မင်းဘူးမြို့နယ်ရှိ ကျေးရွာခုနစ်ရွာ၌ ရန်ပုံငွေကျပ် ၁၈၂ ဒသမ ၅၉၉၅ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး ၉ ဖေဖော်ဝါရီ 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရန်၊ သောက်သုံးရေလုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ် လမ်းတံတားလုပ်ငန်းနှင့် ရေရရှိရေးလုပ်ငန်းတို့အား ဆောက်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းထံမှ သိရသည်။

မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာပေါင်း ခုနစ်ရွာတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၀၅ ဒသမ ၀၉၂ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ၂ လမ်း၊ Box Culvert ၁ စင်း၊ ကွန်ကရစ်တံတား ၁ စင်း၊ ရေပြွန် ၁၂ စင်းအားလည်းကောင်း၊  ရေရရှိရေးလုပ်ငန်းများအနေဖြင့် ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၅၀၇၅ သန်းဖြင့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ၅ ခု၊ ၂၄၀၀ ဂါလန်ဆံ့ စင်မြင့်ရေစင် ၁ စင်၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် ၄ ကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ၅ ခုတို့အား တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်အချိန်အတွင်း လုပ်ငန်းပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ခုနစ်ရွာတွင် နွေရာသီကာလ သောက်သုံးရေးရှားပါးမှု ကင်းဝေးစေရန်၊ သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်ရေးနှင့် ကျေးလက်ကုန်ထုတ် လမ်းတံတားများအား ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာမှ ထွက်ကုန်သီးနှံများအား စျေးကွက်သို့ အချိန်ကုန် သက်သာစွာဖြင့် သယ်ယူပို့ဆောင်မှု လျင်မြန်လာနိုင်စေရန်အတွက် ရည်ရွယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သူရိန်(မင်းဘူး)