မိုးညှင်းမြို့တွင် ကျင်းပမည့်ကလေးစာပေပွဲတော်တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများလည်း ခင်းကျင်းပြသသွားမည်

မိုးညှင်း ၂၉ စက်တင်ဘာ 

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင်  အောက်တိုဘာလအတွင်း ကျင်းပမည့် ကလေးစာပေပွဲတော်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ပြသမည့် ပြခန်းများလည်း ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

 

မိုးညှင်းမြို့နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများဖြစ်သည့် ကချင်၊ ရှမ်း၊ သျှမ်းနီစသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုစာပေများ၊ ရိုးရာသူရိယာပစ္စည်းများ၊ ရိုးရာဝတ်စားဆင်ယဉ်မှုနှင့် အသုံးအဆောင်ပစ္စည်းများကို ထည့်သွင်းခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ပြခန်းတွင် ခင်းကျင်းပြသမည့် တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ထံမှ တာဝန်ရှိသူများက ပြောကြားသည်။

 

“အဓိကတော့ ရိုးရာဝတ်စုံတွေကို ပြသမှာဖြစ်တယ်၊နောက်ပြီးဝါးခွက်တွေ၊မခုတ်ဓါး၊မထိုးလှံတွေကို ခင်းကျင်းပြသသွားမယ်”ဟု ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင် ဒေါ်ခေါန်မိုင်က ပြောကြားသည်။

 

ပြခန်းခင်းကျင်းပြသမှုနှင့် ပတ်သက်၍ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက “ ရိုးရာ အသုံးအဆောင်တွေကို ပြသမှာဖြစ်တယ်၊ အဓိက တိုးနယားအကမှ ဝတ်တဲ့ဝတ်စုံကိုပြမယ်နောက်ပြီး စာပေပုရပိုက်တွေကိုလည်းပြသဖို့စီစဉ်ထားတယ်” ဟုပြောသည်။

 

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးစာပေသီးသန့်ပြခန်း၊ ပညာရေးဌာနပြခန်း(၄)ခန်း၊ စားသုံးသူရေးရာဦးစီးဌာနမှပြခန်းများလည်း ပြသသွားမည်ဖြစ်ကြောင်း ပွဲတော်ဦးဆောင်ကျင်းပသူ  ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်နန်းမေစုအောင်က ပြောသည်။

 

မိုးညှင်းမြို့တွင် ကျင်းပမည့် ကလေးစာပေပွဲတော်ကို အောက်တိုဘာလ (၇၊၈) ရက်များတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နံနက် (၈) နာရီမှ ညနေ(၄) နာရီ အချိန်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်(မိုးညှင်း)