မြိုလူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ

“ယဉ်ကျေးမှု”ဟူသောစကားကို မြန်မာအဘိဓာန်၌ ရိုးရာယဉ်ကျေးမှုဓလေ့တူသော လူမျိုးစုတစ်ခုတည်းမှ ယုံကြည်မှု သို့မဟုတ် စိတ်ဝင်စားမှုကွဲပြားသော လူနည်းစုဟူ၍ ဖွင့်ပြထားသည်ကို တွေ့ရပေသည်။ ဤဖွင့် ဆိုချက်အရ လူမျိုးတိုင်း လူမျိုးတိုင်း၌ အခြားအခြားသော လူမျိုးများနှင့် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုရှိသည်၊ ရှိရသည်ဟူသော သဘောအဓိပ္ပာယ်ကို သိရပေသည်။ ထိုကိုယ်ပိုင်ယဉ်ကျေးမှုသည်ပင်လျှင် လူမျိုးတစ်မျိုးစီ၏ မတူထူးခြားသော ဝိသေသလက္ခဏာပင်ဖြစ်ပေသည်။

 

ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်သည်လည်း နေရာဒေသ ပထဝီအနေအထားအပေါ်လိုက်၍လည်း ကွဲပြားခြားနားမှုရှိကြပေသည်။ အများအားဖြင့် လူသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များသည် မိမိတို့ ယုံကြည် ကိုးကွယ်သော ဘာသာတရား၏ အဆုံးအမကနေ ဆင်းသက်လာကြသည်၊ ပြုမူနေထိုင်ကြသည်က များသည် ဟူ၍ ပြောရပေမည်။ စစ်မှန်သော ဘာသာတရားမပေါ်ပေါက်မီ ရှေးကမ္ဘာဦး လူသားများသည် မိမိဘဝလုံခြုံရေးအတွက် မိမိတို့၏စိတ်ကူးအတွေးများဖြင့် မိမိတို့လုပ်ကိုင်စားသောက် နေထိုင်ရာဖြစ်သော ရေ၊ မြေ၊ တော၊ တောင်စသည်များကို ကိုးကွယ်ဆည်းကပ်ကြသည်ကို ဓမ္မပဒ၌ “ဗဟုံဝေသရဏံယန္တိ၊ ပဗ္ဗတာနိဝနာနိစ။ အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ” ဟူ၍ ဟောကြားထားသည်ကို တွေ့ရပေသည်။

 

သဘောအဓိပ္ပာယ်မှာ ဘေးရန်အန္တရာယ်တစ်ခုခုနှင့် ခြိမ်းခြောက်ခံနေရပြီ သို့မဟုတ် ခြိမ်းခြောက်ခံရခြင်းမှ လွတ်မြောက်လိုသော လူသားများသည် တော၊ တောင်၊ ဥယျာဉ် အာရာမ်၊ တောစိုးသစ်ကြီး၊ ဝါးကြီးစသည်များကို စေတီအဖြစ်သတ်မှတ်ကာ ကိုးကွယ်ကြသည်၊ ပူဇော်ပသကြသည်ဟူသော သဘောအဓိပ္ပာယ်ပင်ဖြစ်ပေသည်။ထိုသို့တော၊ တောင်စသည်တို့ကို ကိုးကွယ် ဆည်းကပ်မှုများတွင် မြိုလူမျိုးတို့သည်လည်း ပါဝင်ကြသည်ဟု ပြောရပေမည်။

 

မြိုလူမျိုးများသည် “ရသေ့မျိုးပွား၊ ဆတ်မသားဟု၊ မာရယုလျှင်၊ ဘပြုမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာ ဒေဝီ၊ သမီးဘီနှင့်၊ ယှဉ်မှီတကွ၊ ဓညရွှေပြည်၊ လာသည်အကြိုက်၊ ရက္ခိုက်ဂုမ္ဘန်၊ ငဆဒွန်ဆိုး၊ ဘီလူးမျိုးကို၊ ကြိုးကာသတ်နွံ၊ ထီးနန်းစံသည်၊ မောင်နှံနှစ်စုံ ဖူးတည့်လေ” ဟူသော ရခိုင်မင်းသမီးဧချင်း အပိုဒ်ခြောက်၌ ဖော်ပြချက်အရသော်လည်းကောင်း “ရခိုင်အစမာရယုက” ဟူသော စကားအရ ရခိုင်လူမျိုးတို့၏အစဆုံးမာရယုမင်း၏သမိုင်းကိုဖော်ပြသော ရခိုင်ရာဇဝင်များ အရသော်လည်းကောင်း၊ လူနည်းစုဖြစ်သော်လည်း ရခိုင်ပြည်၌ ရှေး အစဆုံး ဦးစွာနေထိုင်သော လူမျိုးဖြစ်သည်ကို သိရပေသည်။

 

ရခိုင်ရာဇဝင်ကျမ်းများ၏ ဖော်ပြသော ပထမဓညဝတီကို ဘီစီ ၃၃၂၅ ခုနှစ်က တည် ထောင်ခဲ့သည်ကို ထောက် ဆလျှင် မြိုလူမျိုး တို့သည် မြန်မာနိုင်ငံ သို့မဟုတ် ရခိုင်ဒေသ သို့ ဘီစီ ၄၀ဝဝ မှ ၃၅၀ဝ အတွင်း စတင် ဝင်ရောက်နေထိုင်ကြပြီဟု ခန့်မှန်းနိုင်ပေ သည်။

 

သမိုင်းကြောင်းအရ ရှေးကျသော မြိုလူမျိုးများသည် ဗုဒ္ဓရှင်တော်မြတ် မပွင့်ပေါ်မီ ဘီစီခြောက်ရာစုထိ ရေ၊ မြေ၊ တော၊ တောင် စသည်တို့ကို ကိုးကွယ် ဆည်းကပ်မှုထက် နေနှင့်လကို မြိုလူမျိုးများ၏ ဘုံပိုင်ဘုရားအဖြစ်၊ ကယ်တင်ရှင်အဖြစ် ကိုးကွယ်ကြသည်က များသည်ဟု ဆိုနိုင်ပေသည်။

 

အဘယ်ကြောင့်ဆိုသော် လူမျိုးတိုင်းသည် အံ့ဩထိတ်လန့်ဖွယ်တို့ကို ကြုံတွေ့ရတိုင်း၌ မိမိတို့ကိုးကွယ် ဆည်းကပ်သော ဘုရားများကို ရွတ်ဆိုအာမေဍိတ်သံ ပြုကြသောကြောင့် ဖြစ်ပေသည်။ဤနေနှင့်လသည် အခြားသော လူမျိုးများအပေါ် ဩဇာဘယ်လောက်အထိ သက်ရောက်သည်ကို မပြောနိုင် သော်လည်း မြိုလူမျိုးများအပေါ်မှာတော့ ဩဇာကြီးမားစွာ လွှမ်းမိုးခဲ့သည်ကို ငြင်းဆန်၍မရသည်မှာ ယနေ့ မျက်မှောက်ခေတ်ထိ နေနှင့်လကို တမ်းတ၍ အာမေဍိတ်ပြုကြသည်ကို ထောက်၍ သိနိုင်ပေသည်။

 

မိုလူမျိုးများသည် ထိုသို့ နေနှင့်လ ရိုးရာနတ်စသည်တို့ကို ကိုးကွယ်လာကြရာမှ ဘီစီခြောက်ရာစုသို့ ရောက် သောအခါ ဗုဒ္ဓဘာသာ သို့ ကူးပြောင်းကိုးကွယ်လာကြသည်ဟူ၍ ပြောဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဓညဝတီပြည့်ရှင် ဘုရင်စန္ဒသူရိယ၏ မနော အဓိဋ္ဌာန်ဖြင့် ပင့်လျှောက်ချက်အရ မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ ဘီစီ ၅၅၄ နှစ်၊ ဝါတော် ၂၀ ၊ သက်တော် ၅၅ နှစ်အရွယ်တွင် (အချို့က ခြောက်ဝါမြောက်ကပြော၏၊ အချို့က ပရိနိဗ္ဗာန်မပြုမီ တစ်နှစ်အလိုက ပြော၏။) တပည့်သံဃာ ငါးရာ ခြံရံလျက် ရာဇဂြိုဟ် ပြည်မှသည် ဓညဝတီရွှေမြို့တော်သို့ ြွကရောက်တော်မူ၍ ဘုရင်စန္ဒသူရိယ မင်းနှင့်တကွ ဓညဝတီပြည်သူပြည် သားများအား သစ္စာရေအေးအမြိုက်ဆေးကိုတိုက်ကျွေး တော်မူကြောင်းကို ထောက်ဆ၍ သိနိုင်သလို ပလက်ဝမြို့နယ် ခူမီးမျိုးနွယ်စုဝင် သမိုင်းစာအုပ် စာမျက်နှာ ၃၂ တွင် ကုန်းတော်၊ ဥဿလင်းစေတီတော်မြတ်များ သည် သမိုင်းဝင်ရှေးဟောင်း သာသနာ့အဆော က်အအုံများဖြစ်သည်။

 

ကုန်းတော်စေတီတော်သမိုင်း အရ သာသနာသက္ကရာဇ် ၂၂၃ ခုနှစ်တွင် ဓမ္မက္ခန္ဓာ ၈၄၀ဝဝ ကို ရည်စူး၍ ဓမ္မာသောကမင်းကြီးက တည်ထားခဲ့သည်ဟု သိရသည်။ ရခိုင်ရာဇဝင်တွင် သူရိစက္ကမင်းတည်သည်ဟုဆို သည်။ ကုန်းတော်စေတီတော်သည် ဘက်စုံမွမ်းမံမှု ရှိသော်လည်း ဥဿလင်းစေတီတော်မှာ သဘာဝဘေးဒဏ် ကြောင့် ပျက်စီးယိုယွင်း လျက်ရှိရာ ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော် အစီအစဉ်ဖြင့် အသစ်တစ်ဖန် တည်ဆောက်ခဲ့ သည်။ထိုသို့ တည်ဆောက်ခဲ့စဉ်က မြေအောက်ဌာပနာတိုက်ကို တူးဖော်ကြရာ၌ ခူမီးမျိုးနွယ်စုဝင် မြိုခေါ် ခမီးအမျိုး သမီး၏ အဝတ်တန်ဆာကို တွေ့ရသည်ဟူသော အထောက်အထားကို ထောက်ဆ၍လည်း မြိုလူမျိုးတို့၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည့်မှုနှင့်ပတ်သတ်၍ အတိမ်အနက်ကို မှန်းဆသိနိုင်သလို မြိုလူမျိုးများသည် ရခိုင် ဒေသ တွင်းသို့သာမက ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးချောင်းဒေသသာမကဘဲ ပလက်ဝမြို့နယ် အထက် ပိုင်းဒေသသို့လည်း ပျံ့နှံ့နေထိုင်လျက်ရှိနှင့်ကြပြီးဟူသည်ကို ခန့်မှန်းနိုင်ပေသည်။

 

အေဒီ ၇၇၆ ခုနှစ် နန်းတက်သော မြိုလူမျိုး ပဲဖြူမင်းသည် သူ(ပဲဖြူမင်းသား) အပိုင်စားရသော မြောက်ဦးရွာကို မြောက်ဦး မို့တော်သစ် တည်ထောင်ခဲ့မှုကြောင့် လေးမြို့ခေတ်ကုန်၍ လောင်းကြက်မြိ့မှ ထွက်ခွာလာခဲ့သော ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် မြိုပဲဖြူမင်းတည်ထောင်ခဲ့သည့် မြောက်ဦးမြို့ဟောင်းနေရာ မှာပင် မြို့တော်သစ်ကို တစ်ဖန်တည်ထောင်ခဲ့သည်မှစ၍ မြောက်ဦးခေတ် သမိုင်းသည် ယနေ့မျက်မှောက် ခေတ်တိုင် ထင်ရှားကျော် ကြားနေခြင်း ဖြစ်ပေသည်။မြောက်ဦးမြို့ကို ယနေ့အချိန်ထိ မြိုလူမျိုး များက ပဲဖြူမင်းသား၏ မြိုအမည်လီခုံဟူသော အမည်ကိုအစွဲပြု၍ လီ ခုံမြို့ဟူ၍ ခေါ်ဆိုနေကြသေးသည်။

 

ရွှေပန်းခိုင်စေတီတော် သမိုင်းစာအုပ်စာမျက်နှာ ၂၃ ၌လည်း “မြောက်ဦးမြို့တည်၊ စံမြန်းသည်နှင့်၊ အရှည် ကာလ၊ သတ္တဒသာ၊ ရောက်သောခါလျှင်၊ မိစ္ဆာစွဲလမ်း၊ ကိုးသိန်းရှမ်း တို့၊ ြွပမ်းြွပမ်းစစ်ဘက်၊ ချီတက်ဝန်းရံ၊ တိုက်လေပြန်သော်”ဆိုသည့် ရာဇဝင်လင်္ကာ အရ ပဲဖြူမင်း မြောက်ဦးမြို့တွင် နန်းစံကာလ ၁၇ နှစ်ကြာသောအခါ သိုခင်ဘွားကြီး ဦးဆောင်သည့် ရှမ်းကိုးသိန်းတို့သည် မြောက်ဦးမြို့ကို စစ်ပြုရန် ရိုးတောင်ကို ကျော်ဖြတ်ပြီး လေးမြို့မြစ်ဖျားမှ ဆင်းသက် လာကြသည်။

 

ထိုအခါ အင်အားချင်း မမျှသည်ကို သိရှိ  ကသဖြင့် ပဲဖြူမင်းနှင့် မိဖုရား၊ မှူးမတ် ဗိုလ်ပါ ရဲမက်အပေါင်းတို့သည် ပါနိုင်သမျှကို ယူဆောင် ကြလျက် ကစ္ဆပနဒီကိုဖြတ်ကူးကာ အနောက် ဘက် “ယောနဒီ”ယိုးချောင်းဒေသသို့ ထွက်ခွာ တိမ်းရှောင်ကြလေသည်။ ရခိုင်မင်းသမီးဧချင်း တွင် “နောင်တလစ်မူ၊ သားပဲဖျူနှင့်၊ ရိပ်ဖြူ ဆောင်းချုပ်၊ ပြည်ရွာအုပ်လျှက်၊ တုန်လှုပ်မစွမ်း၊ ခဲယိုယွင်းတွင်၊ ရှမ်းကိုးသိန်းရှင်၊တောင်ရိုးစီး၍၊ ပျက်စီးလေခါ၊ တို့ရွာ တစ်ကြိမ်၊ မင်းမဲ့တိမ်သည်” ဟူ၍ ရေးဆိုထားခဲ့သည်။ “ယောနဒီ”ယိုးချောင်းဒေသတွင် တိမ်းရှောင်နေစဉ်ပဲဖြူ မင်းက သပိတ်တောင်မြို့ကို တည်ထောင်စိုးစံနေခဲ့သည်။

 

၎င်းသပိတ်တောင်မြို့ဟောင်းနေရာကား သပိတ်တောင်၏ အနောက်မြောက်သုံးမိုင်ခန့် အကွာရှိ ယခုဖားဝပ် ချောင်းကျေးရွာ မြောက်ဘက်တွင်ဖြစ်မည်ဟု အများကယူဆခဲ့ကြ သည်။ယခုတိုင် တွေ့မြင်နေရသေးသည့် နန်းရာကုန်းနေရာ၊ သိမ်ဘုရားနေရာဟောင်းများနှင့် အုတ်ကျိုး၊ အုတ်ကြေများ၊ တိမ်ကောနေပြီဖြစ်သည့် ရေကန်ပျက်များမှာ မြေပြင်အထောက် အထားများပင် ဖြစ်ကြသည်။ ကွင်းပတ်လည်ရှိချောင်း၊ မြောင်းများနှင့် တောင်ကုန်း၊ တောင်တန်းအနေအထားမှာ မြို့ဟောင်းနေရာ ကွင်းပြင်ကို ပတ် ဝန်းကာရံထားဘိသကဲ့သို့ တည်ရှိနေကြပါသည်ဟူ၍ ဖော်ပြထားပေသည်။

 

အထက်ပါ ရေးသားဖော်ပြချက်များကို ကြည့်ပါက လီခုံ ခေါ် ပဲဖြူမင်း အုပ်ချုပ်သော အေဒီရှစ်ရာစုက မြိုလူမျိုး များ၏ ဗုဒ္ဓဘာသာ အပေါ် ယုံကြည်သက်ဝင်မှု အတိုင်းအတာကို မှန်းဆသိနိုင်ပေသည်။ ဒုတိယပုရိန်မြို့ တော်ကို အသစ်တစ်ဖန်တည်ထောင်သော ပထမပုရိန် ခေတ် နောက်ဆုံးနန်းစံဘုရင် ကောလိယ၏ သားတော် အေဒီ ၁၁၂၃ ခုနှစ်၊ နန်းတက်သော ဒသရာဇာမင်းလက်ထက်တွင် ကွယ်ပျောက်နေ သော မဟာမြတ် မုနိရုပ်ရှင် တော်မြတ်ကို မြိုသင်းကြီးရဟောင်လာနှင့် အပေါင်းလာတို့၏ ညွှန်ပြမှုဖြင့်တွေ့ရှိခဲ့ပုံ၊ ရှေးဟောင်းသမိုင်းဝင် စေတီ၊ ဘုရားပုထိုးများ၏ အနီးအနား၌ မြိုလူမျိုးတို့ရပ်ရွာများ ယနေ့အချိန်အထိ အချို့ တည်ရှိနေကြပုံ၊ ဥပမာ ကျောက်တော်တောင် စေတီ၊ ဦးရာဇ်တောင်စေတီ၊ ထိပ်တော်စေတီ စသည်တို့၏ အနီးအနား၌ တည်ရှိနေကြပုံ စသည်တို့ကို ထောက်ဆကြည့်ပါက ရှေးခေတ်အခါက မြိုလူမျိုးများ၏ ဗုဒ္ဓဘာသာ အပေါ် ဘယ်အတိုင်းအတာ ထိ သက်ဝင်ယုံ ကြည်မှုရှိကြသည်၊ ဘယ်လောက်ထိ အရေးပါ အရာရောက်သည်ဆိုသည်ကို မှန်းဆသိနိုင် ပေသည်။

 

မြိုလူမျိုးများသည် ဘီစီခြောက်ရာစုမှစ၍ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်လာကြသော လူမျိုးဖြစ်သော်လည်း ယခုအချိန်အခါ မြတ်ဗုဒ္ဓ၏ အဆုံးအမတရားနှင့်စပ်လျဉ်း၍ ကျင့်သုံးမှုပိုင်း၌ အခြားအခြားသော ဗုဒ္ဓဘာသာ ဝင်လူမျိုးများထက် အားနည်းလာသည်ကို တွေ့ရပေသည်။ မိရိုးဖလာဆန်သည်က ပို၍များပေသည်။ ထိုသို့ ယုံကြည်မှုမပါသော မိရိုးဖလာဆန်သော ကိုးကွယ်ဆည်းကပ်မှုကြောင့် အချို့အချို့သော မြိုလူမျိုးများသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားကြသည် ကို တွေ့လာရပေသည်။

 

ဤသည်မှာ သူတို့၏ သန္တာန်၌ မြတ်ဗုဒ္ဓ၏ ဓမ္မအပေါ် အသိညာဏ်နှင့်ယှဉ်သော ယုံကြည်မှုထက် မိရိုးဖလာ ဆန်သော ယုံကြည်မှု၏ အကျိုးဆက်ကြောင့် ဖြစ်နိုင်ပေသည်။ ယခုအခါ မြိုလူမျိုးကိုးကွယ်ကြသော အဓိက ဘာသာများမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာများ ဖြစ်ကြပေသည်။ ရိုးရာနတ်ကို ပူဇော်ပသသော အချို့ သော မြိုလူမျိုးများ လည်း ရှိကြပေသေးသည်။ ။

 

ကျမ်းကိုးစာရင်း

၁။ရခိုင်ရာဇဝင်သစ်ကျမ်း၊ 

၂။ဓညဝတီသစ်ကျမ်း၊ 

၃။ရွှေပန်းခိုင်စေတီတော်သမိုင်း၊ 

၄။ မြိုတို့အကြောင်း ရှေးဖြစ်ဟောင်း ဆောင်းပါးစု၊ 

၅။မှတ်တမ်းဝင်ဗမာ့အရေးအခင်းများ။ 

၆။ခူမီးမျိုးနွယ်စုဝင်သမိုင်း၊ 

၇။ မြိုဘာသာစကား၏စကားသံကို အသုံးချ သတ္တဗေဒအမြင်နှင့် လေ့လာချက်၊ 

၈။ရခိုင်မဟာမုနိဘုရားသမိုင်း၊ 

၉။မဟာမုနိဘုရားကြီးသမိုင်းတော်သစ်၊ 

၁၀။မြတ်စွာဘုရားရှင်တို့၏ ခရီးဒေသစာ 

၁၁။ မြန်မာအဘိဓာန်   

၁၂။ရခိုင်မင်းသမီးဧချင်း 

၁၃။ ဓမ္မပဒအဋ္ဌကထာပအုပ် 

 

ဦးဇင်းကုသလ (မာလာမြေ)