မီးယပ်သွေးပေါ်ခြင်း (ရာသီပေါ်ခြင်း) နှင့် မိန်းကလေးတို့၏ ကျန်းမာရေး

၁ ဇန်နဝါရီ

 

မီးယပ်သွေးပေါ်တယ် ရာသီလာတယ်ဆိုတာ ဘာလဲ။

 

• အမျိုးသမီးများဟာ အပျိုဖော်ဝင်ချိန် အသက် ၁၃ နှစ် ၁၄ နှစ်မှ စလို့ သွေးမဆုံးခင် အသက် ၄၀ ကျော် ၅၀ကျော်အထိ လစဉ် လတိုင်း မမျိုးဥ ကြွေပါတယ်။

• ဒီလိုကြွေတဲ့ မမျိုးဥတွေဟာ အမျိုးသားရဲ့ သုက်ပိုး နဲ့ ပေါင်းစပ်ရင် ကိုယ်ဝန် ရှိလာပါတယ်။

• သုက်ပိုးနဲ့ ပေါင်းစပ်ခွင့် မကြုံတဲ့ မမျိုးဥဟာ သားအိမ်အတွင်းမှာ ၂ ရက်ကနေ ၇ အတွင်း နေပြီးနောက် သက်မဲ့သွေးအဖြစ်နဲ့ အမျိုးသမီး အင်္ဂါဝ ကနေ အပြင်ကို ထွက်သွားပါတယ်။ အဲ့ဒါကို မီးယပ်ပေါ်တယ်၊ ရာသီလာတယ် လို့ ခေါ်ခြင်း ဖြစ်ပါတယ်။

 

ရာသီသွေးဆင်းမှု မမှန်ခြင်းများ

 

• လစဉ်ရာသီသွေးဆင်းရက်ကြာခြင်း

• ရာသီကြားကာလရက် ၂၁ ရက်ထက်လျော့နည်းခြင်း

• ရာသီကြားကာလရက် ၃၅ ရက်ထက်ပိုခြင်းကို ဆိုလိုပါတယ်။

အပျိုဖော်ဝင်ကာစ မိန်းကလေးများတွင် ရာသီလာကာစ မူမမှန်မှုများရှိတတ်သော်လည်း အရွယ်ရောက်လာသည့်အခါ ပုံမှန်ဖြစ်သွားပါတယ်။

 

ရာသီသွေးဆင်းမှု မမှန်တာဘာကြောင့်ဖြစ်ရတာလဲ။

 

• အဓိက အားဖြင့် မမျိုးဥ မကြွေခြင်းကြောင့်ဖြစ်ပါတယ်။

• မမျိုးဥ မကြွေသည့်အခါ progestrone ဟော်မုန်းထွက်ရှိမှု နည်းသွားပြီး estrogen ဟော်မုန်းကို ဟန့်တားမှု မရှိတော့တာကြောင့် သားအိမ်တွင်း နံရံများ ပိုမိုကြီးထွားလာစေပါတယ်။

• ကြီးထွားလာသော သားအိမ်တွင်း နံရံများသည် မကြာခင်ပျက်စီး လာပြီး ရာသီသွေးစီးဆင်းမှုလည်း များကာ ရက်ပါကြာလာတတ်ပါတယ်။

• သွေးရောဂါရှိသူများတွင်လည်း ရာသီသွေးစီးဆင်းမှု များတတ်ပါတယ်။

• ကိုယ်ဝန်မရှိစေရန် သောက်သုံးရသည့် ဟော်မုန်းပါသော ကိုယ်ဝန်တားဆေးများကြောင့်လည်း သွေးဆင်းမှု မမှန်ဖြစ်တတ်ပါတယ်။

• ထို့ပြင် အာဟာရဓါတ်ချို့တဲ့ခြင်း၊ နာတာရှည်ရောဂါများ နှင့် ခန္ဓာကိုယ်တွင်းဟော်မုန်း မညီမျှခြင်းကြောင့် သွေးဆင်းမှုနည်းခြင်း (သို့) သွေးလုံးဝမပေါ်ခြင်းများဖြစ်တတ်ပါတယ်။

 

ရာသီသွေးဆင်း မမှန်တာ စိုးရိမ်ရလား။

 

ရာသီသွေးဆင်း မမှန်မှုများသည် ရောဂါကြောင့် မဟုတ်လျှင် စိုးရိမ်စရာ မလိုပါ။

• အာဟာရချို့ယွင်းမှုကြောင့် (သို့) သိုင်းရွိုက် ဂလင်းမူမမှန်ခြင်းကြောင့် ဖြစ်ပါက လိုအပ်သော ကုသမှုခံယူ ရပါမယ်။

• သွေးဆင်း အလွန်များခြင်းမဟုတ်ပါက ရေရှည် ကျန်းမာရေး မထိခိုက်နိုင်ပါ။

• သို့သော် ရာသီသွေးဆင်းမှုများခြင်းဟာ ရက်ရှည် ဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ် အတွင်းရှိ သံဓါတ်များ လျော့နည်းပြီး သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။

 

ရာသီသွေးဆင်း မမှန်ခြင်းနှင့် ကုသမှုများ

 

• ရာသီသွေးဆင်း မမှန်ခြင်းသည် အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပါက နေ့စဉ်အစားအသောက်ကို မှန်ကန်စွာ စားသောက်ရန် လိုအပ်ပါတယ်။

• အပျိုဖော်ဝင်စ ရာသီသွေးဆင်းမမှန်ခြင်း အတွက် ၂ နှစ်ခန့်စောင့်ကြည့်ရပါမယ်။ ၂ နှစ်ကျော်သည့်တိုင် မမှန်ပါက နီးစပ်ရာ ဆရာဝန်နှင့် ပြသသင့်ပါတယ်။

• ဟော်မုန်းပါသော တားဆေးကြောင့် ဖြစ်ပါက ၃ လ မှ ၆လ (သို့) ၁ နှစ်ခွဲ အထိ စောင့်ကြည့်ရန်လိုပါတယ်။

• ရာသီသွေးဆင်းများလို့ဖြစ်သော သွေးအားနည်းခြင်းအတွက် သံဓါတ်နှင့် ဖောလစ်အက်ဆစ်ပါသော အားဆေးများသောက်သုံးဖို့ လိုပါတယ်။

• ဗီတာမင် စီ က ခန္ဓာကိုယ်တွင်း သံဓါတ်စုပ်ယူမှု ကို အားပေးတဲ့အတွက် ဗီတာမင်စီ ပြည့်ဝသော အစားအစာများ (လိမ္မော်သီး၊ သရက်သီး၊ ခရမ်းချဉ်သီး) တို့ကို စားသုံးပေးရပါမယ်။

• ရာသီလာစဉ် အနားယူဖို့ လိုအပ်ပါတယ်။

• အမျိုးသမီးလစဉ်သုံးပစ္စည်းများကို ၃-၄ နာရီခြား တစ်ခါ လဲပေးရပါမယ်။

• သန့်ရှင်းရေး ဂရုစိုက်ရပါမယ်။

လစဉ် ရာသီလာရင် နာကျင်မှုခံစားရတာ ဘာကြောင့်လဲ ။

• မိန်ကလေး အများစုအနေနဲ့ ရာသီမပေါ်မီနှင့် ပေါ်ကာစ အချိန်တွင် ဝမ်းဗိုက် အောက်ပိုင်းနှင့် ဆီးစပ်တွင် လစဉ်နာကျင်ကိုက်ခဲမှုများ ခံစားတတ်ကြရပါတယ်။

• ဒီလိုခံစားရခြင်းဟာ မဟော်မုန်းများကြောင့် သားအိမ်ကြွက်သားများ တောင့်တင်းလာ၍ ဖြစ်ပါတယ်။

• အထူးသဖြင့် ပေါ်ကာစ ၁-၂ ရက်တွင် မဟော်မုန်းထွက်ရှိမှု အများဆုံးဖြစ်ပြီး ကိုယ်ခဲမှုဟာလည်း အဆိုးဆုံးဖြစ်ပါတယ်။

 

လစဉ်ကိုက်ခဲမှု ကို ဘယ်လို သက်သာအောင်လုပ်နိုင်သလဲ။

 

• ဆေးဆိုင်များတွင် အလွယ်တကူဝယ်နိုင်သော အကိုက်အခဲပျောက်ဆေး paracetamolIbuprofen Mefanemic acid အစရှိသော ဆေးများသောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအကိုက်အခဲပျောက်ဆေးတွေကို (ဆရာဝန်ရဲ့ တိကျတဲ့ လမ်းညွှန်ချက် မရှိဘဲ) ပမာဏများများ (သို့) ကာလကြာရှည် စွဲမသောက်ရပါဘူး။

• ဆီးစပ်ပေါ် ရေနွေးအိတ်တင်ပေးခြင်းဖြင့်လည်း အနာသက်သာစေပါတယ်။

 

အယူအဆအလွဲများ

 

• လစဉ်နာကျင်ကိုက်ခဲမှုဟာ ဖြစ်တတ်တဲ့ သဘာဝပါ။ နောက်ပိုင်း ကလေး မရနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။

• မီးဖွားပြီး နာကျင်မှုလျော့သွားတယ် ဆိုတာဟာ ကလေးမီးဖွားစဉ် သားအိမ်အဝရှိ အသားမျှင်များ ဆွဲဆန့်ခံရတဲ့အခါ nerve (အာရုံကြော) တချို့ ထိခိုက်မှုကြောင့် ဖြစ်နိုင်ပါတယ်။

• ရာသီလာစဉ် ရေကူးလို့ရပါတယ်။ ခေါင်းလျှော်လို့ရပါတယ်။ ပေါ့ပါးသော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လို့ရပါတယ်။

• ရာသီလာစဉ် အမျိုးသားနဲ့ အတူတူနေ(လိင်ဆက်ဆံ) လို့ရပါတယ်။

 

ရေးသားသူ – Dr. May Thazin Oo – General Practitioner

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win