မြိတ်ခရိုင်အတွင်း     ကော်ဖီတိုးချဲ့စိုက်ပျိုးရေး နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် ပျိုးပင်နှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ မေ ၁

တနင်္သာရီတိုင်း ဒေသကြီး၏ ရေ၊ မြေ၊ ရာသီဥတုအရ ရော်ဘာ၊ ဆီအုန်း၊ ကိုကိုးနှင့် အုန်းစသည့် သီးနှံများနှင့်အတူ မြေနိမ့်ကော်ဖီ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်ပြီး လက်ရှိတွင် ကော်ဖီစိုက်ဧက တစ်ထောင်ခန့် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း၊ အရည်အသွေးကောင်း ကော်ဖီများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြေနိမ့်ကော်ဖီ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် (၁၀) မြို့နယ်၊ ကျေးရွာ (၇၈) ရွာ၊ တောင်သူ (၄၄၀) ကို ကော်ဖီစိုက်ဧက (၂၆၀၀) ကျော် စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ထားရှိပြီးဖြစ်ကာ ကော်ဖီပျိုးပင် (၅၅၀၀၀) ကျော် စုဆောင်းထားရှိပြီး ဖြစ်ကြောင်း၊ အထွက်နှုန်းနှင့် ကော်ဖီအရည်အသွေး မြင့်မားရေးအတွက် နည်းပညာပေး သင်တန်းများနှင့် ကွင်းသရုပ်ပြပွဲများ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင် ကော်ဖီစိုက် အကျိုးဆောင် တောင်သူများကို  ကော်ဖီပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျွဲကူးကျေးရွာ၊ တောင်သူဦးချမ်းအေး၏ စိုက်ခင်းတွင် ကျင်းပပြုလုပ်သော သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပက်ခြင်းကို ကြည့်ရှုအားပေးသည်။

အလားတူ ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် ကျင်းပပြုလုပ်သော သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပက်ခြင်းနှင့် အကျိုးဆောင်တောင်သူများအတွက် မျိုးစပါးထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ ရောက်ရှိပြီး တောင်သူများနှင့်တွေ့ဆုံ၍   တောင်သူအချင်းချင်း မျိုးဖလှယ်သည့်စနစ် ကျင့်သုံးဆောင်ရွက်ရေး၊ အကျိုးဆောင်တောင်သူနှင့် မျိုးစေ့ထုတ်လုပ်သူများအသင်းတို့ ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးကြိုးပမ်းကြရန် လိုအပ်ချက်များကို ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားကာ တောင်သူများကို ဆင်းသုခစပါးမျိုးများပေးအပ်ပြီး သစ်စိမ်းမြေဩဇာ ကြဲပက်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မြိတ်မြို့နယ်၊ သမုတ်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် စိုက်ပျိုးရေး မွေးမြူရေးဘာသာရပ်များ တွဲဘက်သင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်၊၊

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် Grade AAA နို့စားနွားမွေးမြူရေးခြံကိုလည်းကောင်း၊ OK ရတနာအဆင့်မြင့် ဆန်စက်ကိုလည်းကောင်း၊ ထူးထူးတိုး အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်၏ ဥစားမွေးမြူရေး ခြံကိုလည်းကောင်း ကြည့်ရှုအားပေးပြီး မွေးမြူရေးတိရစ္ဆာန်အညစ်အကြေးမှ သဘာဝမြေဩဇာအဖြစ် လှည့်ပတ်သုံးစွဲ နည်းစနစ်ပီပြင်စွာဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ချက်များကို တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငါးမျိုးပြုန်းတီးမှုကာကွယ်ရန်၊ ငါးသယံဇာတ မျိုးစိတ်များ ထိန်းသိမ်းကာကွယ်ရန်၊ တရားမဝင် ငါးဖမ်းဆီးမှုများကို တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်နှင့် အဏ္ဏဝါပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန် ဆောင်ရွက်နေသည့် ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးဌာနခွဲ (တနင်္သာရီ) ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယဝန်ကြီး က လိုအပ်ချက်များကို  တာဝန်ရှိသူများကို ဆွေးနွေးမှာကြားကာ ငါးလုပ်ငန်းဆိုင်ရာဓါတ်ခွဲခန်း တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်