မြို့ပြစည်ပင်သာယာရေးနှင့် စပ်လျဉ်း၍

၁၈  ဖေဖော်ဝါရီ

မြို့ပြနေ ပြည်သူလူထု ရှင်သန်နေထိုင်သွားလာရေးကိစ္စအဝဝတွင် လုံခြုံငြိမ်းချမ်း ပျော်ရွှင်တင့်တယ်စွာ နေထိုင်လှုပ်ရှားနိုင်ကြဖို့၊ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြဖို့၊ သန့်ရှင်းသပ်ရပ်လှပကာ ကျန်းမာရေးနှင့် ညီညွတ်သည့်ဝန်းကျင်ရှိစေဖို့ အစရှိသည်တို့ကို မြူနီစပယ်ဌာနဟုခေါ်သည့် မြို့တော်စည်ပင်သာယာရေးက တာဝန် ယူရသည်။ သည်လုပ်ငန်းများအားလုံးအတွက် မြို့တော်ဝန်၊ ဒုတိယ မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီဝင်များနှင့် စည်ပင်သာယာဌာနအသီးသီးမှ ဝန်ထမ်းအသီးသီးက တာဝန် ယူကြရသည်။

မြို့နေလူထု မွေးသည်မှ သေလွန်ပြီး ခန္ဓာကိုယ်မြေမြှုပ် မီးသင်္ဂြိုဟ်သည်အထိ တာဝန်ယူရသည်ဟုဆိုသော် မှားအံ့မထင်။ မွေးသည်မှ သေသည်အထိ ကြားကာလတွင် လူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစကို လွယ်ကူချောမွေ့ ကောင်းမွန်အောင် တာဝန်ယူဆောင်ရွက်ပေးရသူများဖြစ်ပါသည်။

ထိုတာဝန်များထဲတွင် မြို့များလှပသာယာသည့် အာဝါသနှင့် သန့်ရှင်းသပ်ရပ်သော ဝန်းကျင်များဖြစ်စေရန် ဖန်တီးပေးရေးကလည်း အလေးပေးဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပါသည်။

ယင်းအတွက် သစ်ပင်ပန်းမန်နှင့် မြေခင်းပန်းခြံလုပ်ငန်းများ၊ သောက်သုံးရေ ရရှိရေး၊ ရေဆိုး၊ မိလ္လာနှင့် အမှိုက်စွန့်ပစ်ရေးစနစ်ကျန ကောင်းမွန်ရေးတို့ကို စီမံဖန်တီးပေးရပါသည်။ မြို့ပြ စည်ပင်သာယာ လှပရေးသည် လူ့ဂုဏ်သိက္ခာနှင့်အညီ တင့်တင့်တယ်တယ် နေထိုင်နိုင် ရေးဖြစ်ရာ စည်ပင်သာယာက ဦးဆောင်ဦးရွက်ပြုသူအဖြစ် အရေးပါ သလို မြို့နေလူထုကလည်း မိမိတို့လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာခြင်း၊ မိမိတို့၏ လူမှုကျင့်ဝတ်များကို ကျင့်ကြံခြင်း စသည်တို့ဖြင့် ပူးပေါင်းပါဝင်ကြရသည့် သဘောရှိပါသည်။

လူထုက ပူးပေါင်းပါဝင်နိုင်ရေး၊ လိုက်နာကျင့်ကြံရေးက အရေး ကြီးသည့် အခြေခံလိုအပ်ချက်ဖြစ်သော်လည်း ထိုသို့ လိုက်နာကျင့်ကြံ နိုင်ရေးအတွက် အဓိကကျသည်မှာ မြို့ပြဆိုင်ရာ အာဏာနှင့် လုပ်ပိုင်ခွင့် ရှိကြသူများဖြစ်ပါသည်။ လူထုက မည်သည့်စည်းကမ်း ဥပဒေတို့ကို မည်သို့လိုက်နာကျင့်ကြံသင့်သည် ဆိုသည်ကို ပညာပေးခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ အားပေးခြင်း၊ အခွန်အတုတ်များဖြင့် ထိန်းခြင်း၊ ပြစ်ဒဏ်ပေးခြင်း စသည့်နည်းလမ်းမျိုးစုံသုံးကာ ကြပ်မတ်ပေးခြင်းဖြင့် မြို့ကို စောင့်ရှောက်ရပါသည်။

လွန်ခဲ့သောရက်က စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များ တင်းကြမ်းပြည့်နေသည့် သိမ်ဖြူးဈေးရှေ့ ရေမြောင်းကို 'သန့်ရှင်းသော ရန်ကုန်' အမည်ဖြင့် ဖွဲ့စည်းထားသော ပရဟိတလူငယ်များအဖွဲ့က ဒုတိယအကြိမ်အဖြစ်ရှင်းလင်းကြသည့် သတင်းကို ကြားသိရပါသည်။ ထိုအဖွဲ့က ပရဟိတအဖွဲ့အစည်းများ စုစည်းထားသည့် မြို့ပြလူမှု အဖွဲ့တစ်ခုဖြစ်ပြီး မြို့များ စည်ပင်သာယာရေးတွင် အရေးကြီးသည့် လုပ်ငန်းဖြစ်သော စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကို ၎င်းတို့ တတ်အား သရွေ့ ဝိုင်းဝန်းကူညီ လုပ်ကိုင်ရှင်းလင်းကြခြင်း ဖြစ်ပါသည်။ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များက ရန်ကုန်မြို့၏ အချို့ သောနေရာများ တွင် မြင်မကောင်းအောင် ဖြစ်နေသည်။ ပတ်ဝန်းကျင်ညစ်ညမ်းကာ ကျန်းမာရေးထိခိုက်စေတော့မည်ဟူသည့် အသိစိတ်ဖြင့် လူငယ် ပရဟိတသမားများက ကိုယ့်ဘာသာကိုယ်တာဝန်ပေးကာ လူထုအတွက် အလုပ်လုပ်ကြခြင်းဟု ဆိုရပါမည်။

ရိုက်ကူးထားသည့် ဓာတ်ပုံများအရဆိုလျှင် အမှိုက်တင်းကြမ်းဖြင့် အလွန်တရာ ညစ်ညမ်း အကျည်းတန်နေသော ရေမြောင်းကြီးသည် လူငယ်တို့ ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ကြခြင်းဖြင့် နေ့ချင်းညချင်း ဆိုသလို သန့်ရှင်းသပ်ရပ်ကာလှပသွားပေသည်။ ဥပဓိကို မြင်ရကာမျှ နှင့်ပင် ကျန်းမာရေးနှင့် မည်မျှလောက် ညီညွတ်သွားပြီဆိုသည်ကို သိနိုင်ပါသည်။

သို့သော်လည်း ထိုသန့်ရှင်းသပ်ရပ်ကာ ကျက်သရေရှိလှသော ဝန်းကျင်ကို ရေရှည်တည်တံ့စေရန်မှာမူ လုပ်ပိုင်ခွင့်တာဝန်ရှိသူများနှင့် မြို့လူထုပေါ်တွင်များစွာ မူတည်နေပါသည်။ ဤကဲ့သို့သော စည်းကမ်းမဲ့ စွန့်ပစ်မှုမျိုး နောက်ထပ် မပေါ်ပေါက်ရေးကို တာဝန်ရှိရှိ၊ တာဝန်သိသိ ထိန်းသိမ်းကြရမည်ဟု မြင်ပါသည်။

တာဝန်ရှိသူတို့က ပညာပေးစည်းရုံးရေး၊ ရေရှည် သန့်ရှင်းမှုကို အားပေးရေး၊ စည်းကမ်းမလိုက်နာသူများကို အပြစ်ဒဏ်ပေးနိုင်ရေး စသည်တို့ကို လိုအပ်သလို စည်းမျဉ်းဥပဒေများအတိုင်း ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ခြင်း၊ လူထုကလည်း စည်းကမ်းဥပဒေများကို လိုက်နာကျင့်ကြံခြင်းဖြင့် အခြားသောနေရာများ အတွက်ပါ စံပြုစရာ ဖြစ်ပါလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

မြန်မာ့အလင်း