မိတ္ထီလာမြို့နယ်၌ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မိတ္ထီလာ ၈ ဇန်နဝါရီ  

မိတ္ထီလာမြို့နယ်၌ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယနေ့ ညနေ ၃ နာရီတွင် မိတ္ထီလာ-ကျောက်ပန်းတောင်းသွား ကားလမ်းပေါ်ရှိ မြတ်နိုးသူ တိုးဂိတ်အနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

02

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးနှင့် အမှတ်(၉၆) ယာဉ်ထိန်းတပ်ဖွဲ့စု (မိတ္ထီလာ)တို့ ပူးပေါင်း၍ မိတ္ထီလာ-ကျောက်ပန်းတောင်းသွား ကားလမ်းပေါ်ရှိ ဖြတ်သန်းမောင်းနှင်ကြသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာပြီး အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်စေရန်နှင့် ယနေ့ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆဖြစ်ပွားမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျက်ရှိသည့်အတွက် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့ အသိပညာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မော်တော်ယာဉ် မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ် စီးနင်းသူများ အရက်သေစာ သောက်စားထားခြင်းရှိ/မရှိ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သတ်မှတ်နှုန်းထက်ကျော်လွန် မောင်းနှင်ခြင်းရှိ/မရှိ၊ မော်တော်ယာဉ်လိုင်စင်၊ မော်တော်ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် ဆိုင်ကယ်စီးလိုင်စင်များ ရှိ/မရှိ၊ မော်တော်ယာဉ်မောင်းနှင်စဉ် ခါးပတ် ပတ်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရန်နိုင်က ပြောသည်။  

မိတ္ထီလာခရိုင်အတွင်း၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ယဉ်မတော်တဆမှု (၃၄၃)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။        
                        
သိန်းမြင့်ကျော်(မိတ္ထီလာ)