မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်လျက်ရှိ

မိုင်းယန်း ဒီဇင်ဘာ ၂၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးပန်ကြားချက်များကို ဒေသခံတိုင်းရင်းသားပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေးနှိုးဆော်ခြင်းများကို လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ မိမိတို့ နေအိမ်တွင် အသက်(၆၅)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို ရှမ်း၊ မြန်မာ ဘာသာတို့ဖြင့် ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းထူး