မကွေးမြို့တွင် သက်ကြီးဘိုးဘွားများ အပူဒဏ်ကာကွယ်နိုင်ရေး အပူရှောင်စခန်းဖွင့်လှစ်ထားရှိ

မကွေး မေ ၆  

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ မကွေးတက္ကသိုလ်ရှိ ယင်းမာဆောင်တွင် သက်ကြီးဘိုးဘွားများ အပူဒဏ်ကာကွယ်နိုင်ရေး အပူရှောင်စခန်းကို မေ ၂ ရက်မှ စတင်ကာ ဖွင့်လှစ်ပေးလျက်ရှိသည်။

အဆိုပါအပူရှောင်စခန်းကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ သက်ကြီးဘိုးဘွားများ အပူရှောင်စခန်းကို လာရောက်နိုင်ရေးအတွက် ကြို/ပို့ယဉ်များ စီစဉ်ဆောင်ရွက်ထားရှိပြီး နေ့လယ်စာနှင့် အခြား စားသောက်ဖွယ်ရာများကိုလည်း ဧည့်ခံကျွေးမွေးလျက်ရှိသည့်အပြင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စာပေလေ့လာဖတ်ရှုနိုင်ရေး နေ့စဉ်ထုတ်သတင်းစာများနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ထားရှိပေးခြင်းနှင့် တရားဘာဝနာပွားများနိုင်ရေး ဆရာတော်ဘုရားကြီးများ၏ တရားတော်များအား LED ဘုတ်တွင် ဖွင့်လှစ်ပြသခြင်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မကွေးတက္ကသိုလ်(ယင်းမာဆောင်)ရှိ အပူရှောင်စခန်းတွင် သက်ကြီးဘိုးဘွား ၂၀၀ ခန့် လာရောက်နားနေနိုင်ပြီး မကွေးတိုင်းဒေသကြီးတွင် ပြည်သူများ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် ချောက်ခရိုင်များတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)