မိုခါအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆီသို့ (၄)

ထက်မြတ်

ယမန်နေ့မှအဆက်

ရခိုင်ပြည်နယ်အတွင်း ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းတစ်လိုင်း၊ ၆၆ ကေဗွီ ပို့လွှတ်ရေးဓာတ်အားလိုင်း ခြောက်လိုင်း၊ တာဝါတိုင်နဲ့ ကွန်ကရစ်တိုင် စုစုပေါင်း ၂၆၃၆ တိုင်ရှိပါတယ်။

အဲဒီထဲကမှ တာဝါတိုင် ၅၂ တိုင်နဲ့ ကွန်ကရစ်တိုင် ၄၂၈ တိုင်တို့ဟာ ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ရဲ့ ရိုက်ခတ်မှုအောက်မှာ ဝပ်ဆင်းသွားခဲ့ရတာပါ။

ဒါပေမယ့်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနဲ့ ဝန်ထမ်းများရဲ့ စိတ်ဓာတ်ကိုရိုက်ချိုးဖို့ရာတော့ “မိုခါ” က မတတ်နိုင်ခဲ့ပါဘူး။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ စစ်တွေမြို့နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိမြို့များ လျှပ်စစ်ဓာတ်အား အမြန်ပြန်လည်ရရှိရေး အတွက် မေလ ၁၈ ရက်ကစလို့ လူအင်အား၊ ယာဉ်/ ယန္တရားအင်အား များကိုစုဖွဲ့ပြီး ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

၂၃၀ ကေဗွီနဲ့ ၆၆ ကေဗွီ ဓာတ်အား လိုင်းများအတွက် ဝန်ထမ်း ၅၇၉ ဦး၊ ယာဉ်/ယန္တရားအစီး ၉၀၊ ပြင်ဆင်ရေး အဖွဲ့ ၁၆ ဖွဲ့ဖြင့် လုပ်ငန်းဆောင်ရွက် နေသလို ၁၁ ကေဗွီ/ ၄၀၀ ဗို့ ဓာတ်အား လိုင်းများအတွက် ဝန်ထမ်း ၆၈၄ ဦး၊ ယာဉ်/ယန္တရား ၇၁ စီး၊ ပြင်ဆင်ရေးအဖွဲ့ ၁၄ ဖွဲ့၊ ပြင်ပကုမ္ပဏီတစ်ဖွဲ့တို့ဖြင့် ပြည်သူများ လျှပ်စစ်မီးများ ပြန်လည် ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလို ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မြို့တွင်းလျှပ်စစ်မီး ဖြန့်ဖြူးရေးလိုင်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုက ဇွန်လ ၁၃ ရက်မှာ ၁၀၀ ရာခိုင်နှုန်းရှိပြီး ဇွန်လ ၇ ရက် ည ၈ နာရီ ၂၂ မိနစ်မှာ မြို့ပေါ် ၁၅ ရပ်ကွက်ရှိ လျှပ်စစ်မီးအသုံးပြုသူ ၁၃၀၁၀ အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။

လျှပ်စစ်မီးမရခင် အတောအတွင်းမှာ ပြည်သူများ လျှပ်စစ်မီးအထိုက် အလျောက် ရရှိစေရေးအတွက် ၅၀၀ ကေဗွီအေ မီးစက်ကြီးများဖြင့် လမ်းမီးများထွန်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

အထူးသဖြင့် လျှပ်စစ်မီးလုံးဝမရတဲ့ စစ်တွေမြို့အတွင်း လျှပ်စစ်မီးရရှိရေး အတွက် အဓိကဦးစားပေးဆောင်ရွက်နေတာဖြစ်လို့ စစ်တွေမြို့ မေယုလမ်း မီးစက်အဝိုင်းမှ ဆတ်ရိုးကျ တံတားအထိ အလျား ၃ မိုင်အရှည်ရှိသော လမ်းမကြီး တစ်လျှောက်ကို မေလ ၂၅ ရက်ကစပြီး ဇွန်လ ၇ ရက်အထိ ည ၇ နာရီမှ ၁၀ နာရီ အတွင်း လမ်းမီးများကို တစ်တိုင်ခြား ထွန်းပေးခဲ့တာ တွေ့ရပါတယ်။

တာဝန်ရှိသူများအနေနဲ့ ပြည်သူများ အတွက် စဉ်းစားတွေးတောပြီး ဖြည့်ဆည်းပေးမှုက ဒီနေရာမှာတင် မရပ်သွားပါဘူး။ ဒီကနေ့ခေတ်မှာ လူတိုင်းလိုလို လက်ကိုင်ဖုန်းများ ကိုင်ဆောင် လာနိုင်ပြီဖြစ်တဲ့အတွက် မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မပြတ် တောက်စေဖို့ အခမဲ့ဖုန်းအားသွင်းနိုင်တဲ့နေရာများကိုလည်း စီစဉ်ပေးခဲ့ပါသေးတယ်။

လျှပ်စစ်မီးလုံးဝမရတဲ့ စစ်တွေမြို့ အတွင်းမှာပင် အခမဲ့ဖုန်းအားသွင်းနိုင် ရေးအတွက် နေရာရှစ်နေရာ ထားရှိပေးထားတာကြောင့် ပြည်သူများအနေနဲ့ လက်ကိုင်ဖုန်းများသာမက အားသွင်းဓာတ်မီးများနဲ့ တခြားအားသွင်းဖို့ လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းများကို လာရောက် အားသွင်းကြတာကိုလည်း တွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် ညစဉ် မီးအားသွင်းသူ ၁၂၀၀ ဝန်းကျင်ရှိပါတယ်။

လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ နောက်ထပ် တင်ပြချင်တာကတော့ စက်သုံးဆီ စုပုံမှုအခြေအနေပါ။

ပရီမီယံဒီဇယ်ဆီ ဂါလန် ၂၀၀၀၀၀ ကို ဇမ္ဗူတန်ဆောင်သင်္ဘောဖြင့်လည်းကောင်း၊ 92 အောက်တိန်းဓာတ်ဆီ ဂါလန် ၂၀၀၀၀၀ ကို ခိုင်ခိုင်ဖြိုး-၃၄ သင်္ဘောဖြင့်လည်းကောင်း၊ ဒီဇယ်ဆီ ဂါလန် ၂၅၀၀၀၀ ကို ခိုင်ခိုင်ဖြိုး-၃၃ သင်္ဘောဖြင့်လည်းကောင်း ရခိုင် ပြည်နယ်သို့ ပို့ဆောင်ထားပြီးတာ တွေ့ရပါတယ်။

ပရီမီယံ ဒီဇယ်ဆီများကိုတော့ စစ်တွေမြို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ ထိန်းသိမ်းထားကာ 92 အောက်တိန်းဓာတ်ဆီနဲ့ ဒီဇယ်ဆီတို့ကိုတော့ သင်္ဘောပေါ်မှာပဲ တင်ထားပြီး ဖြန့်ဖြူးပေးလျက်ရှိပါတယ်။

ဝိသမလောဘသားများ လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခုရှိပါတယ်။ အရေးအကြောင်း ကြုံလာပြီဆိုရင် အရေးကြီးလိုအပ်တဲ့ ပစ္စည်းတွေကို ဈေးတင်ရောင်းချခြင်းပါပဲ။

ဒီနေရာမှာ စက်သုံးဆီဆိုတာ တကယ့်ကို အခြေခံကျတဲ့ လိုအပ်ချက်မို့ ပြတ်လပ်ပြီဆိုတာနဲ့ ဝိသမလောဘ သားများရဲ့ မထင်ရင်မထင်သလို ဈေးတင်ရောင်းချခြင်းခံရတဲ့ အခြေခံ ကုန်ပစ္စည်းတစ်မျိုးပါ။

အခုတော့ နိုင်ငံတော်အစိုးရက အမြော်အမြင်ရှိရှိနဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ စက်သုံးဆီများကို အလျှံပယ် စုပုံပေးလိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်လို့ ဈေးတင်ရောင်းချမှု မဖြစ်ပေါ်စေတဲ့အပြင် ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို တင်းပြည့်ကျပ်ပြည့် ဆောင်ရွက်သွားနိုင် တော့မှာပဲဖြစ်ပါတယ်။

ဆောက်လုပ်ရေးကဏ္ဍ

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် အဓိကကျသောလုပ်ငန်းတစ်ခု ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ ကို ဆက်လက်တင်ပြသွားပါမယ်။

နိုင်ငံတော်အစိုးရ၏ တာဝန် ပေးချက်အရ ကြိုတင်ဝယ်ယူထားတဲ့ သွပ်အချပ်ရေ ၁၀၀၀၀၀၊ မူလထိန်းသိမ်း ထားတဲ့ သွပ်အချပ်ရေ ၁၆၉၆၇၅ ချပ်၊ အလှူရှင်များ လှူဒါန်းတဲ့ သွပ်အချပ်ရေ ၃၄၈၂၇ ချပ် အပါအဝင် စုစုပေါင်းသွပ် အချပ်ရေ ၃၀၄၅၀၂ ချပ်ကို စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ထို့ပြင် အိမ်ရိုက်သံ ၂၄ တန်၊ သွပ်ရိုက်သံ ၁၃ တန်နဲ့ သစ်လုံး ၆၄ တန်၊ သစ်ခွဲသား ၁၈၃၈ တန်တို့ကိုလည်း တည်ဆောက် ရေး လုပ်ငန်းများအတွက် ပို့ဆောင်ခဲ့ပြီး ပါပြီ။
ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအကြောင်းမပြောခင် အရင်ဆုံး သာသနိက အဆောက်အအုံများ ပျက်စီးမှုအခြေအနေများကို တင်ပြချင်ပါသေးတယ်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ သာသနိက အဆောက်အအုံ အများအပြား ပျက်စီးသွားပါတယ်။

စာရင်း ကိန်းဂဏန်းအရဆိုရင် ကျောင်းပေါင်း ၁၅၁၀၊ စေတီပေါင်းအဆူ ၂၃၀၊ သိမ်အလုံး ၆၄၀၊ ကျောင်းဆောင် ၁၇၈၇ ဆောင်၊ ဓမ္မာရုံ ၈၃၈ လုံး၊ ဆွမ်းစားဆောင် ၄၅၈ လုံး၊ ကုဋီ ၁၀၂၆ လုံးရှိပါတယ်။
ဒီလိုပျက်စီးသွားတဲ့ သာသနိက အဆောက်အအုံများအတွက် ပထမ အကြိမ်အဖြစ် ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ သွပ်အချပ် ၁၀၀၀ နဲ့ ကျန်သာသနိက အဆောက်အအုံများအတွက် သွပ်အချပ် ၈၅၀၀၊ သွပ်ရိုက်သံ ၂၂၅ ပိဿာနဲ့ သစ် ၅၁ တန်တို့ကို ထောက်ပံ့ပေးထားပါတယ်။

ဒါ့အပြင် ပျက်စီးသွားတဲ့သာသနိကအဆောက်အအုံများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများနဲ့ ဒေသခံပြည်သူများပူးပေါင်းကာ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါအတော်များများပြီးစီးသွား ပြီဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ဗုဒ္ဓပြတိုက်နဲ့ ယဉ်ကျေးမှုပြတိုက်တို့ကို အမိုးဒိုင်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနကလည်း တောင်ကုတ်-မအီ-ကျောက်ဖြူလမ်းရှိ ပင်လယ်လှိုင်းကာ ပေ ၂၁၀ ပျက်စီးခြင်း ကို ဆောင်ရွက်လျက်ရှိရာ လက်ရှိ အချိန်အထိ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးပါပြီ။

ဒီလိုဆောက်လုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် အရေးကြီး လိုအပ်ချက်တစ်ခုဖြစ်တဲ့ သစ်ခွဲသားများ ပို့ဆောင်မှု အခြေအနေကတော့ ဇွန်လ ၁၄ ရက်အထိ စစ်တွေမြို့ကို ကျွန်း/ပျဉ်းကတိုး ပင်ကျပ်တိုင် ၂၀၃၇ လုံး အပါအဝင် သစ်ခွဲသားတန်ချိန် ၁၇၅၆ ဒသမ ၅ တန်ကို ပို့ဆောင်ထားပြီးပါပြီ။

ဆက်လက်ပြီးတော့လည်း ပို့ဆောင် သွားမယ့် သစ်ခွဲသားတွေ၊ ကျွန်း/ပျဉ်းကတိုး ပင်ကျပ်တိုင်တွေကိုလည်း အသင့်စုဖွဲ့ထားကာ သင့်ရာနည်းဖြင့် ပို့ဆောင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါ သေးတယ်။

ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုကဏ္ဍ

မုန်တိုင်ဒဏ်သင့် ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက အဓိက ကျလာသလို သယ်ယူပို့ဆောင်ရေးအဖွဲ့ရဲ့ စွမ်းစွမ်းတမံဆောင်ရွက်မှုကလည်း မရှိမဖြစ် အရေးကြီးပါတယ်။

ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုကိုတော့ မုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ မေလ ၁၅ ရက် ကတည်းက စတင်လုပ်ဆောင်ခဲ့တာပါ။

အဲဒီအချိန်ကနေစပြီး ဇွန်လ ၁၃ ရက် အထိ တပ်မတော်လေယာဉ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှု အခြေအနေကို ဦးစွာတင်ပြသွားပါမယ်။

တပ်မတော်မှ Y-8 အမျိုးအစား လေယာဉ်ဟာ ပျံသန်းမှုအခေါက်ရေ စုစုပေါင်း ၄၃ ခေါက်နဲ့ ကုန်ပစ္စည်း တန်ချိန် ၁၉၆ ဒသမ ၀၄၈ တန်ကို လည်းကောင်း၊ ATR အမျိုးအစား လေယာဉ်က အခေါက်ရေ ၈၆ ခေါက် ပျံသန်းပြီး ကုန်ပစ္စည်းတန်ချိန် ၂၉၈ ဒသမ ၂၀၇ တန်ကိုလည်းကောင်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ရေယာဉ်များဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ပေးနိုင်မှုအခြေအနေ ကတော့ တပ်မတော်ရေယာဉ် ၂၂ စင်း ဖြင့် ကုန်ချိန် ၄၂၃၂ ဒသမ ၈ တန်ကို လည်းကောင်း၊ ပုဂ္ဂလိကပိုင် ကုန်တင် ရေယာဉ် ၁၀ စင်းဖြင့် ကုန်ချိန် ၁၅၁၀၁ ဒသမ ၆၂၄ တန်ကိုလည်းကောင်း ပို့ဆောင်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

အလားတူ ကုန်းကြောင်းမှလည်း တပ်ပိုင်ယာဉ်များ၊ အရပ်ဘက်ပိုင်ယာဉ် များဖြင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် များစွာကို ပို့ဆောင်ပေးခဲ့ပါသေးတယ်။

အဲဒီလိုပို့ဆောင်ပေးတဲ့ပစ္စည်းတွေထဲမှာ ဆန်နဲ့စားသောက်ဖွယ်ရာများ ပါဝင်တဲ့ စားရေရိက္ခာများ၊ ကျန်းမာရေး ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ အဓိကပါဝင်တာကို တွေ့ရပါတယ်။

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု

မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ ပူးပေါင်း ဆောင်ရွက်မှုတစ်ရပ်အဖြစ် အရေးပေါ် တုံ့ပြန်မှုနဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (ERAT) ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ မြန်မာနိုင်ငံအတွင်းသို့ လာရောက် သတင်းရယူမယ့် ခရီးစဉ်ကို ခွင့်ပြု ပေးတဲ့အပြင် မုန်တိုင်းသင့်ဒေသများမှာ ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရရှိစေ ရေးအတွက် တပ်မတော်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ပို့ဆောင်၍ ဒေသခံ များ၊ ဒေသအခြေအနေများအပေါ် မျက်မြင်လေ့လာခွင့်တို့ကို အစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါ့အပြင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနဲ့ ပတ်သတ်ပြီး သတင်းများကို အချိန်မီထုတ်ပြန် နိုင်စေဖို့ကိုလည်း ကူညီပေးခဲ့ပါတယ်။

အလားတူ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN OHCHR) ရဲ့ လုပ်ငန်းများအတွက် အစိုးရထံ တင်ပြလာမှုများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ခွင့်ပြုပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်း ကော်မတီအနေနဲ့ လုပ်ဆောင်မှုများ ကတော့ ပြည်ပနိုင်ငံများမှ အစိုးရများ၊ အဖွဲ့အစည်းများ၊ AHA Centre ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများနဲ့ စေတနာ ရှင်များရဲ့ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းမှု၊ အလှူငွေများ လှူဒါန်းမှုတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

ထို့အတူ AHA Centre နဲ့ ထိုင်းနိုင်ငံ တို့မှ မုန်တိုင်းသင့်ဒေသများသို့ လှူဒါန်း တဲ့ ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာသော စုစုပေါင်း လေယာဉ် ခုနစ်ခေါက်ကို မြန်မာနိုင်ငံ အပေါ်မှ ဖြတ်ကျော်ပျံသန်းခွင့်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်ရပ်နားခွင့်များ တောင်းခံ လာမှုအပေါ် ခွင့်ပြုချက်များ အချိန်မီ ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။ AHA Center အနေနဲ့ မူလကထောက်ပံ့ပစ္စည်းတွေကို လေယာဉ် ၁၉ ခေါက်ပို့ပေးဖို့ ညှိနှိုင်း ခဲ့ပေမယ့် လေယာဉ်နဲ့ ခုနစ်ခေါက်ပဲ ပို့ဆောင်ခဲ့ပြီး ကျန်တဲ့ပစ္စည်းတွေကိုတော့ မလေးရှားနိုင်ငံမှ ရေကြောင်းနဲ့ ဆက်လက်ပို့ဆောင်ရေး ညှိနှိုင်းထားတာလည်း ရှိပါတယ်။

နိုင်ငံတကာကူညီမှုတွေ အနေနဲ့က တော့ အိန္ဒိယနိုင်ငံက မေ ၁၈ ရက်၊ ၁၉ ရက်တို့မှာ ထောက်ပံ့ရေးပစ္စည်းနဲ့ စားသောက်ဖွယ်ရာ တန်ချိန် ၂၅ တန်ကို စစ်ရေယာဉ်များဖြင့် လည်းကောင်း၊ တရုတ်နိုင်ငံအနေနဲ့ ယူနန်ချစ်ကြည်ရေး အသင်းက မေ ၂၀ ရက်နေ့မှာ ကျပ်သိန်း ၃၀၀ နဲ့ညီမျှတဲ့ ကူညီထောက်ပံ့ရေး ပစ္စည်းများနဲ့ စားသောက်ဖွယ်ရာတွေကို ရွှေလီ နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော် ယာဉ်များဖြင့်လည်းကောင်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေ ၂၂ ရက်မှာ ကျပ် ၂၇၂ ဒသမ ၂၃ သိန်းနဲ့ ညီမျှတဲ့ ကူညီထောက်ပံ့ရေးပစ္စည်း မျိုးစုံကိုလည်းကောင်း၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ The Fund RC- Investments ကလည်း မေ ၂၂ ရက်မှာ မြန်မာနိုင်ငံသံရုံး (မော်စကို) သို့ ရူဘယ် ၁ ဒသမ ၅ သိန်း ကိုလည်းကောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မေ ၂၃ ရက်မှာ အစားအစာနှင့် လူသုံး ကုန်ပစ္စည်းများ တန် ၂၀ ခန့်ကို လေယာဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်သံရုံးက မေ ၂၉ ရက်မှာ ဆန် ၁၄ တန်နဲ့ စားသောက် ဖွယ်ရာမျိုးစုံကို လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရက ဇွန် ၆ ရက်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းနဲ့ စားသောက် ဖွယ်ရာတန်ချိန် ၁၂၀ ခန့်ကို လည်းကောင်း၊ တရုတ်နိုင်ငံအစိုးရက ဇွန် ၁၂ ရက်မှာ ထောက်ပံ့ရေးပစ္စည်း ပထမအကြိမ်ကိုလည်းကောင်း ပေးပို့ ကူညီခြင်းဖြင့် လူသားချင်းစာနာမှု အကူအညီများ ပေးခဲ့ကြပါတယ်။

သာဓုအကြိမ်ကြိမ် ခေါ်ရမယ့် ပြည်သူလူထုရဲ့အလှူ

ကျွန်တော်တို့ မြန်မာနိုင်ငံသားများဟာ သဒ္ဓါတရားကြီးမားကြသူများ ဖြစ်တဲ့အလျောက် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်သွားချိန်မှာ မုန်တိုင်း ဒဏ်သင့်ဒေသများအတွက် အလှူငွေ များကို သဒ္ဓါတရားထက်သန်စွာ ရက်ရက်ရောရော လှူဒါန်းခဲ့ကြတာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရပါတယ်။

အခုလို လှူဒါန်းမှုများကလည်း ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အဓမ္မ ခိုင်းစေမှုမျှမပါဝင်ဘဲ ကိုယ်တိုင် ကိုယ့်စိတ်သဘောကျ လှူဒါန်းကြသူများ ဖြစ်နေတာကလည်း မြန်မာပြည်သူတို့ရဲ့ သဒ္ဓါတရားမနည်းတဲ့ စိတ်ဓာတ်ကို အထင်းသား ပေါ်လွင်စေပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် မေလ ၁၅ ရက်မှာပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကိုယ်တိုင်ကိုယ်ကျ လက်ရောက် လှူဒါန်းမှုက ငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်း (၁၃ ဒသမ ၁၈၁ ဘီလီယံကျပ်) ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကနဦးလှူဒါန်းမှုဖြစ်ပါတယ်။ အဲဒီထဲက မှ ကျပ်သိန်းပေါင်း ၇၀၀၀၀ (၇ ဘီလီယံ ကျပ်) ကို ရခိုင်ပြည်နယ်အတွင်း ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပေးအပ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီက ပြည်တွင်းမှ အလှူရှင်များသာမက ပြည်ပမှအလှူရှင်များပါ မုန်တိုင်းဒဏ်သင့် ဒေသများအတွက် အလှူငွေများ လှူဒါန်းမှုပြုနိုင်စေရန် မြန်မာငွေစာရင်းအမှတ်နဲ့ နိုင်ငံခြား ငွေစာရင်းအမှတ်များကို မေ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

ဒါ့အပြင် အလှူရှင်များအနေနဲ့ အခြားသော နည်းလမ်းအမျိုးမျိုးနဲ့ လှူဒါန်းမှုများ ပြုလုပ်နိုင်စေရန် အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်၊ မိုဘိုင်းငွေပေးချေမှု စနစ်တို့အတွက် မေ ၁၇ ရက်မှာ အကောင့်များ ဖွင့်လှစ်ပြီး ပြည်သူများသို့ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုမျိုးတွေ ဆောင်ရွက်နိုင်မှု ကြောင့် မေ ၁၅ ရက်မှ ဇွန် ၁၃ ရက်အထိ DMC ရုံးအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်များ၊ ဘဏ်တိုက်ရိုက်အလှူရှင်များထံမှ ပေးပို့ လာတဲ့စာရင်းများအရ မြန်မာငွေကျပ် ၂၆၉၃၆၉၃၈၅၀၇ (၂၆ ဒသမ ၉၃၆ ဘီလီယံကျပ်)၊ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၅၁၆၁၇၇ ဒသမ ၉၆ ဒေါ်လာ အထိ အလှူငွေလက်ခံရရှိခဲ့တာကို တွေ့ရပါတယ်။

အလားတူကာလအတွင်း မြန်မာ့ စီးပွားရေးဘဏ်မှပေးပို့တဲ့ ဘဏ်စာရင်း များအရ ၎င်းဘဏ်၌ အလှူငွေ ဝင်ရောက်မှု စုစုပေါင်းမှာ မြန်မာငွေကျပ် ၃၀၀၂၁၃၀၈၉၉၀ ဒသမ ၁၀ (၃၀ ဒသမ ၀၂၁ ဘီလီယံကျပ်) ဖြစ်ပါတယ်။ KBZ Pay၊ Wave Money၊ AYA Pay၊ OK$၊ CB Pay၊ UAB Pay Account များမှ အလှူငွေအဖြစ် မြန်မာငွေ ၁၈၁၄၂၂၄၀ ဒသမ ၃၁ ကျပ်ကို ရရှိထားပါတယ်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်း၊ ပြည်ပမှလှူဒါန်းသည့် အလှူငွေများ၊ ထောက်ပံ့ရေးပစ္စည်း များကို မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး ပြန်လည်ပေးအပ်ပြီး ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဖော်ပြခဲ့တဲ့အလှူငွေများက ငွေသားသက်သက်သာဖြစ်ပြီး ပစ္စည်းလှူဒါန်းမှု တန်ဖိုးမပါသေးပါဘူး။ ဒါ့အပြင် အစိုးရထံမှ ခွင့်ပြုချက်ရယူပြီး လုပ်ဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများရဲ့ ရက်ပေါင်းများစွာကြာ စတုဒိသာ ကျွေးမွေးမှုများလည်း မပါသေးပါဘူး။ ဒါတွေကိုသာ ထည့်တွက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်သူများရဲ့ သဒ္ဓါတရားက သာဓုအကြိမ်ကြိမ် ခေါ်ဆိုထိုက်လောက်ပါပေတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ နိဂုံးချုပ်ရရင် DMC ရဲ့ ဦးဆောင်မှု အောက်မှာ ဆောင်ရွက်ခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်မှု ရှိ၊ မရှိ ဆိုတာ မုန်တိုင်းဒဏ်သင့်ဒေသ အားလုံးကို ယခင်ခန့်မှန်းထားတာထက် ပိုစောပြီး အမိုးအကာအောက် ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် တွေ့နိုင်ပါတယ်။

အလားတူပညာရေးမှာ ကျောင်းသား ကျောင်းသူများအတွက် စာသင်ကျောင်းများကို ရာနှုန်းပြည့် ဖွင့်လှစ်ပေးနိုင်ခဲ့မှု၊ ကျောင်းသား ကျောင်းသူဦးရေ လေးသိန်း ကျော် စာသင်ယူနိုင်မှုအခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ဆက်သွယ်ရေးကွန်ရက်များ အမြန်ဆုံးချိတ်ဆက်နိုင်မှုအခြေအနေ၊ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မှုအခြေအနေ အစရှိတဲ့ အခြေအနေအရပ်ရပ်တို့ကို ကြည့်ခြင်း အားဖြင့်လည်း တွေ့မြင်နိုင်ပါတယ်။

ဒါ့အပြင် “တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့အတိုင်း ကိုယ့်ပြည်သူတွေ အမှန်တကယ် ဒုက္ခရောက်နေချိန်မှာ အဆင်ပြေတဲ့ ပြည်သူများက တစ်ယောက်တစ်လက် ညီညာအားဖြင့် ပေါင်းစုစည်းရုံးကာ လှူဒါန်းပေးမှုများ၊ ကာယအားနဲ့ ကူညီ ပေးမှုများ၊ အနုပညာအားနဲ့ ကူညီပေးမှု များဟာ ကမ္ဘာတည်သရွေ့ သမိုင်း မှတ်တမ်း ဝင်နေဦးမှာဖြစ်ကြောင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ပါဝင်သူများအားလုံးကို “မိုခါအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆီသို့” ဆိုတဲ့ ဆောင်းပါးနဲ့ ဂုဏ်ယူလေးစားကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။     ။