်ပုံ မှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။

ဇာဘာထမင်းထည့်ရန်အတွက် ဦးလေ မေဖူဆီရဲ့၏ နေအိမ်တွင် လီဆူအမျိုးသား များက ဝါးခြင်းကို ဦးစွာရက်လုပ်ကြရသည်။ ရက်လုပ်သည့်ဝါးမှာလည်း ချက်ချင်းတော သို့ သွားရောက်ကာ ခုတ်ယူလာသော အလုံး ကြီးကြီး ဝါးစိမ်းများပင်ဖြစ်သည်။ ထိုဝါး များကို နှီးဖြာ၍ ခြင်းရက်လုပ်ကြရသည်။ ထိုအချိန်တွင် လီဆူအမျိုးသမီးများက ထမင်းချက်သူချက်၊ ဖက်ခူးသူခူး ထွက်ကြ ရသည်။

ထမင်းချက်ရာတွင်လည်း စိတ်ဝင်စား စရာကောင်းသည်။ အိမ်ပေါ်ထပ်ရှိ မီးဖို ကြီးပေါ်တွင် အငွေ့တထောင်းထောင်းဖြင့် တဗွမ်းဗွမ်းဆူပွက်နေသော ရေနွေးအိုးကြီး ထဲသို့ ဆေးပြီးသားဆန်များကို လောင်းထည့် ရသည်။ ဆန်များကို သမအောင်မွှေပေးပြီး အဖုံး ဖုံးအုပ်ထားသည်။ ခဏနေကြာတော့ ထမင်းကျက်သည်။ ထိုချက်ထားသော ထမင်းကို စောစောက ရက်လုပ်ထားသော ခြင်းတောင်းထဲတွင် လတ်လတ်ဆတ်ဆတ် တောထဲမှ ခူးယူလာသော ဖက်ကို ခင်းကာ ထမင်းကို ထည့်သည်။ ဟင်းမှာ လက်သီးဆုပ် အရွယ်မျှရှိသော ဝက်သားတုံးများဖြစ်သည်။ ဟင်းရည်ကို ပြုတ်ထားသော ဝက်သားရည် ကို ဝါးကျည်တောက်များဖြင့် ထည့်သည်။ ထို့ကြောင့် ဇာဘာထမင်းသည် ခြင်းတောင်း နှင့် လက်သီးဆုပ်မျှဝက်သားတုံးကြီးများ ထည့်ထားသည်မှာ စားချင့်စဖွယ်ဖြစ်နေ သည်။

 

“ကျွန်တော်တို့ ဒီဇာဘာကတော့ အထူး ဧည့်သည်တွေနဲ့ မင်္ဂလာဆောင်အခမ်းအနား တွေမှာ တည်ခင်းဧည့်ခံတဲ့ ရိုးရာအစားအစာ ဖြစ်ပါတယ်” ဟု ခေါင်လန်ဖူးမြို့ လီဆူစာပေ နှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးလေမေ ဖူဆီရဲ့က ရှင်းပြသည်။

လီဆူရိုးရာဒူးလေး

ဒူးလေးသည် လီဆူတိုင်းရင်းသားတို့၏ အမဲလိုက်ရာ လက်နက်တစ်မျိုးဖြစ်ပါသည်။ ဒူးလေးကို ရှေးအခါက အဆိပ်ဥများ မြားထိပ် ဖျားတွင် သုတ်လိမ်း၍ အမဲလိုက်ကြကြောင်း သိရပါသည်။ လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ က ဒူးလေးပေါ်ပေါက်လာပုံ ရှေးဟောင်း ရိုးရာသီချင်းဖြင့်လည်း ဖျော်ဖြေတင်ဆက် ကြရာအလွန်ပင် စိတ်ဝင်စားစရာကောင်း လှပါသည်။ ယခုအခါ လီဆူတိုင်းရင်းသားများ အကြား ဒူးလေးအသုံးပြု၍ အမဲလိုက်မှုမှာ အလွန်ပင်ရှားပါးလာပြီဖြစ်သည်။ မိမိတို့ နေအိမ်များ၌ ဒူးလေးကို ရှေးဟောင်းအမွေ အနှစ်ပစ္စည်းတစ်ခုအဖြစ်သာ ချိတ်ဆွဲထား ကြသည်ကို တွေ့ရသည်။

တိုင်းရင်းသားအစားအစာ အူလိုင်မုန့်

ခေါင်လန်ဖူးမြို့နယ်တွင် အဓိကအားဖြင့် လီဆူနှင့် ရဝမ်တိုင်းရင်းသားများသာ နေထိုင် ကြသည်။ ထိုတိုင်းရင်းသားများ၏ ရှေးခေတ် ရှေးအခါကပင် ယနေ့ထိတိုင် အာဟာရအဖြစ် စားသုံးနေသည့် အစားအစာတစ်မျိုးရှိသည်။ ထိုအစားအစာမှာ အူလိုင်ဖြစ်သည်။ အူလိုင် ကို လီဆူဘာသာဖြင့် “စူးရဲ့” ဟု ခေါ်ဆိုပြီး ရဝမ်ဘာသာအရ “အလဲ” ဟု ခေါ်ဆိုကြောင်း သိရသည်။ ပူတာအိုမှ ခေါင်လန်ဖူးသို့ အလာ လမ်းတွင် ဝါးခယ်ဝါကျေးရွာသားများ အူလိုင် ပင်မှ အူလိုင်မုန့်ထုတ်လုပ်ရန် ထန်းပင်လုံး ပုံစံအပင်တစ်မျိုးကို မော်တာတပ်စက်လွှ ဖြင့် တိုက်ဖြတ်နေကြသည်ကို တွေ့ခဲ့သည်။

“အလုပ်လုပ်တဲ့အချိန်မှာ လိုအပ်တဲ့ ခွန်အားတစ်ရပ်ရစေဖို့ အူလိုင်ပင်ကနေ အူလိုင်ကို ထုတ်ယူနေတာပါ။ ဒီအူလိုင်က အပင်သက်တမ်း ၁၈ နှစ်လောက်မှ အပွင့် တွေ၊ အသီးတွေ ထွက်လာမှပဲ မုန့်လုပ်ဖို့ ခုတ်လှဲနိုင်ပါတယ်။ ဒီခေါင်လန်ဖူး တောင်ပေါ် ဒေသမှာ ဆန်တွေ၊ ထမင်းတွေ မရှိခင် အဘိုး အဘွားခေတ်ကတည်းက အူလိုင်မုန့်ကို လုပ်စားလာကြတာပါ။ ယနေ့အထိ တိုင်းရင်း သားတွေက အူလိုင်ကို စားသုံးနေဆဲပါ။ အူလိုင်က အသက်ဆက်တဲ့ အစားအစာ လည်း ဖြစ်ပါတယ်” ဟု ခေါင်လန်ဖူးမြို့နယ် ဝါးခယ်ဝါကျေးရွာမှ ကိုဆီအာရဲ့က ပြောပြ သည်။ ကိုဆီအာရဲ့နှင့် လူငယ်တစ်စုက ခေါင် လန်ဖူးသို့ သွားရာလမ်းပေါ်တွင် ထန်းပင် လုံးနှင့် တူသော အပင်ကိုလှဲချကာ အူလိုင်ကို ထုတ်ယူလျက်ရှိသည်။

အူလိုင်ပင်စည် အတွင်းဘက်အသားကို စက်လွှဖြင့် တိုက်ချပြီး ထွက်လာသော လွှစာ မှုန့်ကို ရေတွင်စိမ်စေပြီး စား၍မရသော အူလိုင်အဖတ်များ ရေတွင်မျောပါသွားကာ စားသုံးနိုင်သော အူလိုင်များ ရေအောက်တွင် ကျန်နေကြောင်း၊ ရေအောက်တွင် ကျန်နေ သော အူလိုင်မှ မုန့်အဖြစ် လုပ်စားနိုင်သော အူလိုင်ကို ရရှိကြောင်း သိရသည်။

အူလိုင်ကို မုန့်အဖြစ် လှော်စားနိုင်သလို ကြော်၍လည်း စားသုံးနိုင်သည်။ သူ့မူလ အရသာကို သကြားဖြင့်လည်းကောင်း၊ နို့ဆီ ဖြင့်လည်းကောင်း ရောနှောစားလျှင် အရသာ ရှိသည်။ ယခုအခါ တရုတ်နိုင်ငံက အူလိုင်ကို ဂျုံဖြင့်ရောကြော်စားရန် ဝယ်ယူမှုများရှိသည် ဟု ဆိုသည်။ အူလိုင်မုန့်သည် အတွင်းကလီစာ ကို အားကောင်းစေပြီး သွေးတိုးလည်း ကျစေ သည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေကာမူ အူလိုင်မုန့်ကို ဆန်စပါးရှားပါးလှသော ခေါင် လန်ဖူးဒေသတွင် တိုင်းရင်းသားများ၏ ရိုးရာ အစားအစာအဖြစ် ယနေ့ထိတိုင် ထုတ်လုပ် စားသုံးနေကြဆဲဖြစ်သည်။

ခေါင်လန်ဖူးဒေသ၏ ထူးခြားချက်တစ် ရပ်မှာ မြန်မာ့စီးပွားရေးဘဏ် မရှိသေးပါ။ တစ်မြို့နယ်လုံး၏ ဝန်ထမ်းလစာနှင့် ပင်စင် လစာများကို ငွေတိုက်ထားရှိပြီး ထုတ်ပေး လျက်ရှိကြောင်း သိရပါသည်။ သုံးလတစ်ကြိမ် ခေါင်လန်ဖူးမြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ကျ ဝန်ထမ်းများက နောင်မွန်ဘဏ်မှ သွားရောက် ထုတ်ထားကြရကြောင်း၊ ထွေ/အုပ်ဝန်ထမ်း များက လစာထုတ်ပေးခြင်းကို ဆောင်ရွက် ကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့သည် အမည်နာမအား ဖြင့် မြို့ဟုဆိုသော်လည်း ဌာနဆိုင်ရာရုံးများ ရှိသည်မှတစ်ပါး အခြားသော မြို့အင်္ဂါရပ် များနှင့် ပြည့်စုံသည်ဟု မဆိုနိုင်ပါ။ မြို့ပြလမ်း များ မရှိသလို ညနေ ၆ နာရီမှ ၁ဝ နာရီခွဲ အထိသာ လျှပ်စစ်မီးပေးနိုင်သေးသည်။ တယ်လီဖုန်းဆက်သွယ်ရေးလည်း အပြည့် အဝမရသေးပါ။ CDMA 450 နှင့် MEC ကတ် များဖြင့် ဖုန်းဆက်သွယ်ပြောနိုင်သည်ဆိုသော် ငြားလည်း ပြတ်တောင်းပြတ်တောင်းသာ ပြောဆိုနိုင်ပါသေးသည်။ မြို့ရေပေးဝေရေး စနစ်မှာလည်း တောင်ကျရေကို ခံပြီး ရေပိုက် ငယ်လေးများဖြင့် သွယ်တန်းကာ သုံးစွဲနေ ကြရပါသည်။ လမ်းပန်းဆက်သွယ်ရေးမှာ လည်း ကားလမ်း လုံးဝမပေါက်သေးပါ။ ဆိုင်ကယ်ပင် မောင်း၍ရသောလမ်း မရှိသေး ပါ။ ရွှံ့နွံထူထပ်ပြီး တောင်ဆင်း တောင်တက် ကြမ်းသော လားမောင်းသည့်လမ်းသာ ရှိပါ သေးသည်။ ထိုလားလမ်းပေါ်တွင် ဒေသခံ ဆိုင်ကယ်ကယ်ရီသမားများက မရမက စွန့် စွန့်စားစား မောင်းနှင်သွားလာနေကြသည် တော့ ရှိပါသည်။ အလွန်အန္တရာယ်များလှပါ သည်။

သို့သော် ခေါင်လန်ဖူးဒေသသည် ဒေသ တစ်ခုလုံး၏ ဗဟိုအချက်အချာကျရာ နေရာ တွင် ရှိပါသည်။ ကားလမ်းနှင့် ဆိုင်ကယ် လမ်းများ မပေါက်သေးသော်လည်း ခြေကျင် လမ်းနှင့် လားတင်လမ်းများ ရှိနေပါသည်။

ခေါင်လန်ဖူးမြို့နှင့် လမ်းများအကြောင်း

တစ်နေ့ ခေါင်လန်ဖူးမြို့နှင့် ဆက်သွယ် နေသော လမ်းများအကြောင်းကို ခေါင်လန် ဖူးမြို့နေ ထရီဝမ်ခေါင်ကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးခေါင်ဆင်က ဆန် ခေါက်ဆွဲဆိုင်၌ ခေါက်ဆွဲစားရင်း ပြောပြ သည်။

“ကျွန်တော်တို့ဒေသရဲ့ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပြောပြရမယ်ဆိုရင် ခေါင်လန်ဖူး-မဂွေဇ-ပူတာအိုလမ်း၊ ဒီလမ်းက ခေါင်လန်ဖူးနဲ့ သွားလာမှုအများဆုံးလမ်းပါ။ ဒီကနေ့အထိ ကားလမ်းတစ်ဝက်သာ ပေါက်ပါ သေးတယ်။ ဆိုင်ကယ်လမ်းလည်း မပေါက် သေးပါဘူး။ ဆန်းလွတ်ချက်ကနေ ခေါင်လန်ဖူး အထိ ခြေကျင်လျှောက်ရတုန်းပါပဲ။ လားလမ်း အဆင့်သာ ရှိပါသေးတယ်။ ခေါင်လန်ဖူး- ဇန်ယော့-ရှိန်းခေါင်-အမတ်ဂျောင် ဆက် သွယ်ထားတဲ့ လမ်းကတော့ ခေါင်လန်ဖူးက နေ တရုတ်နယ်စပ်အထိ သွားရောက်နိုင်တဲ့ လားလမ်းဖြစ်ပါတယ်။ ဒီလမ်းပေါ်မှာ ခေါင် လန်ဖူးမြို့နယ်ထဲမှာပါတဲ့ ကျေးရွာငယ်တွေ အများကြီးရှိပါတယ်။ မူလတန်းကျောင်းတွေ လည်း ရှိပါတယ်။ ဇန်ယော့နဲ့ ရှိန်းခေါင်မှာ တော့ အထကကျောင်းတွေ ပွင့်နေပါပြီ။ နောက်တစ်ခုက ခေါင်လန်ဖူး-မီဇော-ထဖုံး- အမတ်ဂျောင်လမ်းပါ။ ဒီလမ်းကတော့ ခေါင် လန်ဖူးဒေသရဲ့ အခက်အခဲဆုံးလမ်း ဖြစ်ပါ တယ်။ ဒီလမ်းမှာ တံတားတွေ၊ ချောင်းတွေ၊ ချိုင့်ဝှမ်းတွေ များပါတယ်။ လမ်းတွေက ခက်ခဲ လွန်းလို့ လူတွေ မနေနိုင်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ပြောင်းရွှေ့သွားကြတာ ကျေးရွာအုပ်စုတစ်စုကို လေးအိမ် ငါးအိမ် လောက်ပဲ ကျန်ပါတော့တယ်။ ခေါင်လန်ဖူး- လဂျာလမ်းကျတော့ လုံခြုံရေးအရ ခက်ခဲ တဲ့လမ်း ဖြစ်ပါတယ်။ ဒီလမ်းသွားမယ် ဆိုရင် ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား၊ မချမ်း ဘောမြို့တွေကို ရောက်နိုင်ပါတယ်” ဟု ပြောပြသည်။

ခေါင်လန်ဖူးမြို့နှင့် ဆက်သွယ်ထား သော လမ်းများအားလုံးသည် တောင်တက် တောင်ဆင်းပေါပြီး ကျွတ်ထူသော ခြေကျင် လမ်းများသာဖြစ်သည်။ သို့သော်လည်း ခေါင် လန်ဖူးဒေသ ခေါင်လန်ဖူးမြို့လေးသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ ပါက တဖြည်းဖြည်း တိုးတက်ပြောင်းလဲ လာမည့်မြို့လေး ဖြစ်သည်။ နိုင်ငံတော်အနေ ဖြင့်လည်း ခေါင်လန်ဖူး-မဂွေဇလမ်းကို ပေါက်အောင် အလေးအနက်ထား ဆောင် ရွက်နေပြီဖြစ်သည်။

မေခနှင့် အာချန်ခကဲ့သို့ ဒေသတွင်း လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သော နေရာ များလည်း ရှိသည်။ သစ်တော၊ သယံဇာတ နှင့် ဓာတ်သတ္တုအရင်းအမြစ်များလည်း ရှိသည်။ နယ်မြေအခြေအနေမှာလည်း တည်ငြိမ်အေးချမ်းလျက်ရှိသည်။ ဒေသနေ တိုင်းရင်းသားများဖြစ်ကြသည့် လီဆူနှင့် ရဝမ်တိုင်းရင်းသားများသည်လည်း အေး အတူပူအမျှ ချစ်ခင်ရင်းနှီးစွာ နေထိုင်လျက် ရှိကြသည်။ သို့အတွက် ခေါင်လန်ဖူးမြို့ သာမက ခေါင်လန်ဖူးဒေသတစ်ခုလုံးသည် မကြာမီနှစ်များအတွင်း တိုးတက်ပြောင်းလဲ မှုများ တဖြည်းဖြည်း ရရှိလာတော့မည်မှာ ဧကန်မလွဲပင် ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း