Miss Universe Myanmar 2020 ပွဲ၌ မန္တလေးတိုင်း‌ဒေသကြီး ကိုယ်စားပြုယှဉ်ပြိုင်နိုင်ရန် Miss Universe Mandalay 2019 ပြိုင်ပွဲ ပြုလုပ်မည်

မန္တလေး ၂၀ သြဂုတ်


လာမည့်မေလတွင် ပြုလုပ်မည့် Miss Universe Myanmar 2020 ပွဲ၌ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်ကို ရွေးချယ်သွားမည့် Miss Universe Mandalay 2019 ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နေ့တွင် ဟိုတယ်ရွှေပြည်သာ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲအတွက် ဆန်ခါ တင်ရွေးချယ်ထားသည့် အလှမယ် ၂၀ အား စာနယ်ဇင်း မိတ်ဆက်ပွဲကို  သြဂုတ် ၁၉ ရက်က Hilton Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ 


Miss Universe Mandalay Organization ဦးဆောင်၍ Miss Universe Mandalay ပြိုင်ပွဲကို ယခုနှစ်၌ ၅ကြိမ် မြောက်  ပြုလုပ်ခြင်းဖြစ်ပြီး Model Update Entertainment  က  Miss Universe Mandalay Organization 2019 ကို ပါဝင်အားဖြည့်ပေးထားကြောင်း သိရသည်။


“လာမယ့်၂၀၂၀ မေလမှာလုပ်မယ့် Miss Universe Myanmar အတွက် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုတင်ရွေးချယ်တဲ့ပွဲလည်း ဖြစ်ပါတယ်၊ အခုပြိုင်ပွဲက Winner ရတဲ့သူက Miss Universe Myanmar ပွဲကို တိုင်းဒေသကြီးကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်၊ တကယ်လို့ Miss Universe Myanmar မှာပါ ထပ်ပြီး ဖြစ်ခဲ့မယ်ဆိုရင် အင်တာနေရှင်နယ်ပွဲတွေမှာပါ ထပ်ပြီး ပြိုင်ရမှာ ဖြစ်ပါတယ်”ဟု Model Update Entertainment မှ ကိုမျိုးမင်းက ပြောသည်။


အဆိုပါပြိုင်ပွဲတွင် အမှတ်ပေးဒိုင်များအဖြစ် ပါတိတ်တိုင်းပြည်မှ ဒေါ်နွဲ့နွဲ့စန်း၊ ဒီဇိုင်နာ မျိုးမင်းစိုး၊ ရုပ်ရှင်သရုပ်ဆောင် နဝရတ်တို့က ပြုလုပ်ပေးကြမည်ဖြစ်ပြီး ဖျော်ဖြေရေးအဖြစ် ဘီလီလမင်းအေးနှင့်အတူ အနုပညာရှင်များစွာ ပါဝင်မည်ဟု သိရသည်။


ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် လျှောက်လွှာခေါ်ယူခဲ့ရာတွင် မန္တလေးတိုင်း၏ နိုင်ငံသား စိစစ်ရေးကတ်ကိုင်ဆောင်သူ၊ လက်ရှိ မန္တလေးမြို့တွင် အခြေချနေ ထိုင်သူများသာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကန့်သတ်ထားကြောင်း သိရသည်။

အိမို့မို့ခိုင်