မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး

မင်းဘူး   ၂၁  မေ    

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းတောင်း ကျေးရွာ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

310

 

ပန်းတောင်းကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေကျပ် ၁၆ ဒသမ ၁ သန်း ဖြင့် အနက် ၁၅ ပေ ၊ အကျယ် ၆ ပေရှိ လက်တူးတွင်းကျယ် တူးဖော်ခြင်း၊ အလျား ၁၅ ပေ ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိ ရေဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် နှစ်ကန်တည်ဆောက်ခြင်း ၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် အရှည်ပေ ၄၅၀ဝ ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် အတွက် အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၈၀ အိမ်မှ လူဦးရေ ၁၁၀ဝ ဦးတို့၏ သောက်သုံးရေဖူလုံစွာ သုံးစွဲ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ကျွန်တော်တို့ ဌာနအနေဖြင့် မင်းဘူးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပန်းတောင်း ကျေးရွာအပါအဝင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ဖို့အတွက် ကျေးရွာ ၇ ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနဲ့ ဆက်စပ်လုပ်ငန်း ငါးခု၊ မြေသားရေကန်တူးဖော်ခြင်း အခြားရေ ရရှိရေးလုပ်ငန်း ၁ ခု စုစုပေါင်းလုပ်ငန်း ၇ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၁၃၆ ဒသမ ၂ သန်း ဖြင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီနှင့် ဌာနက အင်ဂျင်နီယာများစုဖွဲ့မှုဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်ဟု မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က ပြောပြ၍ သိရသည်။

 

 

သူရိန်(မင်းဘူး)