နေပြည်တော် ဇန်နဝါရီ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၈ ရက် နံနက် ၁ နာရီတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် တောင်ကြီး-ရန်ကုန် HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် လှိုင်မြို့နယ်၊ (၁)ရပ်ကွက်ရှိ မဥမ္မာမြင့်စိုး ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁၁ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်ရှိ နေရဲလင်း၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ မွန်းလွဲ ၁၂ နာရီတွင် ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်တွင် ကျော်ကျော်လတ်(ခ)ဖင်လန် အား စိတ်ကြွ ရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်