မိုးနဲမြို့၌ တပို့တွဲလပြည့်နေ့ ရှားမီးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုးနဲ ၉ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စေတီပုံရှားမီးပူဇော်ပွဲကို လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ဖေဖော်ဝါရီ ၈ ရက် ည ၇ နာရီက စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တပို့တွဲလပြည့်ညသည် အလွန်ချမ်းအေးလွန်းသောကြောင့် ဘုရားရှင်အား မီးအလှူပွဲ၊ မီးကုသိုလ်ပြုပွဲကို ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် ပြည်သူများက မိမိ၏ နေ့နံ ဂြိုဟ်တိုင်ရှေ့တွင် ထင်းချောင်း(ရှား) အသက်စေ့ ပူဇော်လှူဒါန်းခဲ့ကြသည်။ ရှားမီးပူဇော်ရာတွင် ထင်းအဖြစ် ရှားသားအစား ရေတမာရှားမီးဖြင့် လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်ပြီး ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းမှ ရိုးရာ တိုးနယားအက၊ ကိန္နရီ ကိန္နရာအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)