မိုးကောင်းတွင် ရှမ်းနီစာပေဆရာဖြစ်သင်တန်းဖွင့်

မိုးကောင်း ၁ သြဂုတ်

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တိုင်းလိုင်၊ တိုင်းနိုင်း(ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူး၍ ရှမ်းနီစာပေဆရာဖြစ်သင်တန်း အမှတ်စဉ်(၄/၂၀၁၈)ဖွင့်ပွဲကို သြဂုတ် ၁ ရက်နံနက် ၉ နာရီက မိုးကောင်းမြို့ နတ်ကြီး ကုန်းရပ်ကွက်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပရာ ပြည်နယ်တိုင်းလိုင်၊ တိုင်းနိုင်း(ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ဦးကျော်မြင့်နှင့် မြို့နယ်တိုင်းလိုင် တိုင်းနိုင်း(ရှမ်းနီ) စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးတင်ညွန့်တို့က အမှာစကား ပြောကြားကြသည်။

 

သင်တန်းသို့ တိုင်းလိုင် တိုင်းနိုင်း(ရှမ်းနီ)တိုင်းရင်းသား သင်တန်းသူသင်တန်းသား ၄၆ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သုံးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

" ဒီသင်တန်းကို ရှမ်းနီစာပေ၊ ရှမ်းနီဘာသာစကားနဲ့ ရှမ်းနီရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေ မပျောက်ပျက်အောင် ပြန်လည်ဖော်ထုတ် ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ အခြေခံပညာ မူလတန်း ကျောင်းတွေမှာ ရှမ်းနီစာပေ သင်ကြားပို့ချပေးနိုင်ဖို့ အဓိကရည်ရွယ်ဖွင့်လှစ်ပေးတာပါ " ဟု ပြည်နယ်တိုင်းလိုင် တိုင်းနိုင်း(ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ဦးကျော်မြင့်က ပြောသည်။

 

(ဝင်းအောင်)