“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၉) (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန)

မြင့်စိုး(နတလ)

စာရေးသူ၏ ဆန္ဒမွန်

ကျွန်တော်တို့ ငယ်စဉ်ကတည်းက နှစ်သက်စွာဖတ်ခဲ့ဖူးသည့် ကာတွန်း မြင့်သိန်း၏ဇာတ်ကောင် စံရွှေမြင့် ပြောတာလား၊ ကာတွန်းတင်အောင်နီ၏ ဇာတ်လိုက် ကိုပြာလောင် ပြောတာလားကတော့ မသဲကွဲတော့ပါ၊ တိုးရင်းတိုးရင်းနဲ့ အလယ်ရောက်သွားတာပါ ဆိုသည့် စကားလို ရေးရင်းရေးရင်းနှင့် ဆောင်းပါး အမှတ်စဉ် (၉) သို့ပင် ရောက်သွားပါပကောလား။ အမှတ်စဉ် (၁) မှာ ပြန်ကြည့်လျှင် ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်း မဝင်ရောက်မီ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်များ၊ မုန်တိုင်းဝင်ရောက်ပြီး ကိုယ်တိုင်သွားရောက် ကြည့်ရှုဖြည့်ဆည်း ဆောင်ရွက်ပေးမှုများ၊ ဆက်လက်၍ အမြန် အကောင်အထည်ဖော်ရမည့် လုပ်ငန်းတာဝန်များကို ရေးသားတင်ပြခဲ့သလို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ စစ်တွေသို့ ရောက်ရှိတာဝန် ထမ်းဆောင်မှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်ပြင်ဆင်မှုများနှင့် စီမံခန့်ခွဲ ဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးဆောင်ရွက် ပေးမှုများကို နိဒါန်းပျိုး၍ရေးခဲ့သည်။

ဤသို့ရေးသားရာတွင် စာရေးသူ၏ အဓိကရင်တွင်းဆန္ဒနှစ်ခု ရှိသည်။ တစ်ခုက နိုင်ငံတော်အစိုးရ၏ စေတနာကို နိုင်ငံသူနိုင်ငံသားများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ သိစေလိုသည်။ သဘောပေါက်စေလိုသည်။ မိုခါမုန်တိုင်းသင့်ဒေသများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များနှင့်ယှဉ်တွဲ၍ ငြိမ်းချမ်းရေး၏ အန္တိမခရီးလမ်းအဆုံးကိုလည်း လှမ်း၍မြင်စေကြည့်စေချင်ပါသည်။ ကူညီ ကယ်ဆယ်ထောက်ပံ့ရေး သင်္ဘောကြီးများ ဒလဟောဝင်ထွက် ဆိုက်ကပ်နေသည့် ကမ်းခြေဒေသများအပါအဝင် ရခိုင်ပြည်နယ်၏ ရေမြေတောတောင် သဘာဝကို ဘုရားပေးသောဆုလာဘ်အဖြစ် သိမြင်ခံစားနားလည်စေလိုပါသည်။ ဤသည်ကဆန္ဒတစ်ခု။ နောက်တစ်ခုက အရေးကြီးလျှင် အလိုလိုသွေးနီး သွားတတ်သော မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်လက္ခဏာများအတိုင်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အနယ်နယ်အရပ်ရပ်က အပြေးအလွှား ရောက်ရှိလာကြသည့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများကို ဂုဏ်ပြုလို၍ဖြစ်သည်။ ရာထောင်ချီ၍ ရောက်ရှိလာကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ ပို့/ ဆက်ဝန်ထမ်းများ၊ သစ်တော ဝန်ထမ်းများ၊ မိုးထဲလေထဲ၊ ညမှောင်မှောင်မည်းမည်းထဲတွင် သူတို့ဓာတ်တိုင်များပေါ် တက်နေကြသည်။ ဆက်သွယ် ရေးလိုင်းများ ပြန်ကောင်းအောင် လုပ်နေကြရသည်။ အလွန်လေးလံသော သွပ်ပြားများ၊ သံချောင်းများ၊ ဆန်အိတ်များ အပါအဝင် ပစ္စည်းမျိုးစုံကို ထမ်းပိုး သယ်ယူ တင်/ချပေးနေရသည်။ လွှဝိုင်းများတွင် စက်သံများညံနေသည်။ နေပူ မိုးရွာမရှောင် ရေဖြန့်ဝေရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေကြသည်။

ဆိုတော့ကာ သူတို့အားလုံး အပင်ပန်းခံ၍ စိတ်ရင်းစေတနာကောင်းစွာ လုပ်ကိုင် ဆောင်ရွက်ပေးနေမှုများကို ကိုယ်တိုင်ကိုယ်ကျလည်း တွေ့မြင်နေရသည်ဖြစ်၍ ဂုဏ်ပြုရေးသားခြင်း ဖြစ်ပါသည်။ အရေးကြီးလုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြရသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနများ အကြောင်းအရင်ရေး၍ ပြီးမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကြားထဲတွင် အမှတ်စဉ် (၆) အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ဖြတ်ဝင်သွားသည်ကတော့ ရခိုင်ပြည်နယ် ဇာတိဖွား၊ (၃၂) ကြိမ်မြောက် ဆီးဂိမ်း၌ ငွေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ၏ ကွင်းလယ်ကစားသမား၊ ကျောနံပါတ် ၆ နော်ထက်ထက်ဝေ၊ ဂျူဒိုနှင့် ပိုက်ကျော်ခြင်း အားကစားများ၌ ငွေနှင့်ကြေးတံဆိပ်ဆုရ အားကစားသမားများအား ဂုဏ်ပြု လို၍ဖြစ်သည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အမှတ်စဉ် (၇)၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အမှတ်စဉ် (၈) ဖြစ်သည်။

မှတ်တမ်းပြုဖော်ပြ

အမှတ်စဉ် (၁) ကို စရေးလိုက်ကတည်းက တောင်းပန်စရာကိစ္စက ပေါ်လာပါတော့သည်။ ဇွန်လ ၅ ရက်နေ့ ထုတ်သတင်းစာများတွင် ဆောင်းပါးပါလာပြီး မကြာခင် ဖုန်းတစ်ခုဝင်လာသည်။ ဖုန်းဆက်သူက ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်။ ညီလေး - မင်းရေးတဲ့အထဲမှာ ငါ့နာမည် လည်းမပါဘူး….တဲ့။ ဟုတ်ပါ့ဗျာ၊ သွားရောပဲ….။ စစ်တွေတွင် လာရောက် တာဝန်ထမ်းဆောင်နေသော ဒုတိယ ဝန်ကြီးများ၏အမည်နှင့် ဝန်ကြီးဌာနများကို ထည့်ရေးသည့်နေရာတွင် အစည်း အဝေးခန်းမထဲ၌ထိုင်နေသူ ဒုတိယဝန်ကြီးများကို အစဉ်လိုက်ရေတွက်ပြီး ချရေးလိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် အစ်ကိုကြီးရဲတင့်က နေပြည်တော်သို့ ခေတ္တပြန်ရောက်နေချိန်ဖြစ်၍ ကျန်သွားခြင်းပင်၊ ပြောရလျှင် ကျွန်တော်တို့ ထက်ပင် စစ်တွေသို့ စောရောက်နေပါသေးသည်။ ခွင့်လွှတ်ပါခင်ဗျားဟူ၍သာ….။

ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်တို့ တာဝန်ဖြင့် နေပြည်တော်သို့ ခေတ္တပြန်လည်ရောက်ရှိနေခိုက်တွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကွပ်ကဲဆောင်ရွက် လျက်ရှိသည်။ ဒုတိယဝန်ကြီးများဖြစ်ကြသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်လူမွန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးအေးထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒေါက်တာအောင်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဦးထွန်းအုံ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဦးအေးကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးဝင်းဖေ၊ ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာမိုးဇော်ထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစိုးကြည်တို့ကလည်း မိမိတို့ဝန်ကြီးဌာနအလိုက်၊ ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များကို ပူးပေါင်းဆောင်ရွက်နေသည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်တိုးရီ နှင့် ဗိုလ်ချုပ်ဇင်မင်းထက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့လည်း လာရောက် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာညွန့်ဖေ၊ ဦးအောင်သော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကလည်း စစ်တွေမြို့သို့ ရောက်ရှိလာကြပြီး ဝန်ကြီးဌာနအလိုက် လုပ်ငန်းတာဝန်များ၊ ရုံးများ ပြန်လည်တည်ဆောက်ပြုပြင်ရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ဂုဏ်ပြုလိုက်ရပါသည် ကိုဇော်လတ်

ကျွန်တော် ဒီကနေ့ရေးသားတင်ပြမည့် အကြောင်းအရာမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များပင် ဖြစ်သည်။ ကိုဇော်လတ်က ယင်းဝန်ကြီးဌာန၏ ဝန်ထမ်းတစ်ဦး၊ စစ်တွေမြို့သို့ ရောက်ရှိနေသော သစ်ထုတ်လုပ်ရေး အဖွဲ့တစ်ခုမှ ဝိုင်းဆရာဖြစ်သည်။ တာဝန်ကျနေရာ၌ လွှဝိုင်းများကို ကြီးကြပ်ဆောင်ရွက်နေစဉ် မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ဦးနှောက်သွေးကြောပြတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ သူ၏ နောက်ဆုံးခရီးကို အောင်လံမြို့ရှိ မိသားစုဝင်များက ပြုလုပ်ပေးနိုင်ရေးအတွက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ကိုဇော်လတ်၏ မိသားစုဝင်များမှာ ဇနီးဖြစ်သူ ဒေါ်သိန်းသိန်းဌေး (မှီခို)၊ သမီးကြီး ချိုသဲဦး (၂၀၂၃ ခုနှစ်-တက္ကသိုလ်ဝင် စာမေးပွဲအောင်)၊ သမီးငယ် မေသဲဖူးဇော် (ပဉ္စမတန်း) တို့ဖြစ်ကြသည်။ သမီးကြီး ချိုသဲဦး၏ပညာရေးခရီးလမ်း အဆင်ပြေ ချောမွေ့စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးသွားမည်ဖြစ်သည်။ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် မိမိဝန်ကြီးဌာနက တာဝန်ယူထားရသော သစ်ထုတ်လုပ်ရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရင်း ကွယ်လွန်ခဲ့ရသည့် ကိုဇော်လတ် အား ဤဆောင်းပါးဖြင့် လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

သစ်ခွဲသားများ ဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်ပြင်ဆင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းခံရပါက ရခိုင်ဒေသမြို့ရွာများ အနည်းနှင့် အများဆိုသလို ပျက်စီးဆုံးရှုံးနိုင်ခြေကို ကြိုတင်တွက်ဆ၍ လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းအား တာဝန်ပေးခဲ့သည်။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့်လည်း မေလ ၁၀ ရက်နေ့မှာပင် သစ်ခွဲသားများ ဖြည့်ဆည်းပေးရေးဦးစီးအဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ရှိသူများအား မေလ ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ ကြိုတင်စေလွှတ်ကာ သစ်ခွဲသားများ စုဆောင်းထားရှိရေး မြေပြင်အကြိုလုပ်ငန်းစဉ်များ ဆောင်ရွက်စေခဲ့သည်။ တစ်ချိန်တည်း မှာပင် ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သစ်စက်များမှ လက်ရှိသစ်ခွဲသားများကို လည်းကောင်း၊ သစ်ထုတ်လုပ်ရေးဌာန အစီအစဉ်ဖြင့် ခွဲသားဆိုဒ်စုံများကို လည်းကောင်း ရန်ကုန်၌ အသင့်ရှိစေရေးစီစဉ် ဆောင်ရွက်ခဲ့သည်။

ရွှေ့ပြောင်းသစ်စက်များအား စစ်တွေသို့ ပို့ဆောင်

ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သစ်စက်များမှ ရွှေ့ပြောင်းသစ်စက် (Mobile Sawmill) များအဖြစ် စစ်တွေမြို့သို့ ၁၀ စုံ ပေးပို့ခဲ့သည်။ ယင်းသို့ပေးပို့ခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး အမှတ် (၃၈) သစ်စက်ဘုရား လေးမှ သုံးပေဝိုင်းခုံတစ်စုံ၊ လေးပေဝိုင်းခုံနှစ်စုံ၊ အမှတ် (၉၆) သစ်စက် အောင်လံမှ သုံးပေဝိုင်းခုံတစ်စုံ၊ လေးပေဝိုင်းခုံတစ်စုံ၊ အမှတ် (၃၀) သစ်စက် နတ်တလင်းမှ လေးပေဝိုင်းခုံတစ်စုံ၊ ရခိုင်ပြည်နယ် အမှတ် (၉၉) သစ်စက် တောင်ကုတ်မှ သုံးပေဝိုင်းခုံတစ်စုံ၊ လေးပေဝိုင်းခုံတစ်စုံ၊ ဧရာဝတီတိုင်း ဒေသကြီး အမှတ် (၁၈) သစ်စက်ပုသိမ်မှ လေးပေဝိုင်းခုံတစ်စုံ၊ အမှတ် (၁၀၆)သစ်စက်ရေကြည်မှ သုံးပေဝိုင်းခုံတစ်စုံ စုစုပေါင်း ၁၀ စုံတို့ဖြစ်သည်။ ယင်း သစ်စက်များကို ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောဖြင့်လည်းကောင်း၊ ရန်ကုန်- အောင်လံ- ပြည်- ပဒန်း- အမ်းလမ်းနှင့် တောင်ကုတ်- စစ်တွေကားလမ်းများမှ လည်းကောင်း ပို့ဆောင်ပေးခဲ့သည်။ ၎င်းရွှေ့ပြောင်းသစ်စက်များကို စစ်တွေမြို့ရှိ ဘက်စုံသုံးဆိပ်ကမ်းတွင် လေးစုံ၊ ပြည်နယ်အကူရဲတပ်ဖွဲ့ဝင်းထဲတွင် လေးစုံ၊ သစ်ဆိုင်ဝင်းတွင် နှစ်စုံဖြန့်ခွဲထားရှိ၍ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။

ဝန်ထမ်းများ စုဖွဲ့စေလွှတ်

အထက်ဖော်ပြပါ သစ်စက်များ လည်ပတ် ခွဲစိတ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းစုစုပေါင်း ၁၇၉ ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စေလွှတ်ပေးခဲ့သည်။ ဝန်ထမ်းအင်အားများပြားသလို ရာထူးအခေါ်အဝေါ်များကလည်း စုံလင်လှ၏။ ရာထူးကြီးသည်ငယ်သည် အပေါ် အောက်တွေ အသာထား၊ ကျွန်တော် လေ့လာမိသမျှ ရေးချရလျှင် အထွေထွေ မန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာ၊ လက်ထောက် အထွေထွေမန်နေဂျာ၊ ဒုလက်ထောက်ကြီးကြပ်ရေးမှူး၊ အငယ်တန်းလက်ထောက်၊ ဝိုင်းဆရာ၊ မီးသတ် တပ်ကြပ်၊ စက်ပြင်-၅၊ စက်မောင်း၊ လုပ်သား၊ သစ်စာရင်းကိုင်၊ ပစ္စည်းထိန်း၊ စက်မှုကျွမ်းကျင်၊ နေ့စားဝန်ထမ်း၊ မြဲလုပ်သား(အကူ) ဆိုသည်များ တွေ့ရ သလို သစ်တောဘက်ကလည်း သစ်အုပ်၊ ချောင်းခေါင်းများပါသည်။ ဆင်ဦးစီးက ချည်းပင် အယောက် ၂၀ တွေ့ရသည်။ ဆင်အုပ်နှင့် ဆင်ပဲ့ချိတ်ဆိုသော ရာထူးများကလည်း ခပ်ဆန်းဆန်းပင်။ နောက်ဆုံးတွင်မူ မည်သည့်ဖွဲ့စည်းပုံ၊ မည်သည့်ရာထူးနှင့်ပင် ရောက်လာလာ၊ သူတို့၏ အဓိကလုပ်ငန်းတာဝန်မှာ မုန်တိုင်းသင့်ဒေသများရှိ ဆေးရုံများ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရေး၊ သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်ရေး၊ ပျက်စီးသွားသောတံတားများ ပြုပြင် တည်ဆောက်နိုင်ရေးတို့အတွက် လိုအပ် သောသစ်များကို အမြန်ခွဲစိတ်ပေးပို့ သွားရန်ပင်ဖြစ်သည်။ သူတို့၏ စုပေါင်း စွမ်းအားကြောင့် စစ်တွေမြို့တွင် လွှဝိုင်းအသီးသီးက ထွက်ပေါ်လာသော စက်သံများဖြင့် ညံနေပါတော့သည်။

အထက်ဖော်ပြပါလွှဝိုင်း ၁၀ စုံ၊ ဝန်ထမ်း ၁၇၉ ဦးတို့ဖြင့် ဒေသ၏ သစ်လိုအပ်ချက်များကို လုံလောက်အောင် ဆောင်ရွက်ပေးရန် မလွယ်ကူပါ။ သည့်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် စစ်တွေမြို့တွင် ရွှေ့ပြောင်း သစ်စက်များနှင့် သစ်ခွဲသားများ ခွဲစိတ်ခြင်း၊ ရန်ကုန်မြို့မှ သင်္ဘောများဖြင့် သစ်ခွဲသားများ တင်ပို့ခြင်းတို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ အမ်း၊ မောင်တော၊ ပေါက်တော၊ တောင်ကုတ် နှင့် သံတွဲမြို့များမှ ပုဂ္ဂလိကပိုင်သစ်စက် များကို ငှားရမ်း၍ သစ်ခွဲသားများ ခွဲစိတ် ဖြန့်ဖြူးခြင်းလုပ်ငန်းကို စီမံဆောင်ရွက် ပေးနေသည်။စုစုပေါင်းပုဂ္ဂလိကသစ်စက် ၂၂ ခုပါဝင်လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရသည်။

သစ်ခွဲသားများ ဖြန့်ဖြူးပို့ဆောင်ပေး

ရန်ကုန်မှ သစ်ခွဲသားများကို M.V AQUARIUS၊ M.V FORTUNE၊ MCL-5၊ MCL-3 ၊ M.V CHARITY၊ ဝိရူပက္ခအစရှိသော ရေယာဉ်ကြီးများဖြင့် တင်ဆောင်၍ စစ်တွေသို့ ပို့ဆောင်ပေးသည်။ ထိုနည်းတူစွာ ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်၊ သံတွဲ၊ အမ်းမြို့များမှ သစ်ခွဲသားများကိုလည်း တပ်မတော်ရေယာဉ်များ၊ ပုဂ္ဂလိကပိုင်ရေယာဉ်များ၊ သစ်တင်ယာဉ်များဖြင့် စစ်တွေမြို့သို့ အရောက်ပို့ဆောင်ပေးသည်။ ရောက်ရှိလာသော သစ်များ၊ စစ်တွေတွင် ခွဲစိတ် နေသောသစ်များကို မိုခါမုန်တိုင်းဒဏ်အများဆုံးခံခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနှင့် မောင်တောမြို့နယ်တို့သို့ စနစ်တကျ ဖြန့်ဝေပေးပို့လျက်ရှိသည်။

မြို့သန့်ရှင်းရေးအတွက် ကူညီဆောင်ရွက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် လိုအပ်သောသစ်ခွဲသားများကို အချိန်မီ ထုတ်လုပ်ဖြန့်ဖြူးပေးရေး ဆိုသည့် အဓိကလုပ်ငန်းတာဝန်အပြင် စစ်တွေမြို့ သန့်ရှင်းသာယာလှပရေး အတွက် ပြန်လည်ရှင်းလင်းဆောင်ရွက် နေသည့်လုပ်ငန်းများတွင်လည်း ပါဝင် ထမ်းဆောင်နေသည်။ ထိုသို့ပါဝင် ဆောင်ရွက်နိုင်ရန် Loader ယာဉ် လေးစီးကို ယာဉ်မောင်း ရှစ်ဦးဖြင့် လည်းကောင်း၊ Chain Saw/စက်လွှ ၂၄ လက်ကို ဝန်ထမ်း ၂၈ ဦးဖြင့်လည်းကောင်း ပါဝင်ထမ်းဆောင်လျက်ရှိသည်။

သစ်ပင်များပြန်လည်စိုက်ပျိုးရန် စီမံချက်ရေးဆွဲဆောင်ရွက်


နိုင်ငံတော်အကြီးအကဲ၏ မေလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်ခရီးစဉ်၌ အုန်းပင် အပါအဝင် ဒေသနှင့်ကိုက်ညီသော မုန်တိုင်းဒဏ်ခံအပင်များကို ပြန်လည် စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ယင်းလမ်းညွှန်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်မြို့တော် စစ်တွေတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်မည့် သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းစီမံချက်ကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များနှင့်အညီ ရေးဆွဲခဲ့ပါသည် -

(က) စစ်တွေမြို့ ပြန်လည်စိမ်းလန်း စိုပြည်သာယာလှပလာစေရန်၊

(ခ) ဆိုင်ကလုန်းမုန်တိုင်း အပါအဝင် အခြားသဘာဝဘေးအန္တရာယ်များ အား တားဆီးကာကွယ်နိုင်ရန်၊

(ဂ) ရာသီဥတု ကောင်းမွန်မျှတပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန်၊

(ဃ) ရခိုင်ပြည်နယ်၏ သစ်တော ဖုံးလွှမ်းမှုကို တိုးတက်လာစေရန်။

ယင်းစီမံချက်အရ စစ်တွေမြို့နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာ လှပစေရန်နှင့် သဘာဝဘေးဒဏ်ခံနိုင်ရန်အတွက် လေကာပင်များ၊ အရိပ်ရပင်များ၊ အမြဲစိမ်းအပင်များ၊ အကြီးမြန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်သည့် ပန်းပင်များ၊ ဒီရေတောပင်များ စုစုပေါင်း အပင် ၂၀၄၂၀၀ စိုက်ပျိုးသွားမည်ဖြစ်သည်။ ရေသင်းဝင်၊ ပင်လယ်ကဗွီး၊ အုန်း၊ ဗာဒံ၊ ခရေ၊ သင်္ဘောတည်၊ ရေတမာ၊ ပျဉ်းမ စသည့်အပင်မျိုးများ၊ ဒီရေတော အပင်များဖြစ်သည့် ဗြူးခြေထောက်၊ သမဲ့ကြီး၊ လမု စသည့်အပင်များသည် အရွက်သေး၍ ရေသောက်မြစ်ရှည်ခြင်း၊ ဘေးမြစ်များ ရှည်လျားပြန့်ကားပြီး မြေဆီလွှာတွင် ခိုင်မြဲစွာကုပ်တွယ်နိုင်ခြင်း၊ ပင်စည်နှင့် ကိုင်းတက်များ ယိမ်းနွဲ့ ကွေးညွတ်မှုအားကောင်းခြင်း၊ အပင်လတ်အမျိုးအစားဖြစ်ပြီး သင့်တင့်သော ရွက်အုပ်အရွယ်အစားရှိခြင်းတို့ကြောင့် လေပြင်းမုန်တိုင်းဒဏ်ခံနိုင်ပြီး ပျက်စီးမှု နည်းပါးကြောင်း သိရသည်။ ထိုအပင်များကိုလည်း နေရာကိုက်ညီစွာ စိုက်ပျိုး ပေးသွားမည်ဖြစ်သည်။

သစ်ပင်ကိုခုတ်၊ သစ်များကို ထုတ်ပြီး ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသလို ရခိုင် ဒေသတစ်ခွင် ပြန်လည်စိမ်းလန်းစိုပြည် သာယာလှပရေးအတွက်လည်း သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သူတို့ကူညီပေး ကြပါဦးမည်။ ဖြစ်ထွန်းလာမည့်သစ်တော သစ်ပင်များကို ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းကြရင်း ရခိုင်တိုင်းရင်းသား သွေးချင်းများအားလုံးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ထမ်းများအား ကျေးဇူးတင်စွာ အမှတ်ရနေကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိပါသည်။    ။