မီးရထားလုပ်ငန်းဆိုင်ရာ အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မှု

နေပြည်တော် ၂၃ မတ်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသို့ အိန္ဒိယနိုင်ငံ RITES Ltd., မှ ထုတ်လုပ်သည့် YDM-4 ဒီဇယ်လျှပ်စစ် စက်ခေါင်း ၁၈ ခေါင်းလွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ၂၀ဝ၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်ဘူတာကြီး၌ ကျင်းပခဲ့ပါသည်။ ဤအိန္ဒိယနိုင်ငံ RITES Ltd., မှ ထုတ်လုပ်သည့် ရထားစက်ခေါင်း ၁၈ ခေါင်းကို အိန္ဒိယနိုင်ငံ EXIM Bank  ချေးငွေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။

 

အဆိုပါချေးငွေကို အိန္ဒိယအစိုးရ၊ အိန္ဒိယနိုင်ငံ EXIM Bank နှင့်RITES Ltd., တို့၏ ပူးပေါင်းညှိနှိုင်းမှုဖြင့် စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ဤချေးငွေဖြင့် မြန်မာ့မီးရထားအတွက် လိုအပ်သော ရထားစက်ခေါင်းတွဲများ၊ အင်ဂျင်နီယာသုံး ယာဉ်များ အပါအဝင်စက်ပစ္စည်းနှင့် အရန်ပစ္စည်းများ၊ အချက်ပြ ဆက်သွယ်ရေးစနစ် စသည်တို့ကို ဝယ်ယူမည်ဖြစ်၍ မြန်မာ့မီးရထား လုပ်ငန်းအတွက် များစွာအထောက်အပံ့ဖြစ်မည့် လုပ်ငန်းအစီအစဉ်တစ်ရပ် ဖြစ်ပါသည်။

 

RITES Ltd., သည် ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း ၆၂ နိုင်ငံ၌ ရထားလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်လျက်ရှိသော အိန္ဒိယကုမ္ပဏီကြီး ဖြစ်ပါသည်။  RITES Ltd.,  သည် ISO 9001:2008  ရရှိသော အိန္ဒိယကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး နည်းပညာ လွှဲပြောင်းပေးအပ်နိုင်ရေးကိုပါ အထူးအာရုံစိုက် ဆောင်ရွက်သည့် ကုမ္ပဏီ ဖြစ်ပါသည်။ ဤဒီဇယ် လျှပ်စစ်စက်ခေါင်း ၁၈ ခေါင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်၌လည်း မြန်မာ့မီးရထားက ဝယ်ယူခဲ့သည့် အိန္ဒိယစက်ခေါင်းသစ်တို့၏ ကြံ့ခိုင်မှုစွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်ရေးအတွက် အိန္ဒိယပညာရှင်များသည် လိုအပ်သည့်လေ့ကျင့်ပေးမှုနှင့် စောင့်ကြည့်ပေးမှုအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုတို့ကို လိုအပ်သကဲ့သို့ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

 

RITES Ltd., မှ မြန်မာ့မီးရထားသို့ လွှဲပြောင်းပေးခဲ့သည့် စက်ခေါင်းများသည် Controller Based Control, Fuel Efficient ALCO အင်ဂျင်များတပ်ဆင်ထားခြင်း၊ Control Unit တွင် တယ်လီဖုန်း Sim Card များ ထည့်ထားပြီး စက်ခေါင်း ရောက်ရှိရာနေရာ၊ မောင်းနှင်နေသည့် မိုင်နှုန်းအပါအဝင် စက်ခေါင်း၏ အင်ဂျင် Control ပိုင်းဆိုင်ရာ အခြေအနေကို မိခင်စက်ရုံတယ်လီဖုန်း Hand Set  မှတစ်ဆင့်  Download   ဆွဲယူ ကြည့်ရှု စစ်ဆေးနိုင်ခြင်း၊ စက်ခေါင်းစက်ရုံ ရောက်ရှိချိန်တွင် Control Unit  Laptop ကွန်ပျူတာ ချိတ်ဆက်ပြီး စက်ခေါင်းနှင့်ပတ်သက်သည့် အချက်အလက်များရယူနိုင်ခြင်း၊ Fault Code များ ကြည့်ရှု စစ်ဆေးနိုင်ခြင်းတို့ကြောင့် စက်ခေါင်းသစ်တို့၏ ကြံ့ခိုင်မှုစွမ်းရည်ကို အပြည့်အဝ အသုံးချထိန်းသိမ်းသွားနိုင်မည် ဖြစ်ပါသည်။

 

အိန္ဒိယနိုင်ငံ မီးရထားလုပ်ငန်းသည် အိန္ဒိယနိုင်ငံ၊ မီးရထားဝန်ကြီးဌာနက စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသော နိုင်ငံပိုင်လုပ်ငန်း ဖြစ်ပါသည်။ အိန္ဒိယမီးရထားလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားမှု အတိုင်းအတာအရ ကမ္ဘာပေါ်၌ စတုတ္ထမြောက် အကြီးမားဆုံး မီးရထား လုပ်ငန်းဖြစ်ပါသည်။ ခရီးသည်တင် မီးရထား ၁၃၀ဝဝ ကို နေ့စဉ်ပြေးဆွဲနေရသည်ကို ကြည့်ရှုခြင်းဖြင့် အိန္ဒိယမီးရထားလုပ်ငန်း၏ ပမာဏကို မှန်းဆနိုင်ပါသည်။

 

အိန္ဒိယမီးရထားလုပ်ငန်းက ခန့်အပ်ထားသော ဝန်ထမ်းအရေအတွက်သည် ၁ ဒသမ ၃ သန်းကျော် ရှိသည်ဖြစ်၍ အိန္ဒိယ မီးရထားလုပ်ငန်းသည် ကမ္ဘာပေါ်၌ သတ္တမမြောက် ဝန်ထမ်းအများဆုံး ခန့်ထားပေးသည့် လုပ်ငန်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အိန္ဒိယ မီးရထားလုပ်ငန်းနှင့် မြန်မာ့မီးရထားလုပ်ငန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံစလုံးအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည်ဖြစ်ပြီး မြန်မာ့မီးရထားလုပ်ငန်းအတွက် နည်းပညာသစ်များ ရရှိနိုင်မည်ဖြစ်သောကြောင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

(မြန်မာ့အလင်း)