မင်းဘူးမြို့ ကလေးစာပေပွဲတော်၌ တိုင်းရင်းသားရိုးရာ ဝါးညှပ်အက နှစ်သက်သူများပြား

မင်းဘူး ၂၆ သြဂုတ်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မင်းဘူးခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်ကို မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ် ၂၅ ရက်မှစ၍ ကဏ္ဍစုံလင်စွာဖြင့် ကျင်းပလျက်ရှိရာ ပွဲတော်လာသူများက တိုင်းရင်းသားရိုးရာ ဝါးညှပ်အကကို နှစ်သက်သဘောကျသူ များပြားလျက်ရှိကြောင်း သိရသည်။

 

 

ယနေ့ ဖျော်ဖြေရေးအစီအစဉ်တွင် ငဖဲမြို့နယ် နတ်ရေကန်တောင်တန်းဒေသမှ အရှိုချင်းရိုးရာ ဝါးညှပ်အကဖြင့် တင်ဆက်ကပြဖျော်ဖြေရာ လာရောက်သည့်ပရိတ်သတ်မှ နှက်သစ်သဘောကျ လျက်ရှိသည်။ ဝါးညှပ်အကကို အရပ်လေးဘက်မှ လူ(၂)ဦးစီက စည်းချက်ညီညီ ရိုက်ချလိုက်သော ဝါးကွက်ထဲတွင် ရိုးရာအကအဖွဲ့မှ ဝင်ရောက်ကပြရသော အကဖြစ်သည်။ 

 

 

“ယခုလိုအကကို ကျွန်မတို့ဒေသမှာ တွေ့ရခဲပြီး စည်းချက်ညီညီနဲ့ အင်မတန်ကြည့်ကောင်းတဲ့အတွက် ကလေးရောလူကြီးများပါ နှစ်သက်သဘောကျပါတယ်၊ အခုလိုပွဲမျိုး စီစဉ်ပေးတဲ့တာဝန်ရှိ ပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိပါကြောင်း” ပွဲတော်လာဒေသခံတစ်ဦီးမှ ပြောကြားသည်။

 

 

အဆိုပါပွဲတော်ကို ကလေးသူငယ်များ စာအုပ်စာပေ၌ နှစ်သစ်မွေ့လျော်ကာ ရာသက်ပန်စာပေရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်ကူညီတတ်သည့် အလေ့ကောင်းများ ရရှိစေရန်နှင့် ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်ဦးဆောင် ဦးရွက်ပြုသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် စာအုပ်အရောင်းဆိုင်များ၊ သင်ထောက်ကူပြု ပစ္စည်းအရောင်းဆင်ဆိုင်များ၊ ကလေးများအတွက် ပျော်ရွှင်ဖွယ် အားကစားပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ကစားနည်း ပြိုင်ပွဲ၊ အရုပ်ဆက်၊ စကားပုံဆက်ပြိုင်ပွဲ၊ မူကြိုတန်း ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများနှင့် ယဉ်ကျေးမှုအနုပညာနှင့် ဒေသဆိုင်ရာပြခန်း၊ နတ်ရေကန် တောင်တန်းဒေသအရှို ချင်းရိုးရာ အသုံးဆောင်ပစ္စည်းများပြခန်း၊ ကလေးသူငယ် အခွင့်ရေးဆိုင်ရာပြခန်း၊ စွမ်းအားမြှင့် အေဝမ်းမီးဖိုထုတ်လုပ်ရေးပြခန်းများအပြင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စုံလင်စွာကျင်းပလျက်ရှိသည်။

 

စိုးမိုးသူ(ပြန်/ဆက်)