မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ ဆေးကုသမှုခံယူကြသည့် လူနာများအား သွားရောက်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပခုက္ကူ ဒီဇင်ဘာ ၂၀

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကိုတို့သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် အဖွဲ့များနှင့်အတူ  ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲက ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆေးရုံကြီးအတွင်း တည်ဆောက်ထားရှိသည့် အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ်ထုတ်လုပ်ပေးနိုင်မှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး အရေးပေါ်လူနာကုသဆောင်များ၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ သီးသန့်ကုသဆောင်၊ ကျောက်ကပ်တုသွေးသန့်စင်ခန်း၊ ခွဲစိတ်ကုသဆောင်နှင့် CCTV တပ်ဆင်ဆောင်ရွက်ထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လိုက်လံရှင်းလင်းပြသသည်။

 

ထို့နောက် ပခုက္ကူမြို့၊ လေယာဉ်ကွင်းဟောင်းရှိ အစိုးနည်းပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာအတွက် လေးခန်းတွဲလေးထပ် သံကူကွန်ကရစ် အဆောက်အဦ တည်ဆောက်နေမှု၊ ပခုက္ကူတက္ကသိုလ်တွင် (၁၆၀)ဆံ့ ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင်အဆောက်အဦ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုနှင့် ကျွန်းရွှေဝါခန်းမဆောင် ပြန်လည်မွမ်းမံ တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လုပ်ငန်းအသေးစိတ် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်များ၊ အဆိုပါ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ရုံးဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ရန်ကျန်ရှိသည့်  ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာ တိုက်နယ်မှူးများအား ပန်းခင်းစီမံချက် လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)