မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ဖလံကျင်းဓာတ်အားခွဲရုံမှ ဖလံကျင်းကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာ ၂၂ ရွာမှ အိမ်ထောင်စု ၉၀ဝ ကျော်တွင် လျှပ်စစ်မီး လင်းနိုင်ခဲ့ပြီ

မိတ္ထီလာ ၁၀  ဇန်နဝါရီ  

 

မိတ္ထီလာမြို့နယ် ဖလံကျင်းဓာတ်အားခွဲရုံ (33/11KV,5MVA)မှ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း ဘေးရှိ ဖလံကျင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၂၂)ရွာမှ အိမ်ထောင်စု ၉၉၃ စုကို ဇန်နဝါရီ ၃ ရက်မှ စတင်၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ်ရုံးမှ သိရသည်။

 

မုန်တိုင်ကျေးရွာအုပ်စု ဖလံကျင်းကျေးရွာ၌ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် အောင်သောင်း ကုမ္ပဏီမှ တာဝန်ယူ၍ (33/11KV, 5 MVA) ဖလံကျင်းဓာတ်အားခွဲရုံကို ဒီဇင်ဘာလ ပထမပတ်မှ စတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။ 

 

အဆိုပါ လုပ်ငန်းတည်ဆောက်ခြင်းနှင့်အတူ 33KV ဓာတ်အားလိုင်း ၇.၆ မိုင် တည်ဆောက်ခြင်း၊ 11KV ဓာတ်အား လိုင်း (၂၃.၇၄)မိုင်နှင့် 11/0.4KV,(200)KVA ထရန်စဖော်မာ ၂၂လုံး တည်ဆောက်ခြင်းကို ကျေးရွာအုပ်စု ခြောက်စုမှ ကျေးရွာ ၂၂ ရွာကို ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ ပြီးစီးပြီဖြစ်သည်။

 

အဆိုပါ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကျေးရွာ(၂၂)ရွာကို လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင် ရေး ၂၀၁၈ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင်   မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးဉာဏ်စိုး ဦးဆောင်၍ 33/11KV,5MVA ထရန်စဖော်မာသို့ ဓာတ်အားလွှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်၍ 11KVဓာတ်အားလိုင်း ၂၃.၇၄ မိုင် ဓာတ်အားလွှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

၎င်းနောက် မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ဖလံကျင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၂၂ ရွာကို   လျှပ်စစ်မီးများရရှိရေးအတွက်  နေအိမ်များသို့ မီးကြိုးများသွယ်တန်းခြင်းနှင့် မီတာဘောက် များ တပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင်  မီးတာဘောက်များတပ်ဆင်ပြီးစီး၍  ဇန်နဝါရီလ ၃ ရက်နေ့က လျှပ်စစ်ဓာတ်အားများ စတင်ဖြန့်ဖြူးနေပြီဖြစ်သောကြောင့်  မြောက်လည်၊ ထိန်ကန်၊ သိမ်းကုန်း၊   ဖလံကျင်း၊ မုန်တိုင်၊ သရက်ခြံ၊ လဲတော၊ ညောင်ပင်သာ၊  အိုင့်ကုန်း၊ ဆပ်ပြာကျင်း၊ သရက်ပင်(ရ)၊ သရက်ပင်(န)၊ မကျည်းတန်း၊ လက်ပံအိုင့်၊ ကြာကန်၊ သဲတော၊ သပြေကုန်း၊ ဂတ်ကုန်း၊ ညောင်လည်၊ ရေဝေ၊ အင်းမ၊ ကန်သာစသည့် ကျေးရွာ ၂၂ ရွာမှ အိမ်ထောင်စု  ၉၉၃ စုကို လျှပ်စစ်မီးများ လင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ် မန်နေဂျာ ဦးယုမော်(အင်ဂျင်နီယာ)၏ ပြောကြားချက်အရ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)