မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ

မွေးကင်းစကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ တကယ်ကိုမလွယ်ကူပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ရပြီး စကားမပြောတတ်သေးတဲ့ သူတို့အတွက် အမူအရာတွေက အသက်ပါပဲ။ ဒီထဲမှာ ကလေးငိုတဲ့ပုံ၊ ဝမ်းသွားဆီးသွားတဲ့ပုံတွေက အရေးကြီးတာပေါ့။ ဒါပေမယ့် ကိုယ့်ဘေဘီလေးက ဝမ်းပျက် နေတာလား ပုံမှန်ပဲလား ဆိုတာ မသဲကွဲတဲ့မေမေတို့ရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ မွေးကင်းစကလေးတစ်ယောက်က ဘယ်လိုပုံစံမျိုးဝမ်းသွားလဲဆိုတာကိ ုပြောပြပေးမှာ ဖြစ်ပါတယ်။

 

မွေးကင်းစ ကလေးတစ်ယောက်က ဝမ်းဘယ်နှစ်ခါလောက် ပုံမှန်သွားတတ်လဲ။

 

မွေးကင်းစကလေးတွေအတွက် အနှီးတွေ ခဏခဏလျှော်ရ သေးခံ တွေ ခဏခဏလဲပေးရတာကို လူတိုင်းသိကြမှာပါ။ မွေးပြီးပြီးချင်းဆို ကလေးတစ်ယောက်က တစ်နေ့ကို ဝမ်း ၂ ကြိမ်လောက်ပဲ သွားတတ်ပေးမယ့် မွေးပြီး ၁ပတ်သားလောက်ဖြစ်လာတဲ့အခါမှာတော့ တစ်နေ့ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် ဝမ်းသွားပါလိမ့်မယ်။ နို့တိုက်ပြီးတိုင်း ဝမ်းသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်း ၁ လပြည့်လောက်ကျမှ ဝမ်းသွားတဲ့ အကြိမ်အရေအတွက် နည်းသွား ပါလိမ့်မယ်။

 

၁ လနောက်ပိုင်းမှာတော့ ဝမ်းသွားတာ ကျဲသွားတတ်ပြီး တစ်နေ့ကို တစ်ခါလောက်တောင် သွားချင်မှ သွားပါလိမ့်မယ်.။ ဒီလို အခါမျိုးကျ ကလေးဝမ်းချုပ်မချုပ်ကို သေချာသိဖို့ လိုလာပြန်ပါတယ်။

 

ကလေးဝမ်းက ဘယ်လိုပုံစံမျိုးလဲ။

 

မွေးကင်းစကနေ အပါတ်သား လသားလေးတွေမှာသွားတဲ့ ဝမ်းက မတူနိုင်ပါဘူး၊ အရောင်လည်းကွဲနိုင်တဲ့အပြင် အပျော့အမာလည်း ကွဲဦးမှာ ဖြစ်ပါတယ်။

 

မွေးကင်းစဘေဘီလေး စစချင်းသွားတဲ့ဝမ်းက ပျစ်ပျစ်ကြီးနဲ့ အစိမ်းရောင်၊ အနက်ရောင် ဝမ်းတွေဖြစ်တတ်ပြီး ကပ်နေတတ်ပါတယ်။ ဒီလိုဝမ်းကို meconium လို့ခေါ်ပါတယ်။

 

နောက်ပိုင်း ၁ပတ်လောက်ရလာရင် အဝါရောင် ဝါညိုရောင်ကို ပြောင်းလာမှာ ဖြစ်ပါတယ်။

 

မိခင်နို့သောက်တဲ့ကလေးတွေရဲ့ ဝမ်းက အဝါရောင်ဘက်ပိုသွားပြီး ပျစ်ချွဲချွဲ ပိုဖြစ်တတ်ပါတယ်။

 

 ကလေးအသက်ကြီးလာတာနဲ့ ဝမ်းသွားတဲ့ ပုံစံက ဘယ်လိုပြောင်းလဲလာမှာလဲ။

 

ကလေးဖြည့်စွက်စာ စစားပြီဆိုတာနဲ့  ပြောင်းလဲလာတဲ့ ဝမ်းပုံစံကို မြင်တွေရမှာပါ။

 

 ဝမ်းပုံစံ

 

နို့တိုက်နေတဲ့အချိန် – ဝမ်းပျော့ပျော့လေးကနေ အရည်ပုံစံမျိုးလေး ဖြစ်တတ်ပါတယ်

 

ဖြည့်စွက်စာစကျွေးတဲ့အချိန် – ဝမ်းက မာလာတတ်ပြီး အနံ့ပြင်းပြင်းစရှိလာပါလိမ့်မယ်။ ကလေး အစာခြေစနစ် ကောင်းကောင်း အလုပ်မလုပ်သေးတာကြောင့် ဝမ်းထဲအစာတွေ လည်းပါနေတတ်ပါသေးတယ်။

 

ဝမ်းအရောင်

 

မိဘတော်တော်များများက ကလေး ဝမ်းအရောင်နဲ့ ပက်သက်ပြီး တော်တော်စိုးရိမ်ကြပါတယ်။ ဒါပေမယ့် ကလေးစားတဲ့အစားအစာတွေပေါ်မူတည်ပြီး ဝမ်းအရောင်က ပြောင်းသွား တတ်တာကြောင့် ခုပြောပြမယ့်ဟာလေးတွေ ဖတ်ကြည့်စေချင်ပါတယ်။

 

အညိုရောင်၊ အဝါရောင်၊ အစိမ်းရောင် အားလုံးဟာ မွေးကင်းစဘေဘီလေးတွေရဲ့ ပုံမှန် ဝမ်းအရောင်တွေပါ။

 

အမဲရောင်၊ အနီရောင်တွေသွားတယ်ဆိုရင်တော့ ကလေးအူထဲမှာ သွေးစိမ့်ယိုနေတာမျိုးတွေ ရှိတတ်တယ်ဆိုပေမယ့် ကလေးကိုကျွေးတဲ့ အစားအစာတွေရယ် အခြားဖြစ်နေတဲ့ လက္ခဏာတွေရယ်ကို တစ်ချက်ပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။

 

ကလေးဝမ်းက ဖြူနေပြီဆိုရင်တော့ အသည်းမှာ ပြဿနာရှိတာဖြစ်နိုင်သလို အခြား ဝမ်းကိုက်ပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

 ဘာတွေ သတိထားပြီးကြည့်သင့်လဲ ။

 

မွေးကင်းစ ဘေဘီလေးတွေရဲ့ ဝမ်းက အမြဲပြောင်းနေတာ ဖြစ်တဲ့အတွက် ကလေးဆီမှာ ဘယ်လိုပြဿနာတွေရှိနေလဲ ဆိုတာ ပြောပြဖို့တော့ ခက်ပါတယ်။

 

ကလေးဝမ်းကမာနေ ခြောက်နေမယ်ဆိုရင် ကလေးရေလုံလုံလောက်လောက် မသောက်တာ၊ အဖျားတက်နေတာကြောင့် ရေဓာတ်ဆုံးရှုံးနေတာတွေဖြစ်နိုင်ပါတယ်။

 

ဝမ်းကလည်း အရည်ဖြစ်နေမယ်သွားတဲ့ အကြိမ်ကလည်း များနေမယ်ဆိုရင် ဝမ်းလျှော နေတာ ဖြစ်နိုင်ပါတယ်။

 

ဘက်တီးရီးယားကြောင့်ဝမ်းလျှောနိုင်သလို ဗိုင်းရပ်စ်ကြောင့်လဲ ဝမ်းလျှောနိုင်ပါတယ်။ ဒီလို အခါမျိုးတွေမှာတော့ ဆေးမှန်မှန်သောက်ဖို့ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ ဓာတ်ဆား ရည်မှန်မှန် တိုက်ပေးဖို့လိုပါတယ်။

 

ဘယ်လိုအချိန်ဆို ဆေးခန်းသွားသင့်လဲ။

 

ကလေးက ဝမ်းလျှောတာများပြီး ပျို့အန်တာတွေလည်း ဖြစ်နေမယ်

 

ဝမ်းကအရည်တွေပဲ ဖြစ်နေပြီး အရောင်ကလည်း အဖြူရောင် အမဲရောင်တွေဖြစ်နေတတ်တယ်

 

ဝမ်းမှာ အချွဲတွေပါနေပြီးသွေးတွေလည်း ပါနေမယ်

 

ကလေးက ကိုယ်တွေလည်းပူ၊ တစ်ချိန်လုံးလည်း ဂျီကျ အားမရှိသလိုဖြစ်နေမယ်

 

ဆီးသွားလည်း နည်းနေပြီး အရေပြားတွေလည်း ပျော့ပြဲနေမယ်ဆိုရင်တော့ဆရာဝန်ဆီ ချက်ချင်းသွားဖို့ လိုအပ်နေပါပြီ။

 

 

ရေးသားသူ Dr. Thin Yadanar @ Francesဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်”