မြို့တော်ရန်ကုန်၏ သမိုင်းမှတ်တိုင်တစ်ခုကိုဖော်ထုတ်ခြင်း သို့မဟုတ် ၃၃ ခုမြောက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်း

ရှင်နော်

မုတ်သုံလေတို့ ပြန်လည်ဆုတ်ခွာနေသည့် စက်တင်ဘာလနောက်ဆုံးပတ်၏ စနေနေ့တွင် နံနက်စောစောအချိန်ကပင် စာရေးသူသည် ရန်ကုန်မြို့လယ်ကောင် ဗိုလ်ဆွန်ပက်လမ်းအတွင်း ရောက်ရှိနေခဲ့သည်။ သွားရမည့်နေရာက အောက်ဆုံးအပိုင်းတွင် ရှိနေသည်မို့ ကမ်းနားလမ်းအတိုင်း ပြေးဆွဲနေသော YBS ကို စီးခဲ့သည်။ မိုးလေကင်းလွတ်ပြီး စည်ပင်ဝန်ထမ်းများ အင်အားအပြည့်နှင့် သန့်ရှင်းရေး လုပ်နေမှုတို့ကြောင့် ဗိုလ်ဆွန်ပက်လမ်းအတွင်း နေထိုင်သူတို့က ဟိုတစ်စုသည်တစ်စု စပ်စုသည့်ဟန်ဖြင့် တီးတိုးပြောဆို နေကြသည်ကို တွေ့ရသည်။


လွန်ခဲ့သော နှစ်လခန့်ကပင် ကြိုတင်ရထားပြီးသော သတင်းကြောင့်လည်းကောင်း၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ သုတေသနနှင့် အသိပညာ မျှဝေဖလှယ်ရေး စီမံချက်အရာရှိ ကိုသူရိန်အောင် ပေးပို့ထားသော ဖိတ်စာကြောင့်လည်းကောင်း သွားရမည့် အဆောက်အအုံသို့ တည့်တည့်မတ်မတ် ရောက်လာသည်။ အဆောက်အအုံကြီး၏ ဝင်ပေါက်အနီးတွင် မကြာမီနာရီပိုင်းအတွင်း ဖွင့်လှစ်တော့မည့် အပြာရောင်ကမ္ပည်းပြားကလေးက နေရာယူထားသည်။ အဆောက်အအုံကြီးတွင် လွှင့်ထူထားသော အလံနှင့် ရှေ့ဆိုင်းဘုတ်တွင် Yangon Excelsior ဟူ၍ ရေးထိုးထားသည်။


ရန်ကုန်မြို့၏ ၃၃ ခုမြောက် အပြာရောင် ကမ္ပည်းတပ်ဆင်ခြင်းခံရသည့် အဆောက်အအုံကြီး၏ သမိုင်းကြောင်းကို မတင်ပြမီ ရန်ကုန်သူ ရန်ကုန်သားတို့ မြိုလယ်ကောင်သို့ ရောက်ခိုက် လတ်တလော မြင်တွေ့နိုင်သည့် အခြေအနေများကို ဦးစွာတင်ပြလိုပါသည်။ Yangon Excelsior Hotel သည် ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ထားသော ဟိုတယ်တစ်ခု ဖြစ်သည်။ ယခင် စတီးဘရားသားကုမ္ပဏီ၏ ရုံးချုပ်အဖြစ်အသုံးပြုခဲ့သော အဆောက်အအုံကို စနစ်တကျပြင်ဆင်ကာ ဟိုတယ်အဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ခေတ်မီအိပ်ခန်း ၇၄ ခန်း၊ Executive Lounge တစ်ခုပါဝင်သော Executive Floor တစ်ခု၊ The New-sroom ကဖေး၊ Bar & Grill စားသောက်ဆိုင်၊ အားကစားခန်းမနှင့် Spa ၊ အစည်းအဝေးခန်းမတို့ပါသည့် Yangon Excelsior သည် ရန်ကုန်မြို့ကို စူးစမ်းလေ့လာရာတွင် တည်းခိုရန်အတွက် အကောင်းဆုံးနေရာတွင် ရှိနေသည်။ အလုပ်အကိုင် ကိစ္စရပ်အတွက် လာသည်ဖြစ်စေ၊ အလည်အပတ်အတွက် လာသည်ဖြစ်စေ ရန်ကုန်၏ အချက်အချာကျသည့်နေရာတွင် တည်ရှိနေသည့်ဟိုတယ်သည် ဧည့်သည်၏လိုအင်ဆန္ဒကိုဖြည့်ဆည်းနိုင်ရုံသာမက ရိုးရှင်းသော တစ်ချိန်က ခေတ်တစ်ခုကိုလည်း ပြန်ပြောင်းသတိရစေမည့် အသွင်ကိုဆောင်နေသည်။
မူလက ဖွင့်ပွဲအခမ်းအနားကို ၁၀ နာရီ စတင်ရန် သတ်မှတ်ထားသော်လည်း ရည်မှန်းထားသည့် အချိန်ထက် တစ်နာရီစော၍ ဖွင့်လှစ်ရန် ရန်ကုန်မြို့ပြ အမွေအနှစ်အဖွဲ့က အကြောင်းကြားလာသည်။

ထို့ကြောင့်ပင် နံနက် ၉ နာရီမတိုင်မီ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တဖွဲဖွဲနှင့် ရောက်ရှိလာသည်။ လူအများ အတန်အသင့်စုရုံးမိပြီး သတ်မှတ် ထားချိန်မတိုင်မီ မိနစ်အနည်း ငယ်အလိုတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ရောက်ရှိ လာသည်။ နံနက် ၉ နာရီထိုးသည်နှင့် ဖွင့်ပွဲအခမ်းအနား စတင်သည်။


ရန်ကုန်မြို့အတွင်း အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်သောအခါ မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှ မရောက်ရောက်အောင်လာလေ့ရှိသော တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်မြို့၏ ၃၃ ခု မြောက် အပြာရောင်ကမ္ပည်းပြားတပ်ဆင်ပွဲတွင် “ဒီနေ့ အပြာရောင်ကမ္ပည်းပြားတပ်ဆင်မှုဟာ ၃၃ ခုမြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို တပ်ဆင်နိုင်ခြင်းဟာ ရန်ကုန်ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နေမှုရဲ့ အမှတ်သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့ကို ရည်မှန်းချက်လေးခုထားပြီး ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပထမရည်မှန်းချက်ကတော့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပြဟာ နှစ်ပေါင်းရာချီ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေများစွာ ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ ရွှေတိဂုံစေတီတော် မြတ်ကြီးဟာ ဗုဒ္ဓဘုရားရှင်လက်ထက်ကတည်းကစပြီး တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်မြတ်ကြီးဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့ သမိုင်းအမွေအနှစ်တွေဟာ နှစ်ပေါင်း ၃၀ဝ၀ လောက်ကို ရောက်ရှိနေပြီလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ရန်ကုန်မြို့အတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုမှာ ရှိပါတယ်။
ကျွန်တော်တို့ဟာ ရန်ကုန်မြို့ကိုမြို့ပြအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီးနေချင်စဖွယ် စီးပွားရေးမြို့တော်ကြီး ဖြစ်ဖို့အတွက် မျှော်မှန်းထားပါတယ်။ ဒီလိုရောက်နိုင်ဖို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ အစိုးရသက်သက်က ဆောင်ရွက်နိုင်တဲ့အခြေအနေမရှိပါဘူး။ ပုဂ္ဂလိကကဏ္ဍ နယ်ပယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက် နေရတာပဲ ဖြစ်ပါတယ်။ ဒီဟိုတယ်အဆောက်အအုံ ကြီးဆိုရင်လည်း ပုဂ္ဂလိကကဏ္ဍကနေပြီး နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး ပြောင်းလဲ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုလိုဆောင်ရွက်မှုကြောင့် ဒီအဆောက်အအုံကြီးဟာ မြို့ပြ အမွေအနှစ်အဖြစ်နဲ့ တွေ့မြင်နေရတာဖြစ်သလို၊ နိုင်ငံတကာခရီးသွားဧည့်သည်တွေ၊ ပြည်တွင်း ခရီးသွားဧည့်သည်တွေဟာ ဒီမြို့ပြအမွေအနှစ် အဆောက်အအုံကြီးမှာ တည်းခိုနိုင်တယ်၊ ရန်ကုန်မြို့ပြအတွင်းမှာရှိတဲ့ မြို့ပြအမွေအနှစ်တွေကို လေ့လာနိုင်တယ်။ ဒီလိုလေ့လာနိုင်ခြင်းအားဖြင့် ရန်ကုန်မြို့ရဲ့ သမိုင်းအမွေအနှစ်တွေကို သိရှိသွားနိုင်မှာ ဖြစ်ပါတယ်။ နောင်မျိုး ဆက်တွေကိုလည်း ရန်ကုန်မြို့ဟာ ဘယ်လိုမြို့မျိုးဖြစ်တယ်၊ ရန်ကုန်မြို့ကို စတင်တည်ဆောက်ခဲ့စဉ်ကနေ အခုအခြေအနေအထိ ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်းကို မြို့ပြအမွေ အနှစ်တွေကနေ ပြသနေမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ဒီထိန်းသိမ်း စောင့်ရှောက်ရေး နယ်ပယ်အသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းအသီးသီးကိုလည်း အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့အနေနဲ့ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း ပြောကြားလိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဝိုင်းဝန်းကူညီကြပါ။ ဒီထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုနဲ့ ရန်ကုန်မြို့ပြကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြပါစို့လို့ ပြောကြား လိုပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။


အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်း ၏ ရည်ရွယ်ချက်မှာ လူအများသိရှိပြီးသော အဆောက်အအုံများ၊ နေရာများကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရန်၊ လူသိနည်းသေးသော အဆောက်အအုံများ အကြောင်းကို လူအများပိုမိုသိရှိလာစေရန် ရည်ရွယ်တပ်ဆင် နေခြင်းဖြစ်သည်။ ယခုတပ်ဆင်ခဲ့သော ၃၃ ခု မြောက် အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အားပေးမှု၊ အလှူရှင်များ၏ ငွေကြေးထည့် ဝင်မှုဖြင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သုတေသနနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို Yangon Excelsior Hotel က ထည့်ဝင်ခဲ့ခြင်းဖြစ်သည်။


ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန် ပက်လမ်းရှိ Yangon Excelsior Hotel အဆောက်အအုံသည် ၁၉၃၀ ပြည့်နှစ်ခန့်က စတင်တည်ဆောက်ခဲ့ပြီး စတီးဘရားသား ကုမ္ပဏီက အသုံးပြုခဲ့သည့် အဆောက်အအုံ တစ်ခုဖြစ်သည်။ စတီးဘရားသားကုမ္ပဏီသည် ကိုလိုနီခေတ်မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ဆန်စပါးနှင့် သစ်ရောင်းဝယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး William Strang Steel က စတင်တည်ထောင်ခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ရန်ကုန် မြေသို့ခြေချခဲ့သော Steel သည် ၁၈၇၀ တွင် ကွယ်လွန်ခဲ့သည့် နာမည်ကျော်အိန္ဒိယကုန် သည်ကြီး Nanabhoy Burjorjee ၏ ပုဇွန်တောင်ချောင်းအနီးရှိ ဆန်စက်နှင့် သစ်စက်များကို ဝယ်ယူကာ W. Strang Steel & Co အဖြစ် ၁၈၇၀ ပြည့်နှစ်တွင် တည်ထောင် ခဲ့ပြီးနောက်ပိုင်း Steel Brothers & Co အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။


သစ်ထုတ်လုပ်ရေး၊ ရေနံထုတ်လုပ်ရေး၊ ဝါဂွမ်းနှင့်ချည်မျှင်၊ ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်း၊ ခဲချော်နှင့် တွင်းထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ဆန်စပါး ရောင်းဝယ်ရေးတွင်မူ ပြိုင်ဘက်ကင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဆိုရှယ်လစ်ခေတ်အစတွင် စတီးဘရားသား ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားသည်။

 

မြန်မာ့အလင်း