မြို့နယ်အဆင့် စကောကရင် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ကျင်းပ

ပေါင်  ၂၃ စက်တင်ဘာ 

 

ကရင်သက္ကရာဇ် ၂၇၅၇ ခု၊ စကောကရင်ရိုးရာ လက်ချည်ပွဲ ချည်ဖြူဖွဲ့မင်္ဂလာကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ မြရွှေဂူတိုက်ကျောင်းတွင် ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

 

အဆိုပါ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို တောင်ခြေမြိုင်တိုက်ကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော် ဦးပဏ္ဏိစ္စမှ အဖွင့်သြဝါဒဖြင့် ချီးမြှင့်ခဲ့ပြီး တစ်ဦးနှင့်တစ်ဦး တစ်မျိုးနွယ်နှင့် တစ်မျိုးနွယ်ချစ်ခင် စွာနေထိုင်ကြရန် သြဝါဒစကား မိန့်ကြားခဲ့သည်။

 

မွန်ပြည်နယ်အတွင်း ကရင်ရိုးရာ လက်ချည်ပွဲ အနေဖြင့် ဒေသအလျောက်ပွဲပေါင်း (၁၃၀)ရှိပြီး ပွဲတော်ကျင်းပရေး ကော်မတီတစ်ခုကို မွန်ပြည်နယ်အစိုးရ အနေဖြင့် သုံးသိန်းငါးသောင်းစီ ထောက်ပံ့ပေးလျက်ရှိသည်။ မြို့နယ်အဆင့် လက်ချည်ပွဲများကို စုစုပေါင်း(၁၀)နေရာအထိ သတ်မှတ်ထားကာ တစ်နေရာတွင် (၁၅)သိန်းနှုန်းဖြင့် ထောက်ပံ့ပေး၍ စုစုပေါင်း(၅၆၅)သိန်းအပြင် ပြည်ထောင်စု အစိုးရ အနေဖြင့် (၁၀)သိန်းတိတိ ထပ်မံထောက်ပံ့ထားကြောင်း  ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

 

ယခုလို ပေါင်မြို့နယ်အဆင့် စကောကရင် လက်ချည်ပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် သုံးသိန်းခွဲနှင့် မြို့နယ်အတွင်းရှိကျေးရွာများ စုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း ၃၀ ဖြင့် ကျင်းပပြုလုပ်ကြောင်း ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ စောအောင်မင်းနိုင်က ပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောအောင်မြင့်ခိုင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသီဟ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၊ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ ဇင်းကျိုက်မြို့ရဲတပ်ဖွဲ့မှူး ရဲအုပ်ရဲလင်းနောင်၊ မြို့နယ်ကရင်စာပေယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်ရပ်မှ ကရင်တိုင်းရင်းသား လူမျိုးများနှင့် သတင်းမီဒီယာများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကရင်ရိုးရာလူငယ်မောင်မယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ဝိသကြုံ (ပေါင်)