မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော် မကွေးဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

မကွေး  ဇူလိုင် ၁၀

 

မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစိုး၊ ခရိုင်နှင့်မြို့နယ် တရားသူကြီးများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက မကွေးဗဟိုအကျဉ်းထောင်အား သွာရောက်စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က အကျဉ်းသူ၊ အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှင်းပမ်းနှိပ်စက်မှုများ ရှိ/မရှိ၊ သောက်သုံးရေသန့်ရှင်းစင်ကြယ်မှု ရှိ/မရှိနှင့် အစားအသောက်အာဟာရ သင့်တင့်မျှတကောင်းမွန်စွာ ကျွေးမွေးမှု ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု သန့်ရှင်းမှု ရှိ/မရှိ၊ အဆောင်များ သန့်ရှင်းသပ်ရပ်မှုနှင့် လေဝင်လေထွက် ကောင်းမွန်မှု ရှိ/မရှိ၊ အမျိုးသမီး အကျဉ်းသူ အချုပ်သားများအား အကာအရံလုံခြုံစွာဖြင့် အမျိုးသမီးအဖော်များဖြင့် စောင့်ရှောက်မှု ရှိ/မရှိ၊ စစ်ဆေးဆဲအမှုများမှ ကြန့်ကြာသည့် အချုပ်တရားခံများ ရှိ/မရှိ၊ လူ့အခွင့်အရေးများ ချိုးဖောက်မှု ရှိ/မရှိတို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ မကွေးဗဟိုအကျဉ်းထောင်အတွင်း၌ အပြစ်ကျအကျဉ်းသား အမျိုးသား (၁၉၁၅)ဦး၊ အမျိုးသမီး (၂၆၈)ဦး စုစုပေါင်း (၂၁၈၃)ဦးရှိပြီး တရားရုံးစစ်ဆေးဆဲ အချုပ်သား အမျိုးသား (၇၅ )ဦး၊ အမျိုးသမီး (၁၇)ဦး စုစုပေါင်း (၉၂)ဦးရှိကြောင်း သိရသည်။

 

အောင်ကို(ဖန်ခါးမြေ)