မလှိုင်မြို့တွင် နေကြာဈေးနှုန်း ကောင်းမွန်သော်လည်း ရှဉ့်နှင့် မြေကြွက်တို့ ဖျက်ဆီးမှုကြောင့် အထွက်နှုန်းကျဆင်းနေ 

မလှိုင် ၉ ဇန်နဝါရီ 


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့ နေကြာစိုက်တောင်သူများ ဈေးနှုန်းကောင်းမွန်၍ အဆင်ပြေသော်လည်း ရှဉ့်နှင့် မြေကြွက်တို့ ဖျက်ဆီးမှုများကြောင့် နေကြာအထွက်နှုန်း ကျဆင်းနေလျက်ရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။

 

IMG_20190108_153719


"နေကြာတစ်ပြည်ကို ၁၃၀၀ ကျပ်နှင့် ဝယ်ယူစိုက်ပျိုးခဲ့ရပြီး ယခုစပေါ်ချိန်ဈေးနှုန်းက တစ်ပြည် ၈၀၀ ကျပ် ၉၀၀ ကျပ်ရောင်းချနေရပါတယ်။ စပါးရိတ်ပြီးစိုက်တဲ့ နေကြာနဲ့ (ဒေသအခေါ် စပါးရိုးပြတ်အချိန်) တပေါင်းလမှာ စိုက်တဲ့ နေကြာဆိုပြီး တစ်နှစ် နှစ်သီးစားရတဲ့ နေကြာက တောင်သူသက်သာတဲ့ သီးနှံဖြစ်ပြီးတော့ နေကြာတစ်ပြည် အထွက်ကောင်းရင် လေးတင်းအထိ ထွက်ပါတယ်။ နေကြာက ဈေးလေးကောင်းလာတော့ စိုက်ပျိုးသူတွေ အဆင်ပြေတယ်။ နေကြာက တော်သလင်းမှာ စိုက်ပျိုးရင်  သေချာပေါက် ဖြစ်ထွန်းတဲ့ သီးနှံဖြစ်ပြီး စိုက်ပြီးအပင်ပေါက် လက်လေးသစ်ခန့်အရွာ တစ်မိုးရရင်တောင် အဆင်ပြေပြီး ကျန်အချိန်မှာ နှင်းနဲ့တောင် ဖြစ်ထွန်းတဲ့သီးနှံဖြစ်ပါတယ်။ ဒီနှစ်မှာ ဈေးကောင်းလည်း ရတယ် ဒါပေမယ့် အထွက်နည်းတယ်။ အဓိက ပြသနာက ရှဉ့်နဲ့ လယ်ကြွက်ဖျက်ဆီးမှုတွေ ကြုံနေရတယ်။ လယ်ထဲမှာ မြေကြွက်အတွက် ဆေးချပေမယ့် မနိုင်အောင်ဖြစ်နေတယ်" ဟု မလှိုင်မြို့နယ် ဒဟက်ကျေးရွာမှ နေကြာစိုက်တောင်သူ ဦးအောင်ဝင်းမှ ပြောသည်။


မလှိုင်မြို့တွင် ယခုနှစ်၌ တစ်မြို့နယ်လုံး၌  နေကြာစိုက်ဧက(မိုး)တွင် ၉၃၀ ရှိပြီး ဆောင်းစိုက်ဧက ၁၉၀၃ ဧကရှိကြောင်း သိရသည်။


ဘိုဘို(မလှိုင်)