မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း မေ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်လှနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေတို့က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါ တာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှ အတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီး ရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင် သာပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေးလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည် ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်အား လူကြီး၊ လူငယ်မရွေး တိုင်းရင်းသားပြည်သူအားလုံး သိနားလည်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်းမနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသေးစိတ် ချပြရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်လှနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)