မကွေးတိုင်းဒေသကြီးမှ U-12 အမျိုးသားဘောလုံးအသင်းကို မကွေးမြို့ အထက(၄) ကျောင်းခန်းမတွင် ဂုဏ်ပြုပွဲကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၁၈ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၂)အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ U-12 အမျိုးသား ဘောလုံးအသင်းက ဗိုလ်လုပွဲကိုတက်ခဲ့ပြီး ပထမဆု သို့မဟုတ် ဒုတိယဆု ရရှိခဲ့ပါက မကွေးမြို့ အ.ထ.က.(၄) ကျောင်းခန်းမတွင် ဂုဏ်ပြုပွဲ ကျင်းပပေးသွားမည်ဖြစ်သည်ဟု မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (ကာယ၊ ကျန်းမာ၊ စာကြည့်တိုက်) ဦးဝင်းဖေက ပြောသည်။

 

MFF U-12 Boys’ States & Regions Tournament  2018 တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ- 12 အမျိုးသား ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များကို  ဒီဇင်ဘာ ၁၂ ရက်တွင်  ရန်ကုန်မြို့  အမျိုးသားဘောလုံး အကယ်ဒမီမြက်ခင်းတုကွင်း၌ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ကစားရားတွင် မကွေးတိုင်းအသင်းက သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး U-12 အမျိုးသားဘောလုံးအသင်းတွင် အုပ်ချုပ်သူများနှင့် တောင်တွင်းမှ သုံးဦး၊ ဂန့်ဂေါမှလေးဦး၊ ရေနံချောင်း၊ မင်းလှ၊ ပွင့်ဖြူ၊ ပေါက်နှင့်မြို့သစ်တို့မှ တစ်ဦးစီပါဝင်ပြီး မင်းဘူးနှင့် အောင်လံ မြို့နယ်တို့မှ နှစ်ဦးစီ ပါဝင်ကစားကြသည်။ ၎င်းကစားသမားများကို မကွေးတိုင်း ၂၅ မြို့နယ် ကျောင်းများမှ တစ်မြို့လျှင် လေးဦးနှုန်းရွေးချယ်၍ ၁၀ဝ ခန့်ထဲမှ မကွေးခရိုင် အားကစားကွင်း၌ နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက် တွင် ဘောလုံးလူရွေးချယ်ခြင်းကို အခြေခံပညာဦးစီးဌာနမှ တိုင်း၊ ခရိုင်၊ မြို့နယ်များက ဦးစီးအရာရှိ (ကာယ) များ၊ အထက်တန်းပြ (ကာယ) ဆရာများနှင့် ကော်မတီဖွဲ့စည်းပြီး ရွေးချယ်ခဲ့သည်ဟု ဦးဝင်းဖေက ပြောသည်။

 

" အခုလို သက်တမ်းအလိုက် လက်ရွေးစင်ဘောလုံးသမားတွေကို အခြေခံပညာကျောင်းများမှစပြီး နှစ်စဉ် ပုံမှန် ထောက်ပံ့ပေးနိုင်ပါက အရည်အချင်း ပြည့်ဝတဲ့ ရွက်ပုန်းသီးကလေးတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဘဏ္ဍာငွေ ထောက်ပံ့တာကို ပညာရေးဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖြစ်စေ၊ ပညာရေးဝန်ကြီးဌာနကဖြစ်စေ သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများကို နှစ်စဉ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် ပြိုင်ပွဲများကျင်းပပေးနိုင်အောင် ရန်ပုံငွေထောက်ပံ့ပေးရင် မြန်မာ့ဘောလုံးလောက ပိုမိုအဆင့်အတန်းမြင့်လာနိုင်တယ်လို့ ပြောချင်ပါတယ်။" ဟု  ဦးဝင်းဖေက ပြောသည်။

 

ဇွဲထက်ရှင်