မြို့နယ်လုံးဆိုင်ရာ ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ သထုံတွင် ပထမဆုံးအကြိမ် ပြုလုပ်

သထုံ ၂၃ စက်တင်ဘာ

 

မွန်ပြည်နယ်၊ သထုံမြို့၊ သုဝဏ္ဏခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဦးဆောင်၍ ပထမဆုံး အကြိမ်အဖြစ် မြို့နယ်လုံးဆိုင်ရာ ကရင်တိုင်းရင်းသားရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

ချည်ဖြူဖွဲ့ မင်္ဂလာပွဲသည် ကရင်ဘိုးဘွားများ၏ အဆုံးအမကို နာခံသည့်ပွဲလည်းဖြစ်ပြီး တက်ရောက်လာသူတိုင်းက အဆုံးအမ များကိုနာခံကာ လက်တွေ့ကျင့်သုံးကြမည်ဆိုသည့် ဆန္ဒနှင့်အညီလာရောက်ကြသည်ဟု ယူဆပါကြောင်း၊ လက်ချည်ရာ၌ ပါဝင်သည့် ပစ္စည်းတစ်ခုချင်းစီတွင် အဓိပ္ပါယ်များပါဝင်ပြီး ယင်းတို့မှာ ဘိုးဘွားများ၏ အဆုံးအမ များကို ဖော်ညွှန်းပါကြောင်း၊ ချည်ဖြူဖွဲ့ပြီးပါက ကရင်လူမျိုးများ စည်းလုံးခြင်း ကျန်းမာခြင်းများနှင့် ပြည်စုံပြီဟု မယူဆဘဲ ပြုလုပ်ရသည့်ရည်ရွယ်ချက်အတိုင်း ဘိုးဘွားတို့၏ အဆုံးအမများကို လိုက်နာ ကျင့်သုံခြင်းဖြင့် စည်းလုံးပြီးကျန်းမာကြံ့ခိုင်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

 

 

ပထမဆုံး အကြိမ်အဖြစ် ကျင်းပသည့် မြို့နယ်အဆင့် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် တက်ရောက်လာသူ အားလုံးက ကရင်အမျိုးသားအလံတော်အား ဦးညွှတ်ပြီး ကရင်အမျိုးသား သီချင်းအား သံပြိုင်သီဆိုကြပြီးနောက် ထောင်းမှူးကျောင်းတိုက်ဆရာတော် အရှင်ကောဝိဒက သြဝါဒစကားမြွက်ကြားခဲ့သည်။ ဆက်လက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် တစ်ဦးတို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြသည်။

 

 

ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် တိုင်းရင်းသားရိုးရာ ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကာ ကရင်တိုင်းရင်းသား ဘိုးဘွားများ၏ အဆုံးအမများနာယူ၍ ချည်ဖြူဖြင့် လက်ချည်ကြခြင်း၊ လှူဒါန်းကျွေးမွေးကြခြင်းတို့ကို ရိုးရာမပျက်ပြုလုပ်ခဲ့ကြသည်။

 

 

သထုံမြို့နယ်တွင် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားများအား ဝါခေါင်လဆန်းပိုင်းမှစတင်ကာ ကရင်တိုင်းရင်းသားအများစု နေထိုင်သည့် ကျေးရွာများ၌ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ်တွင် မြို့ပေါ်နှင့် ကျေးလက်များပါမကျန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များကို အသိအမှတ်ပြုသည့် အနေဖြင့် ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပရန်အတွက် မြို့နယ်အဆင့် ၁၅ သိန်းကျပ်၊ ကျေးရွာအဆင့် ကျင်းပသည့်နေရာတစ်ခုလျှင် ၃ သိန်းခွဲကျပ်နှုန်းဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးထားကြောင်း မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှ သိရသည်။

 

သက်ဦး(သထုံ)