မိတ္ထီလာမြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

 

မိတ္ထီလာ၊ မေ ၂၂

 

မိတ္ထီလာမြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့ မေ ၂၂ ရက် နံနက် ၆ နာရီက မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော် ရင်ပြင်ပေါ်တွင် ကျင်းပသည်။

 

ဦးစွာ မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မိတ္ထီလာမြို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ်ဥယျာဉ် ပရိယတ္တိ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူ ကြည်ညိုခဲ့ကြသည်။ ၎င်းနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မိတ္ထီလာမြို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ်ဥယျာဉ် ပရိယတ္တိ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသူရိယထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား နာယူကြည်ညိုကြသည်။

 

ယင်းနောက် မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဆက်လက်ကျင်းပရာ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဆရာတော်သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)