MISS WORLD 2018 သို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ဟန်သီ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၂  နိုဝင်ဘာ 

 

တရုတ်နိုင်ငံ၌ ကျင်းပမည့် Miss World 2018 တွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဟန်တီသည် နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် MNA လေကြောင်းလိုင်းဖြင့် စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 

 

၆၈ ကြိမ်မြောက် ကျင်းပမည့် Miss World 208 ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ San-ya  မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအလှမယ်အနေဖြင့် ပြိုင်ပွဲဝင်နေစဉ်ကာလဖြစ်သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ နိုင်ငံတကာမှ ပြိုင်ပွဲဝင်အလှမယ်များနှင့်အတူ နေ ထိုင်ရမည်ဖြစ်ပြီး ကမ္ဘာ့အလှမယ်ရွေးချယ်သည့် အဖွဲ့အစည်း၏ လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း သိရသည်။ 

 

“ဟန်သီအနေနဲ့ Talent ပိုင်းအနေနဲ့ရွေးချယ်မှုမှာ သီချင်းဆိုဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလို့လဲဆိုရင် ဟန်သီ ကိုယ်တိုင်က သီချင်းတွေဆိုဖူးတယ်။ ပြီးတော့ ဟန်သီ သီချင်းကနေပြီးတော့ လူတွေကို မက်ဆေ့ပိုပေးချင်တယ်။ ဟန်သီ ရွေးထားတဲ့သီချင်းဆိုရင် အရမ်းကို အဓိပ္ပါယ်ရှိတဲ့ သီချင်းမျိုးလေး ရွေးထားပါတယ်” ဟု မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ဟန်သီက ပြောကြားသည်။ ထို့ပြင် Dances of the World ပြိုင်ပွဲအတွက်လည်း ကရင်ဒုံးယိမ်းအကဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသော အလှမယ်များအနေဖြင့် မိမိနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို ရိုက်ကူးထားသော  Project တစ်ခုကို ပြိုင်ပွဲသို့ ယူဆောင်လာရပြီး အဆိုပါ Projectများထဲမှ တစ်ခုကိုရွေးချယ်ကာ Miss World Organization အနေဖြင့် ပရဟိတလုပ်ငန်းများကို ကူညီဆောင်ရွက် ပေးကြောင်းသိရသည်။

 

မြန်မာပရိသတ်များအနေဖြင့် voting များကို Mobstar application ကို download ရယူကာ vote ပေးနိုင်ပြီး www.missworld.com မှလည်း ဝင်ရောက် vote ပေးနိုင်ကြောင်း သိရသည်။ နိုင်ငံကိုယ်စားပြုကာ သွားရောက်ယှဉ်ပြိုင်နေသော အလှမယ်၏ လှုပ်ရှားမှုလုပ်ဆောင်ချက်များကိုလည်း ဖေ့ဘုတ်စာမျက်နှာ ဖြစ်သော MWMyanmar page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံ Sanya မြို့၌ ကျင်းပမည့် Miss World 2018 Grand Final ပြိုင်ပွဲကြီးအား ချန်နယ် ၇ ရုပ်သံလိုင်းတွင် ဒီဇင်ဘာ ၈ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်မှစ၍ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း