မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာတစ်ဆယ့်တစ်ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

မိတ္ထီလာ၊ ဒီဇင်ဘာ ၂၃

 

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာတစ်ဆယ့်တစ်ရွာတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ်သန်း ၂၉၀ ကျော်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

 

မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ် ၂၉၂ ဒသမ ၁၈၂ သန်းဖြင့် ခရိုင်အတွင်းရှိ ကျေးရွာ (၁၁)ရွာတွင်   ကျေးလက်ရေရှိရေးလုပ်ငန်းများကို နိုဝင်ဘာ ၁၈ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆပ်ပြာကျင်း၊ ဆင်စလွယ်၊ ဝါးရုံ ကျေးရွာတို့တွင် တင်ဒါအောင်မြင်သည့် Four G Co., Ltd မှ တာဝန်ယူပြီး စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် မလှိုင်မြို့နယ်အတွင်းရှိ ကံတွင်း၊ မုံပင်၊ လိပ်ခွဲကျေးရွာတို့တွင် တင်ဒါအောင်မြင်သည့် Four G Co., Ltd က တာဝန်ယူပြီး စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ပိုက်လိုင်းသွယ်တန်းခြင်း၊ ပါဝါမီတာ တပ်ဆင်ခြင်း၊ ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်း၊ ပန့်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပင်တလဲ၊ ဆူးဖြူကန်၊ ရုံးပင်ကုန်းကျေးရွာတို့တွင် တင်ဒါအောင်မြင်သည့် Triple thar Co., Ltdမှ တာဝန်ယူပြီး စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ရေစုကန် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ပိုက်လိုင်းသွယ်တန်းခြင်း၊ စက်တပ်ဆင်ခြင်းများနှင့် သာစည်မြို့နယ်အတွင်းရှိ ဘိုကုန်း၊ မကျီးကန်ကျေးရွာတို့တွင် တင်ဒါအောင်မြင်သည့် ရွှေစင်အားမာန် ကုမ္ပဏီမှ တာဝန်ယူပြီး စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ မီးလိုင်းသွယ်တန်းခြင်း၊ မော်တာနှင့် ပန့်တပ်ဆင်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ပိုက်လိုင်းသွယ်တန်းခြင်းများ  ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေး ဒီဇင်ဘာ ၂၂ ရက်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)