မျိုးသုဉ်းပျောက်ကွယ်မည့်အရေးနှင့် ရင်ဆိုင်နေရသည့် တောကြက်မျိုးများ

၂၃ သြဂုတ်


ရှေးဟောင်းသုတေသနဆိုင်ရာ     အထောက်အထားများအရ  ကြက်မွေးမြူရေးသည် လွန်ခဲ့သော နှစ်ပေါင်း ဘီစီ ၅၄၀ဝ ခန့်မှစ၍  တရုတ်နိုင်ငံ အလယ်ပိုင်းနှင့်  မြောက်ပိုင်းဒေသတို့တွင် စတင်ခဲ့ပါသည်။    အိမ်မွေးကြက်များ၏      မူလ ဘိုးဘေးဘီဘင်များမှာ တောကြက် မျိုးများဖြစ်သည့်  ကြက်နီမျိုး၊  ကြက်ညိုမျိုး၊  သီဟိုကြက် မျိုးနှင့်          ကြက်စိမ်းမျိုးတို့ဖြစ်ကြကြောင်း   အားလုံးရင်းနှီးပြီးသား ဖြစ်ပေလိမ့်မည်။ စီးပွား ဖြစ်  မွေးမြူရေး   ကြက်မျိုးများ  မဟုတ်သည့်တွက် ထိုတောကြက်မျိုးများ၏    ကျင်လည် ကျက်စားရာဒေသများ၊    အရောင်အသွေးနှင့်   ၎င်းတို့၏ တည်ရှိမှုအနေအထားတို့ကိုမူ  အကျွမ်းတဝင်ရှိကြလိမ့်မည်  မထင်ပါ။

ကြက်နီမျိုး 


ကြက်နီမျိုးသည်    အိန္ဒိယနိုင်ငံ        အရှေ့ မြောက်ပိုင်း၊ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် မြန်မာ၊ ထိုင်း၊    မလေးရှား၊    ကမ္ဘောဒီးယား၊      လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့ တောင်အာရှ ဒေသတစ်လျှောက်ရှိ  တောအစွန် အဖျားများနှင့်      ဟိမဝန္တာတောင်ခြေတို့တွင်  ကျင်လည်ကျက်စားကြပါသည်။ အဆိုပါဒေသများရှိ   လမုတောများ၊ ချုံပင်များ၊ စိုက်ခင်းများတွင် နေထိုင်ကြပြီး ပြန့်ပြူးသော    မြေပြင်  သို့မဟုတ်    အနည်းငယ်လျှော    စောက်သော နေရာများတွင် တွေ့ရများပါသည်။ တခြားသော တောကြက်မျိုးများထက် ကျင်လည်ကျက်စားရာ နယ်မြေ ပို၍ကျယ်ပြန့်သည့်   အားလျော်စွာ  ဒေသအလိုက် မျိုးစိတ်ကွဲ ငါးမျိုး ထပ်မံခွဲခြားနိုင် ပါသည်။ အင်ဒိုချိုင်းနားတစ်ဝိုက်တွင် ကျင်လည် ကျက်စားသော ကြက်နီမျိုးကို  Gallus gallus gallus ဟု လည်းကောင်း၊  ဂျာဗားကျွန်းတွင်  ကျက်စားသောမျိုးကို Gallus gallus ban-kiva ဟု လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ တော အုပ်များတွင်    တွေ့နိုင်သောမျိုးကို   Gallus gallus jabouillei   ဟုလည်းကောင်း၊  အိန္ဒိယ နှင့် ဘင်္ဂလားဒေရှ့်တို့တွင်   တွေ့နိုင်သောမျိုးကို  Gallus gallus murghiဟု လည်းကောင်း၊  မြန်မာ့တောအုပ်များထဲတွင် တွေ့နိုင်သောမျိုးကို Gallus gallus spadiceusဟု လည်းကောင်း ခွဲခြားထားပါသည်။

 

ကြက်နီမျိုး အထီးသည် ရှည်လျား၍ ရွှေဝါ ရောင်သန်းသော လိမ္မော်ရောင်နှင့် အနီရင့်ရောင် လည်ဆံမွေးများ ရှိပါသည်။  အမြီးသည်  အနက်ရောင်ဘက်လုသော   အစိမ်းရောင်အမွေးများ ရှိပြီး အမြီးရင်းတွင် အဖြူရောင် အမွေးများပါရှိ ပါသည်။ ခန္ဓာကိုယ်ဝမ်းဘက်ပိုင်းသည်  အမည်းရောင်  ခပ်မှိုင်းမှိုင်းရှိပြီး  ကျောဘက်ပိုင်းသည်  စိမ်းပြာရောင် အမွေးများ၊ အနီရင့်ရောင်၊ လိမ္မော် ရောင်နှင့် အညိုရောင် အစရှိသည့် အမွေးရောင်စုံဖြင့် ခြုံလွှမ်းထားပါသည်။ အမများမှာမူ  ရွှေညို ရောင်အမွေးများ ရှိပါသည်။   ကြက်နီမျိုးသည် တောကြက်များထဲတွင်  အရောင်အသွေး အစုံလင်ဆုံးဖြစ်ပါသည်။

 

ထီးများသည် မိတ်လိုက်ပြီးနောက် ၎င်းတို့၏တောက်ပသော အမွေးအရောင်များမှာ    အရောင်မှိန်သွားတတ်ပါသည်။ ၎င်း၏ တွန်သံမှာ အိမ်မွေးကြက် အထီး၏  တွန်သံထက် ပိုတိုပါသည်။ ကြက်နီမျိုးသည်  ခန္ဓာကိုယ်ကို ဖုန် မှုန့်၊  မြေမှုန့်များနှင့်    လူးလေ့ရှိပြီး    ထိုသို့ပြုလုပ် ခြင်းဖြင့်    အမွေးအတောင်များတွင်  ကပ်ညှိနေသာ အဆီများကို သန့်စင်စေပါသည်။ နေဝင်ချိန်ရောက် ပါက သစ်ပင်အမြင့်များတွင်  အိပ်တန်းတက်လေ့ရှိ ပြီး  အန္တရာယ်နှင့် ကြုံတွေ့ချိန်တွင် ပျံလေ့ရှိပါသည်။

 

ယခုအခါ  လူဦးရေ  တိုးတက်လာမှုကြောင့် လူသားများ၏ မြေယာချဲ့ ထွင်မူများ၊  ရော်ဘာပင်၊   ဆီအုန်းကဲ့သို့ အပင်စိုက်ပျိုးမှုများကို၊ တောအစွန်ဖျားများအထိ ချဲ့ထွင်လာမှုများကြောင့် ကြက်နီမျိုးတို့၏      ကျင်လည်ကျက်စားရာနေရာများမှာ တစ်စတစ်စကျဉ်းမြောင်းလာနေပါသည်။ ထို့အပြင် ကြက်နီမျိုးများသည်  တောစပ်တွင်လွှတ်ကြောင်း ထားသည့် အိမ်မွေးကြက်များ၊  တကယ့်ကြက်နီမျိုး မဟုတ်သည့်  တောဝင်နေသည့်   ကြက်များနှင့် အပြန်အလှန်မျိုးစပ်မှုများကြောင့်  ဖြစ်လာသည့်မျိုးဗီဇရောထွေးမှုများသည် ကြက်နီမျိုး စစ်စစ်များ ပျောက်ကွယ်သွားရန်  တွန်းပို့လျက် ရှိနေပါသည်။ ကြက်နီမျိုးတို့သည် လူသားတို့မှ  အစောဆုံး      ဖမ်းဆီးမွေးမြူခံရသော   ကြက်ဖြစ်ပြီး   အိမ်မွေးကြက် များ  ဆင်းသက်လာရာတွင် အဓိက အကျဆုံး၊      ဘိုးဘေးဘီဘင်များ ဖြစ်ကြပါသည်။  သို့သော် အိမ်မွေးကြက်များတွင်တွေ့ရသော    အဝါ ရောင်အရေပြားဆိုင်ရာ မျိုးဗီဇကို   ကြက်ညိုမျိုးတွင်သာ    တွေ့ရပြီး  ကြက်နီမျိုးတွင်        မတွေ့ရပါ။ ထို့ကြောင့်    ကြက်နီမျိုးတို့သည် တခြားသော တောကြက်များနှင့်    မျိုးစပ်မှုများရှိနိုင် ပြီး အိမ်မွေးကြက်များ  ဆင်းသက်လာရာ   ဘိုးဘေး ဘီဘင်ထဲတွင်  ကြက်ညိုမျိုးလည်း ပါဝင်နိုင်သည်ဟု ဖော်ပြကြပါသည်။

 

ကြက်ညိုမျိုး


ကြက်ညိုမျိုးတို့သည် အိန္ဒိယအနောက်ပိုင်း၊ တောင်ပိုင်းနှင့်    မြောက်ပိုင်းဒေသများတွင်သာ တွေ့နိုင်ပါသည်။  ၎င်းဒေသများရှိ  အမြဲစိမ်းတောများ၏  တောင်ကုန်းများ၊   ပိတန်တောများတွင် ကျင်လည်ကျက်စားကြပါသည်။ မီးခိုးရောင် အောက်ခံတွင်  အနက်ရောင်အစင်းနှင့်    မြေစေး ဝါရောင် အစက်အပြောက်များ ပါရှိပါသည်။  ခန္ဓာကိုယ် ဝမ်းဘက်ပိုင်းသည် အနက်ရောင်နှင့် အဖြူရောင်အစင်းများ ပါရှိပါသည်။  ကြက်ညိုမျိုး၏  လည်ပင်းမွေးသည်  ရှည်၍ အရောင်ရင့်ပြီး အဆုံးတွင် ပါရှိသော သေးငယ်ပြီး မာကြောသည့် အဝါရောင်   ချပ်ပြားလေးများသည်   ငါးမြားချိတ်တွင် တပ်ဆင်သည့် လူလုပ်ပိုးမွှား ပြုလုပ်ရာတွင်  အသုံးပြုပါသည်။   ငါးများကို  အင်းဆက်ပိုးကောင်ဟု ထင်ယောင်ထင်မှား  ဖြစ်စေပြီး  ဆွဲဆောင်နိုင်ရန် အမွေးအမျိုးမျိုးကို စုစည်း၍ ပိုးကောင်၊ မွှားကောင် သဖွယ် ဖန်တီးယူရာတွင် အသုံးပြုသည်။ အမြီးရှိ အမွေးများသည်လည်း ရှည်၍   တံစဉ်ပုံရှိကြပါ သည်။ အမသည်   အထီးထက်   အရောင်ပိုမှိန်ပါ သည်။  အထီးတွင် အနီရောင်   လည်ပျဉ်းနှင့် အမောက်ပါရှိပြီး        ကြက်နီမျိုးလောက်      ဖွံ့ ဖြိုး သန်မာမှု    မရှိပါ။ အထီး၏   ခြေထောက်သည အနီရောင်ရှိပြီး        အတက်ပါရှိသည်။        အမ၏ခြေထောက်မှာ  အဝါရောင်ရှိပြီး  အတက် မပါရှိပါ။

 

ကြက်နီမျိုးကဲ့သို့ပင်  အထီးများသည် အမနှင့် မိတ်လိုက်ပြီးနောက် အရောင်အသွေးမှိန် သွားသည်ကို    တွေ့ရတတ်ပါသည်။  ကြက်ညိုမျိုးတို့သည်  သဘာဝအလျောက်  တောထဲရှိ ကြက်နီ မျိုးတို့နှင့်လည်း  မျိုးစပ်နိုင်ပါသည်။  ကြက်ညိုမျိုးများသည်  အထီး၊ အမရော၍  သော်လည်းကောင်း၊ အထီးချည်း၊ အမချည်း အုပ်စုဖွဲ့ ၍ လည်းကောင်း  အစာရှာလေ့ ရှိကြသည်။ ရန်သူနှင့် တွေ့ ကြုံရသည် အချိန်နှင့် ညအိပ်ချိန်များတွင် သစ်ပင် အမြင့်သို့ ပျံတက်လေ့ရှိပါသည်။

 

ကြက်ညိုမျိုးတို့သည်လည်း ဖမ်းဆီးစား သောက်ခြင်းများ၊ ကျက်စားရာနေရာများ တဖြည်းဖြည်း  လျော့ပါးလာခြင်းများနှင့် ရင်ဆိုင်ရလျက် ရှိပါသည်။ ကြက်နီမျိုးများကဲ့သို့ပင် တောစပ်တွင် လွှတ်ကျောင်းထားသည့်  အိမ်မွေးကြက်များနှင့် မျိုးစပ်မှုများလည်းရှိနေပါသည်။ ၎င်းတို့၏ အမွေးများကို  လူလုပ်ပိုးမွှားပြုလုပ်ရာတွင်  အသုံးပြုနိုင် ခြင်းကလည်း အန္တရာယ်တစ်ခု ဖြစ်ပါသည်။

 

သီဟိုတောကြက်မျိုးသီရိလင်္ကာ၏ အမျိုးသားငှက်ဟု သတ်မှတ်ထားသည့် သီဟိုတောကြက်မျိုးကို  သီဟိုဠ်ကျွန်း တွင်သာ တွေ့နိုင်သည်။  တောအုပ်များ၏  သစ်ပင်ချုံနွယ်များတွင် ကျင်လည်ကျက်စားပါသည်။ အထီး၏   ခန္ဓာကိုယ်သည်    အနီရောင်သန်းသည့် လိမ္မော်ရောင် အမွေးများဖြင့်  ချုံလွှမ်းထားသည်။ တောင်ပံနှင့်အမြီးတွင် ခရမ်းနက်ရောင်နှင့် အနက်ရောင် အမွေးများပါရှိသည်။ ဦးခေါင်းနှင့် ကျောရိုးတစ်လျှောက်ရှိ အမွေးများမှာ  ရွှေရောင်ရှိသည်။ မျက်နှာနှင့် လည်ပျဉ်းအရေပြားသည် အနီရောင်ရှိသည်။ အနီရောင် အမောက်၏  အလယ်ဗဟိုတွင် အဝါရောင် တွေ့ရသည်။  သီဟိုကြက် အထီးများတွင် မိတ်လိုက်ပြီးနောက်    အရောင်မှိန်သွားခြင်း မတွေ့ရပါ။ အမများ၏ အရောင်မှာ အညိုရောင်ဖြစ်ပြီး အထီးများလောက်   အရောင်တောက်ပမှု မရှိပါ။ ရင်ဘတ်ပိုင်းနှင့်  ဝမ်းဘက်ပိုင်းတွင်   အဖြူရောင်  အစက်အပြောက်များ  ပါရှိပါသည်။ သီဟိုကြက်အထီးများသည် အမများထက် ကြွက်သား ဖွံ့ဖြိုးမှု ပိုအားကောင်း၍    အကောင်ပိုကြီးပြီး လည်ပျဉ်းနှင့် အမောက်လည်း ပိုကြီးသည်။

 

သီဟိုတောကြက်မျိုးတို့သည်  အစေ့အဆန်များ ကြွေကျနေသည့်  သစ်သီးများကို ရှာဖွေ စားသောက်ခြင်းဖြင့်  တစ်နေ့တာ၏ အချိန်တော် တော်များများကို ကုန်ဆုံးစေပါသည်။ ၎င်းတို့သည် တခြားသော  တောကြက်မျိုးများထက်    ဖမ်းဆီးမွေးမြူရန် ခက်ခဲသောကြောင့် တောကြက်အနေဖြင့်သာ ဆက်လက်ရှိနေဆဲ ဖြစ်ပါသည်။

 

ကြက်စိမ်းမျိုး


ဂျာဗားတောကြက်ဟုလည်း  ခေါ်ဆိုကြသည့် ကြက်စိမ်းမျိုးကိုမူ အင်ဒိုနီးရှားကျွန်းစုများ  ဖြစ်ကြသည့် ဂျာဗားကျွန်း၊ ဘာလီကျွန်း၊ လုံဘုတ်ကျွန်း၊ ကိုမိုဒိုကျွန်းအပါအဝင် ဂျာဗားကျွန်းနှင့် ဆက်စပ်နေသော ကျွန်းများတွင် တွေ့ရပါသည်။ စိုစွတ်သော တောအုပ်များနှင့်ချုံပင်များရှိရာ နေရာများတွင် ကျင်လည်ကျက်စားပါသည်။ ကြက်စိမ်းမျိုး  အထီး၏အရောင်သည်  အဝေးမှ ကြည့်ပါက    ခပ်မှောင်မှောင်     အမည်းရောင် တွေ့ရပြီး    အနီးကပ် ကြည့်ပါက  ကြက်ဆင်များ ဒေါင်းများ၏ အမွေးကဲ့သို့၊ အပြာရောင် ရွှေရောင်နှင့် ကြေးနီရောင်သန်း သည့်   ရောင်စုံအကွက်များအဖြစ်  တွေ့ရမည်ဖြစ်ပါသည်။      လည်ပင်း ပိုင်းရှိ  အမွေးများသည်လည်း  ဦးခေါင်းနှင့်    နီးသည့်ဘက်တွင်        ခရမ်းရောင်၊     ဦးခေါင်းနှင့်     ဝေးသည့်ဘက်တွင်   မိုးပြာရောင်ရှိကြ ပါသည်။ ထိုအမွေးများသည်    အလင်းပြန်လောက် အောင်  တောက်ပကြပါသည်။  တောင်ပံရှိ  အမွေး နုများမှာ လိမ္မော်ရောင် ရှိကြပါသည်။   ရင်ဘတ်ပိုင်း နှင့်  ဝမ်းဘက်ပိုင်းသည်   အနက်ရောင်၊    မျက်နှာ အရေပြားသည် အနီရောင်ဖြစ်ပါသည်။    အမောက် ၏   အလယ်ဗဟိုသည်  အပြာရောင်ရှိပြီး    ထိပ်ပိုင်း ရောက်လေလေ  ခရမ်းရောင် (သို့) အနီရောင်သို့ ပြောင်းသွားပါသည်။ လည်ပျဉ်းမှာ  အတွင်းဘက် သည် အဝါရောင်ရှိပြီး   အပြင်ဘက်အနားများမှာ  အပြာရောင်ရှိပါသည်။   သီဟိုကြက်   အထီးများ ကဲ့သို့ပင်  မိတ်လိုက်ပြီးနောက်    အရောင်မှိန်သွားခြင်း  မတွေ့ရပါ။  ကြက်စိမ်းမျိုး   အမများသည် များသောအားဖြင့်   အညိုရောင်ရှိပြီး   ရံဖန်ရံခါ အစိမ်းရောင်လည်းရှိ တတ်ပါသည်။ အမောက်မပါ ရှိပါ။

 

ကြက်စိမ်းမျိုးသည်  နှစ်ကောင်မှ  ငါးကောင် ပါဝင်သော အုပ်စုငယ်လေးများအနေဖြင့် သွားလာ လှုပ်ရှားကြပါသည်။  ညဘက်များတွင် ၁၅ ပေမှ ပေ  ၂၀ လောက်ရှိသော  သစ်ပင်မြင့်ပေါ်တွင် အိပ်တန်းတက်လေ့ရှိပါသည်။ ကြက်ညိုမျိုး၊ ကြက်စိမ်းမျိုး၊ သီဟိုမျိုး အထီးတို့သည်    အမျိုးကိုကာကွယ်ရာတွင် ရဲဝံ့ကြပါသည်။  အထီးများသည် ဝပ်နေသောကြက်မ၏ အသိုက်ကို ကာကွယ်ပေး သည်။ ပေါက်လာသော ကြက်သားပေါက်လေးများ ကိုလည်း စောင့်ရှောက်ကြပါသည်။ သို့သော် ကြက် စိမ်းမျိုးတို့မှာလည်း ဖမ်းဆီးခြင်း၊  အိမ်မွေးကြက် များနှင့်      မျိုးစပ်ခြင်းများကြောင့်        မျိုးဗီဇများ တဖြည်းဖြည်း ပျောက်ကွယ်တော့မည်ဖြစ်ရာ ပို၍ ကာကွယ်ရန် လိုအပ်လျက်ရှိပါသည်။

 

မျိုးဗီဇဆက်စပ်မှု 


တောကြက်မျိုးတို့သည်    မျိုးဗီဇဆက်စပ်မှု လေ့လာချက်အရ ကြက်နီမျိုးသည်    သီဟိုမျိုးနှင့်    မျိုးဗီဇနီးစပ်ပြီး   တစ်ဖန်    သီဟိုကြက်မျိုးသည်    ကြက်ညိုမျိုးနှင့်   မျိုးဗီဇချင်း   နီးစပ်မှုရှိသည်ဟု  ဆိုကြပါသည်။    ရုပ်ပိုင်းသွင်ပြင်အားဖြင့်မူ သီဟိုကြက်အထီးသည်    ကြက်နီမျိုးနှင့်  ဆင်တူပြီး အမသည်  ကြက်ညိုမျိုးနှင့်    ဆင်တူပါသည်။ ကြက်နီမျိုးနှင့်   ကြက်ညိုမျိုးတို့သည်    အရှေ့ တောင်အာရှ   တစ်နည်းအားဖြင့်   အာရှတိုက် ပေါ်တွင်   တွေ့ရသော်လည်း၊ သီဟိုကြက်မျိုးနှင့်   ကြက်စိမ်းမျိုးတို့ကိုမူ  တိုက်ပေါ်တွင် မတွေ့ရဘဲ  ကျွန်းများပေါ်တွင်သာ တွေ့ရသောကြောင့်  ကျွန်းများတွင် ကျင်လည်သော    မျိုးစိတ်ဟု သတ်မှတ်နိုင်ပါသည်။

 

တစ်ချိန်က အိမ်မွေးကြက်များ၏ ဘိုးဘေးများဖြစ်ခဲ့ကြသည့် တောကြက်များသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဖမ်းဆီးခံရခြင်းများ၊ နေထိုင်ကျက်စားရာနေရာများ လျော့နည်းလာခြင်းများ၊ အိမ်မွေးကြက်များနှင့် မျိုးစပ်ခြင်းများကြောင့် မျိုးဗီဇအစစ်များ တဖြည်းဖြည်း   လျော့နည်းလာသည်မှာ နှမြော ဖွယ်ဖြစ်ပါသည်။ စီးပွားဖြစ်မွေးမြူသော ကြက်မျိုးများကဲ့သို့ အသားများ၊ ဥများကို ထုတ်လုပ် မပေးနိုင်သော်လည်း  သဘာဝပတ်ဝန်းကျင်၏    ကြမ်းတမ်းမှုကို    ခံနိုင်ရည်ရှိသော မျိုးဗီဇကောင်းများကို   သယ်ဆောင်ထားသည့် တန်ဖိုးရှိသော မျိုးဗီဇအရင်းအမြစ်များ ဖြစ်ကြပါသည်။ ကာမ္ဘာ့ရာသီဥတုမှာ    တဖြည်းဖြည်း ပြောင်းလဲလာ လျက်ရှိပါသည်။ ကျွန်မတို့ငယ်စဉ်က နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ရာသီဥတုသည် အတော်အတန်  အေးခဲ့ပါသည်။  ယခုအခါ ဆောင်းတွင်းကာလမှာ အတော်တိုတောင်းသွားပြီ  ဖြစ်ပါသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီလများ တွင်ပင် ရန်ကုန်မြို့ ၌ အတော်ပူပါသည်။ နောင် တွင် မြန်မာ့ရာသီဥတုသည်   နွေနှင့် မိုးသာကျန်ပြီး    ဆောင်းတွင်းမှာ     ပျောက်သွားကောင်း  ပျောက်သွားနိုင်ပါသည်။

 

မမြင်နိုင်သည့်  အနာဂတ်တွင် ကမ္ဘာ့ရာသီ ဥတုသည် ဘယ်အထိ    ဆက်လက်ပြောင်းလဲသွား မည်ဆိုတာ မသိနိုင်ပါ။ ရာသီဥတုပြောင်းလဲပါက     သဘာဝပတ်ဝန်းကျင်ပါ   လိုက်ပါပြောင်းလဲပါ မည်။ ပြောင်းလဲသွားမည့်  သဘာဝပတ်ဝန်းကျင်တွင် ယခုမွေးမြူနေကြသော စီးပွားဖြစ် တိရစ္ဆာနမျိုးများသည်          ဆက်လက်ရှင်သန်နိုင်ပြီး    ထုတ်လုပ်မှုများ   ဆက်လက်ပေးနိုင်ပါမည်လားဆိုတာ အာမခံချက် မရှိသေးပါ။  သဘာဝပတ်ဝန်းကျင်နှင့်  လိုက်လျောညီထွေစွာ  မနေထိုင်နိုင်သော မျိုးစိတ်မှာ ကမ္ဘာပေါ်မှ  ပျောက်ကွယ်သွား မည်  ဖြစ်ပါသည်။  မည်သည့်   မျိုးစိတ်များက အဓွန့်ရှည်ကျန်ရစ်ပြီး   မည်သည့်မျိုးစိတ်များက  ပျောက်ကွယ်သွားမည်    ဆိုသည်မှာလည်း  ကြိုမမြင်နိုင်သော  အရာဖြစ်ပါသည်။  ထိုအခြေအနေမျိုးတို့  အတွက်  ကမ္ဘာ့ဒေသအသီးသီးရှိ ဗီဇမျိုးကွဲများ၊ ဗီဇအရင်းအမြစ်များကို  တတ်နိုင်သရွေ့ စုစည်းကာ  ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါသည်။ ကျွန်မတို့ မြန်မာ့ရေမြေတောတောင်များတွင် ကျင်လည်ကျက်စားနေသော    ကြက်နီမျိုးများကိုလည်း   အဖိုးတန်သည့်   ဗီဇအရင်းအမြစ်များအဖြစ်    နောင်လာမည့် မျိုးဆက်များအတွက် အမွေချန်ခဲ့နိုင်ရန် တတ်နိုင်သရွေ့    ထိန်းသိမ်းစောင့်ရှောက်သွားသင့်ပါကြောင်း     တိုက်တွန်းရေးသားလိုက်ရပါသည်။           ။

 

ဒေါက်တာအေးအေးမော် (မွေး/ဆေးတက္ကသိုလ်)