မြို့သစ်မြို့နယ်တွင် စိုက်ပျိုးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး စိုက်ကွင်းလက်တွေ့ သင်တန်းပေး

မကွေးခရိုင် မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် စိုက်ပျိုးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး စိုက်ကွင်းလက်တွေ့ မြေဆီလွှာစစ်ဆေးခြင်းနှင့် ပညာပေးသင်တန်းအား နဘဲကုန်းကျေးရွာအုပ်စု ကိုရံ(တ) ကျေးရွာဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် စိုက်ပျိုးမြေဆီလွှာ သိပ္ပံပညာရှင် ဦးကျော်ရီမှ သင်တန်းပို့ချခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးတိုးမင်း၊ မကွေးခရိုင် ဦးစီးမှူး ဦးငွေဆန်း၊ မြို့သစ်မြို့နယ် ဦးစီးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများ၊ နဘဲကုန်းရွာ ကိုရံ(တ) (မ)ရွာ၊ ဂွေးကုန်းရွာ၊ ကံဆွယ်၊ ညောင်ကုန်းရွာများမှ တောင်သူ(၁၅၇)ဦးနှင့် မြန်မာ့ဩဘာလုပ်ငန်းစုမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသအတွင်း စိုက်ပျိုးထုတ်လုပ်မှု မြေဆီလွှာ၏ ဖွဲ့စည်းမှု ရုပ်ဂုဏ်သတ္တိနှင့်အတူ ဓာတ်ဂုဏ်သတ္တိများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်အတူ လယ်ယာသွင်းအားစုများ ထည့်သွင်းမှု ပိုမိုအကျိုးရှိစေရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်လင်းမှ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုတွင် သီးနှံများဖြစ်ထွန်းစေရေး လိုအပ်သည့် ဓါတ်မြေဩဇာများ အသုံးပြုနေကြသော်လည်း မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများ ချို့တဲ့နေမှုကြောင့် ထည့်သွင်းသည့် အာဟာရဓါတ် လေလွင့်ဆုံးရှုံးမှု ဖြစ်စဉ်များအား ပြုပြင်ပေးနိုင်ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ တိုးတက်စေရန် သဘာဝမြေဆွေး၊ အော်ဂင်းနစ်၊ သစ်ဆွေးဓာတ်သွင်းအားစုများ ထည့်သွင်းအသုံးပြုစေနိုင်ရန်နှင့် စိုက်ပျိုးနည်းစနစ်အရ ထည့်သွင်းသင့်သည့် နှုန်းထားပမာဏ မှန်ကန်စေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဇော်ဇော်(မြို့သစ်)