မိတ္ထီလာခရိုင်တွင် ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှထွက်ရှိသည့် ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်နိုင်ရေး ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်သွားမည်

မိတ္ထီလာ ဧပြီ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီ သယ်ယူပို့ဆောင်နိုင်ရေး ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်သွားမည်ဟု ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၃၉ ဒသမ ၇၁ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် ၀/၆ ဒသမ ၈၂ မိုင် ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်တွင် တံတား ၁ စင်း တည်ဆောက်ခြင်း၊ မလှိုင်မြို့နယ် မြို့ကုန်းကျေးရွာ ကုန်ထုတ်လမ်းအရှည် ၁/၅ မိုင်နှင့် ၎င်းလမ်းပေါ်တွင် တံတား ၃ စင်း တည်ဆောက်ခြင်း၊ ဝမ်းတွင်းမြို့နယ် ပျားစွဲ(အနောက်) ကျေးရွာကုန်ထုတ်လမ်းအရှည် ၁/၅ မိုင်နှင့် ၎င်းလမ်းပေါ်တွင် တံတား ၂ စင်း တည်ဆောက်ခြင်းတို့အား သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ ပြီးစီးပါက ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင် ရောင်းချနိုင်ခြင်းဖြင့် စျေးကောင်းများရရှိပြီး စီးပွားရေးတွက်ခြေကိုက်ကာ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)