မီ ရုပ်ရှင်ဇာတ်ကားဝေဖန်မှုနှင့် ပတ်သက်၍ သရုပ်ဆောင်ပိုင်ဖြိုးသုနှင့် မီဒီယာများတွေ့ဆုံ

ရန်ကုန် ၁၄ နိုဝင်ဘာ

 

‘မီ’ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားထားသည့် အကြောင်းအရာများနှင့် ပတ်သက်၍ သရုပ်ဆောင် ပိုင်ဖြိုးသုက ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မီဒီယာများနှင့်တွေ့ဆုံ ရှင်းပြသည်။ “လူမှုကွန်ရက်မှာ မီနဲ့ပတ်သက်၍ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အနေနဲ့ ကျန်းမာရေးပညာပေးဖို့ တာဝန်ယူထားသူက ဆေးလိပ်သောက်တဲ့ပုံနဲ့ ကြော်ငြာပြီး ငွေရနိုင်သလောက်ယူကွာ ငွေငွေငွေလူတွေကို ဖျက်ဆီးတဲ့ ငွေတဲ့ ဒီပို့စ်တက်လာတဲ့အချိန်မှာ ကျွန်မစိတ်မကောင်းဘူး။ ငွေရလို့ ရိုက်တာမဟုတ်ပါဘူး။ ဒီကားကို ကျွန်မကိုယ်တိုင်စိုက်ထုတ်ပြီး ရိုက်ထားတာပါ” ဟု ပိုင်ဖြိုးသု၏အမေ Victoria ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဒေါက်တာနွယ်ဦးက ပြောသည်။

 

ပိုင်ဖြိုးသုက ‘မီ’ ရုပ်ရှင်ဇာတ်ကား တွင် သရုပ်ဆောင်ထားမှုနှင့်ပတ်သက်၍ “သုသုအလွန်ဝမ်းနည်းတယ်။ သုသုရဲ့ရပ်တည်ချက်က သရုပ်ဆောင်ပါ။ သုသုဘဝမှာ အရေးအကြီးဆုံးကလည်း သရုပ်ဆောင်တဲ့အခါမှာ ပီပြင်ဖို့ ခေါင်းထဲမှာနံပါတ်တစ် ဦးစားပေးပါ။ အပြင်မှာ ဆေးလိပ်နံ့တောင်မခံနိုင်ဘူး။ ဆေးလိပ်သောက်တာကိုလည်း လုံးဝလက်မခံဘူး။ ဆေးလိပ်သောက်တာ ကိုယ့်မိုက်ပြစ်ကိုယ်သာခံရတာ မဟုတ်ဘူး။ တခြားဘေးကလူကိုပါ ရောဂါပေးတာဖြစ်တဲ့အတွက် ဆေးလိပ်သောက်တာ လုံးဝဆန့်ကျင်တယ်။ ဒီကားရိုက်တာက အလွန်ခက်တယ်။ ဆရာမကြီး ဒေါ်ကြည်အေးရဲ့ မီဝတ္ထုကို ဖတ်ဖူးသူတွေဆို သိကြမှာပါ။ ရိုက်ကူးနေစဉ်အတွင်းမှာ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက်ပဲ ခေါင်းထဲမှာရှိတယ်။ ဘဝမှာငွေဆိုတာ ထည့်မတွက်ဘူး။ သရုပ်ဆောင်ဆိုတဲ့ ရပ်တည်မှုမှာ ငွေကြောင့် အပြောခံရ တာ စိတ်မကောင်းဘူး(ငိုလျက်)”ဟု ပိုင်ဖြိုးသုက ပြောသည်။

 

ပိုင်ဖြိုးသုသည် ၂၀၁၈ ခုနှစ်ဇူလိုင် ၂၈ ရက်တွင် ကျန်းမာရေးသံတမန်အဖြစ် အပ်နှင်းခြင်းခံရသူဖြစ်ပြီး မီရုပ်ရှင်ဇာတ်ကားမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရိုက်ကူးခဲ့ကြောင်း၊ မီရုပ်ရှင်ရိုက်ကူးမှုတွင် ကျန်းမာရေး သံတမန်ကျင့်ဝတ် ၁၄ ချက်တွင် မီရုပ်ရှင် ရိုက်ကူးမှုကြောင့် ပိုင်ဖြိုးသုအနေဖြင့် ကျူးလွန်ထားခြင်းမရှိသည့်အတွက် ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

 

မီဝတ္ထုကို စာရေးဆရာမကြီး ဒေါ်ကြည်အေး (ကွယ်လွန်) က ရေးသားထားကြောင်း၊ ၁၉၄၈-၁၉၅၀ ခုနှစ်ကာလကို အခြေခံရိုက်ကူးထား ခြင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ ပိုင်ဖြိုးသုနှင့် အောင်ရဲထိုက်တို့ သရုပ်ဆောင်ထားကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇာနည်မောင်