မြို့ဂုဏ်ဆောင် တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် လူထုရင်ပြင်

ဆူးငှက်

 

“ဂါထာနတ်ရုပ်၊ အင်းမြှုပ်အင်းနှံ၊ စီမံပယောဂ၊ တေလ ကုမ္ဘ၊ ရာ့နှစ်ဆယ် ဝင်၊ လေးခွင်လေးထောင့်၊ ဂြိုဟ်နတ် စောင့်နှင့်၊ မြို့စောင့်နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဖွယ်ရာမကြွင်း” ဟူသော မဃဒေဝလာ အစီအမံအတိုင်း မန္တလေးရွှေမြို့တော်ကြီး စတင်တည်ထောင်စဉ် မြို့တော် လေးထောင့်တွင် ဆီအိုးကြီးများ မြှုပ်နှံပြီးလေသောအခါ မြို့တည် နန်းတည် ခုနစ်ဌာနကို အုတ်စီခင်း၍ တံခါး(၁၂)ရပ် တိုင်ထူခဲ့သည်။

မြို့တည် နန်းတည် ခုနစ်ဌာန
မြို့တည် နန်းတည် ခုနစ်ဌာနတွင် အတုလဝေယံ ကျောင်းတော်ပါရှိ၏။ မဟာလောကမာရဇိန် စေတီတော် ပါ၏။ မြို့တော်သူ မြို့တော်သားတို့က “ကုသိုလ်တော် ဘုရား” ဟု ခေါ်ဆိုခဲ့ကြသည်။ ဘုရားပရိဝုဏ်တွင် ပိဋကတ်ကျောက်စာတော်ပေါင်း (၇၂၉)ဆူရှိ၏။ ကုသိုလ်တော်၏ အနောက်ယွန်းယွန်းမှာ သုဓမ္မာဇရပ် တော်နှင့် ပဋ္ဌာန်းဟောရွှေသိမ်တော်ရှိသည်။ သုဓမ္မာဇရပ် တော်က ရတနာပုံခေတ်၏ ထင်ရှားသော စာပြန်ပွဲများ ကျင်းပရာနေရာဖြစ်သည်။ သုဓမ္မာဇရပ်တော်နှင့် ပဋ္ဌာန်း ဟော ရွှေသိမ်တော်၏ မြောက်ယွန်းယွန်းမှာက ပိဋကတ် တိုက်တော်ရှိသည်။ တောင်ဘက်မှာတော့ ၄၈ ရပ်သော ပြာသာဒ်များနှင့် တာဝတိံသာက နတ်ဘုံနတ်နန်းတမျှ တင့်တယ်လှစွာသော ရွှေမြို့တော်ကြီးနှင့် ကျုံးတော် တည်ရှိပါ၏။

အသက်ကယ်ရှည်စေလို ၊ မြနန္ဒာရေညိုသန်းတယ်၊ မန်းတောင်ရိပ်ခို
မြို့တည်နန်းတည် ခုနစ်ဌာန အဝန်းအဝိုင်း၏ ဗဟိုချက်မ ဖြစ်သော ကုသိုလ်တော်၊ စန္ဒာမုနိနှင့် အတုမရှိဝန်းကျင် ကွင်းကျယ်ကွက်လပ်များကား ရွှေမြို့တော်သူ ရွှေမြို့တော် သားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်တို့ လွတ်လပ်ပျော်ရွှင်စွာ သွားလာအနားယူကြသည့်နေရာ၊ ပွဲတော်ခင်းကျင်းရာနေရာများအဖြစ် အစဉ်အဆက် တည်ရှိခဲ့ပါသည်။ ထိုနေရာသည် မန္တလေး၏ အသည်း နှလုံးလည်းဖြစ်သည်။ ပိုမို၍ မင်္ဂလာကျက်သရေရှိသည်မှာ မြို့တည်နန်းတည် ခုနစ်ဌာနအပေါ် မန္တလေးတောင်တော် က အရိပ်ပမာ ဆီးမိုးနေခြင်းဖြစ်သည်။ မန္တလေးတောင် ဟူသည် “ချစ်ရှင်ပြန့်မွှေး၊ ဗျာဒိတ်ပေးသား၊ မန္တလေး ရွှေတောင်၊ ဆယ်မိအောင်လျှင်၊ စောင်စောင်သာသနာ၊ ရောင်ဝါစည်ကြီး၊ လိုတော်ပြီး” ဟုဖွဲ့ဆိုသကဲ့သို့ ဤတောင် တော်သည် ပွင့်တော်မူပြီး ဘုရားရှင်အဆက်ဆက် ဘုရားရဟန္တာတို့ တရားကျင့်ကြံ ပျော်မွေ့ရာအရပ်၊ ဂေါတမဘုရားရှင်လက်ထက် ဗျာဒိတ်ပေးရာတောင်ထူးတောင်မြတ်အဖြစ် ယုံကြည်ခဲ့ကြသောကြောင့် “ အသက် ကယ်ရှည်စေလို၊ မြနန္ဒာရေညိုသန်းတယ်၊ မန်းတောင် ရိပ်ခို” ဟူသော တဘောင်ဖြင့် အထွတ်အမြတ်ထားခဲ့သည်။
ထို့ကြောင့် မြို့တည်နန်းတည် ခုနစ်ဌာနနှင့် ဆက်စပ် ကာ မန္တလေးတောင်တော် ထီးရိပ်မိုးထားသည့် ဘူမိ နက်သန် နေရာမှန်သည်။ ကျက်သရေမင်္ဂလာရှိသောနေရာ၊ အထူးသဖြင့် မြို့လူထု၏ အသည်းနှလုံး မြတ်နိုးတွယ်တာ ဂုဏ်ယူဖွယ်နေရာလည်းဖြစ်ရမည်။

ခေတ်မီမြို့ပြစီမံကိန်းကြီးများနှင့် လူထုရင်ပြင်
တကယ်တော့ နိုင်ငံတော်တော်များများ၏ မြို့ကြီး တိုင်းလိုလိုတွင် လူထုအခမ်းအနားကြီးများ ကျင်းပရန် အတွက် လူထုရင်ပြင်ကြီးများရှိသည်။ ခေတ်မီမြို့ပြ စီမံကိန်းကြီးများ ရေးဆွဲကတည်းက လူထုရင်ပြင်ကြီး များကို စနစ်တကျ ထည့်သွင်းကာ တည်ဆောက်ကြသည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် TIME SQUARE ရင်ပြင်၊ အင်္ဂလန် လန်ဒန်မှာ PARLIAMENT SQUARE၊ အီတလီရောမတွင် ST.PETER’S SQUARE သမိုင်း ဝင်ရင်ပြင်၊ တရုတ်နိုင်ငံ ပေကျင်းတွင် TIANANMEN SQUARE ၊ ရှန်ဟိုင်းတွင် PEOPLE’S SQUARE ၊ ရုရှားက မော်စကိုမှာ RED SQUARE ခေါ် ရင်ပြင်နီ၊ ဟန်ဂေရီ ဘူတာပတ်(စ်)မြို့မှာ ROOSEVELT SQUARE စသည်ဖြင့် ကမ္ဘာကျော် ရင်ပြင်ကြီးများ ထင်ရှားသည်။ နောက်ထပ် HEROES SQUARE ဆိုတာလည်း ဟန်ဂေရီမှာရှိသေးသည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က TAHRIR SQUARE ကတော့ သည်ဘက် ဆယ်စုနှစ်များအတွင်း အထူးထင်ရှားလာ၏။ မြန်မာနိုင်ငံ ရန်ကုန်မှာလည်း ပြည်သူ့ရင်ပြင်ရှိသည်။ ထို့အတူ မြို့တော်သစ် နေပြည်တော်မှာလည်း ရှိသည်။

မန္တလေး၏ အထွတ်အမြတ်နေရာ
မန္တလေးမြို့သည်ကား အမျိုးသားယဉ်ကျေးမှုအတွက် အချက်အချာကျသော နေရာဖြစ်သည်။ အမျိုးသား လွတ်လပ်ရေးသမိုင်းစဉ်များမှာလည်း ရှေ့တန်းက ပါဝင် ခဲ့သည့် မြို့ကြီးဖြစ်သည်။
ဤကဲ့သို့အရေးပါသောမြို့ကြီးမှာ အများပြည်သူလူထု အတွက် အမျိုးသားရင်ပြင် (ဝါ) လူထုရင်ပြင်တစ်ခု လိုအပ် နေသည်။ ထိုရင်ပြင်သည် ခမ်းနားထည်ဝါပြီး လူထု ပရိသတ် သိန်းချီစုဝေးနိုင်သောနေရာဖြစ်ရမည့်နည်းတူ လူထုအတွက် အထိမ်းအမှတ် အခမ်းအနားကြီးများ ကျင်းပနိုင်မည့်နေရာဖြစ်သလို အမျိုးသားလွတ်လပ်ရေး အတွက် ဂုဏ်ပြုဦးညွတ်ရာ အမှတ်လက္ခဏာ ရုပ်တု ကမ္ပည်းစာ ပြခန်း ပြကွက် မော်ကွန်းမှတ်တမ်းတို့ စိုက်ထူ ဦးညွတ်ဖွယ် နေရာလည်း ဖြစ်ရပါမည်။
တကယ်တော့ ထိုသို့ ပြည့်စုံလုံလောက်သည့်နေရာက မန္တလေး၏ အထွတ်အမြတ်နေရာ၌ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကတည်းက တည်ရှိခဲ့ပြီးဖြစ်သည်။ ထိုနေရာကား မန္တလေးသားတိုင်း တန်ဖိုးထားခဲ့ကြသော မန်းရာပြည့် ကွင်းကြီးဖြစ်သည်။

"မန်းရာပြည့်ကွင်း"၊ "ရာပြည့်ကွင်း”
ကုန်လွန်ခဲ့တဲ့ နှစ်၆၀ကျော် ၊ ၁၃၂၁ ခုနှစ် (ခရစ်နှစ် ၁၉၅၉ ခု) တွင် မန္တလေး အနှစ် ၁၀၀ တင်းတင်း ပြည့်ခဲ့၏။ တစ်သက်မှတစ်ခါ ကြုံတောင့်ကြုံခဲမို့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ကို "မန်းရာပြည့်" လို့ အလွန်တိကျ ကျစ်လျစ်တဲ့ နာမည်နဲ့ ပွဲတော်ကြီး ဝှဲချီးကျင်းပသည်။
မန်းရာပြည့်ပွဲတော်ကြီး ဝှဲချီးကျင်းပခဲ့သော မန္တလေး တောင်ခြေက အကျယ် ၅၅ ဧကရှိသည့် ကွင်းကြီးမှာလည်း "မန်းရာပြည့်ကွင်း"၊ "ရာပြည့်ကွင်း”ဟု ခေတ်အဆက် ဆက် ထင်ရှားခဲ့သည်။ မန္တလေးမြို့လုံးဆိုင်ရာ လူထု ချီတက်ပွဲကြီးများ၊ စည်းဝေးပွဲကြီးများ၊ ပြည်ထောင်စုနေ့ ကဲ့သို့ နိုင်ငံတော် အခမ်းအနားကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဈာပနပွဲတော်ကြီးများကို မန်းရာ ပြည့်ကွင်းကြီးတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ သည်။ မန်းရာပြည့်ကွင်းကြီးတွင် အစဉ်အဆက် ကျင်းပ ခဲ့သော ပွဲကြီးများ၏ အခင်းအကျင်းများမှာ အရှေ့ဘက်က ဆီးမိုးထားသော မန္တလေးတောင်တော်ကြီး၏ နောက်ခံ မြင်ကွင်းနှင့် အလွန်တင့်တယ်ခဲ့၏။ မန်းရာပြည့်ကွင်းကြီး သည် အကွက်အကွင်းကောင်းသည့်အပြင် ကျယ်ဝန်း ပြန့်ပြူးသော မြေပြင်အနေအထားဖြစ်သောကြောင့် မြို့ကျက်သရေဆောင် လူထုရင်ပြင်ကြီးပမာ နိုင်ငံတော် အခမ်းအနားကြီးများကို နှစ်စဉ် ကျင်းပခဲ့ရာ ၁၉၈၉ ခုနှစ်တွင် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်အဖြစ် ဘ၀ပြောင်းသွားတော့၏။

မြို့ဂုဏ်ဆောင် တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင်
ယခုအခါ မန္တလေးမြို့မိမြို့ဖများ၊ မြို့ခံ အသိပညာရှင် အတတ်ပညာရှင်များ၊ မြို့တော်သူ မြို့တော်သားများ အားလုံး၏ ဆန္ဒက အစဉ်အဆက် ဘိုးဘွားအမွေအနှစ်အဖြစ် တည်ရှိအပ်ခဲ့သော မန်းရာပြည့်ကွင်းကြီးနေရာတွင် မူလ ကဲ့သို့ လူထုရင်ပြင်ကြီးနှင့်အတူ ယခုအခါ မန္တလေး တိုင်းဒေသကြီး၏ ရင်းမြစ်သယံဇာတဖြစ်သည့် စကျင် ကျောက်သားဖြင့် သမိုင်းမှန် ဇာတိမှန် ခံ့ညားထည်ဝါစွာ ထုလုပ်ထားအပ်သော အမျိုးသားခေါင်းဆောင် လွတ်လပ် ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောက်ဆစ်ရုပ်၊ ဗိမာန်နှင့်အတူ မန္တလေး၏ နိုင်ငံရေးသမိုင်းပြခန်း မော်ကွန်း ကျောက်စာ မြို့တည်ကမ္ပည်းမော်ကွန်းများနှင့်အတူ ကျက်သရေ မင်္ဂလာရှိသော နေရာသစ်အဖြစ် မြင်တွေ့ လိုခြင်း ဆန္ဒပြင်းပြလျက် ရှိနေကြပါကြောင်း။

သို့မှသာ အတိတ်တဘောင် ထွန်းပြောင်သည့် မန္တလေး တောင်တော်မြတ်အရိပ်တွင် မြို့တည်နန်းတည် ခုနစ် ဌာနနှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၏ အမှတ်အသား တိုင်းဒေသကြီး လွှတ်တော်၏ မျက်နှာစာ၌ ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တု ဗိမာန်တို့ကို ဦးတိုက်သော လူထုရင်ပြင်ကြီးကား ခမ်းနားမှု၊ ကျက်သရေ မင်္ဂလာရှိမှု၊ အနှစ်သာရရှိမှုတို့နှင့်အတူ မြို့ဂုဏ်ဆောင် တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင်အဖြစ် တည်တံ့နေမည် ဖြစ်ပေသည်။ ။

ကြေးမုံ