မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရေး ရပ်ကွက်၊ ကျေးရွာများသို့ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံအသိပညာပေး

မိုင်းယောင်း ဒီဇင်ဘာ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထု သိရှိလိုက်နာရမည့် အချက်များကို ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှု မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း အဆိုပါရောဂါပိုးနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ သံသယရောဂါလက္ခဏာ ရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် မိမိတို့နိုင်ငံသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲများ ဝင်ရောက်ကူးစက်မလာစေရေး ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေသည့်လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်း နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း